Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ဘီလူးစစ်ကြောင်းမှူးအား ဖမ်းဆီးခြင်း

တော်လှန်ရေးအဖွဲ့များ အလိုချင်ဆုံး စစ်ရာဇဝတ်​သားကောင်းများစွာထဲမှ တစ်ဦးကို ပြီးခဲ့သည့် သြဂုတ် ၁၄ရက်က ​တော်လှန်​ရေးတပ်များက အရှင်ဖမ်းမိခဲ့ပါသည်။

ဘီလူးစစ်​ကြောင်းက နံရံတွင်စာ​ရေး၍ ခြိမ်း​ခြောက်ခဲ့မှု

ဒီးဒီ၊ အင်ကြင်း/People’s Spring

တော်လှန်ရေးအဖွဲ့များ အလိုချင်ဆုံး စစ်ရာဇဝတ်​သားကောင်းများစွာထဲမှ တစ်ဦးကို ပြီးခဲ့သည့် သြဂုတ် ၁၄ရက်က ​တော်လှန်​ရေးတပ်များက အရှင်ဖမ်းမိခဲ့ပါသည်။

“သူတို့ကိုဖမ်းမိတာတော့ မှန်တယ်။ ဘီလူးစစ်ကြောင်းမှူးပေါ့”ဟု ပြည်သူ့လွတ်မြောက်ရေတပ်မတော်(PLA) ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာလုစစ်​ကောင်စီ၏ အစီအစဉ်တစ်ခုအဖြစ်​ပြည်သူလူထုကို ​ကြောက်စိတ်သွင်းရန် ၂၀၂၃ခုနှစ်က စစ်ကိုင်းတိုင်းအတွင်း နယ်လှည့်ပြီး ပြည်သူများကို အစုလိုက်၊ အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်​ခဲ့သောဘီလူးစစ်​ကြောင်းကိုဖန်တီးခဲ့သည်။ယခုအခါ ​တော်လှန်​ရေးတပ်များက ဘီလူးစစ်ကြောင်းမှ စစ်​ကြောင်းမှူးဟုဆို​သူကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းကို ဂျက်ဖိုက်တာဟု ခေါ်ဝေါ်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ တပ်မ(၉၉)မှဖြစ်သည်ဟု သိရသည်။ သို့သော် ၎င်း၏ ရာထူးအဆင့်နှင့် အခြားအသေးစိတ်အချက်အလက်များကိုမူ လက်တလောတွင် စစ်ဆေးမေးမြန်းနေဆဲဟု PLA၏ ပြောခွင့်ရက ​ပြောသည်။

သြဂုတ် ၁၄ရက်က မန္တလေးတိုင်း၊ မိုးကုတ်နှင့် သပိတ်ကျင်းမြို့နယ်ကြားတွင် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းမှူး ဂျက်ဖိုက်တာအပါအဝင် ငါးဦးကို ပြည်သူ့လွတ်မြောက်ရေတပ်မတော်(PLA)၏ ရဲဘော်များက အရှင်ဖမ်းဆီးနိုင်ခဲ့သည်။

မိုးကုတ်မြို့သိမ်းတိုက်ပွဲများဖြစ်စဥ်က ဘီလူးစစ်ကြောင်းမှအဖွဲ့သားများ မိုးကုတ်မြို့သို့ တက်လာသည်ဟု ​တော်လှန်​ရေးအဖွဲ့များက သတင်းစရခဲ့သည်ဟုဆိုသည်။ဘီလူးစစ်ကြောင်းမှာ သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ်လမ်းပိုင်းရှိ စစ်ကောင်စီ၏ ခလရ(၁၄၈)တပ်ရင်းအတွင်း ပုန်းခိုနေသည်ဟု သုံးသပ် ရကြောင်း PLAက ပြောသည်။

“မိုးကုတ်ဘက်တွေမှာ တခြားရွာတွေမှာ ဝင်တာမွှေတာတွေ သတင်းတွေရထားတာရှိတယ်။ အဲဘက်တကြောပဲ သွားလာလှုပ်ရှားနေတယ်ဆိုတော့ ကျွန်မတို့ရဲဘော်တွေက အဲဘက်လမ်းတကြောမှာ ပိတ်ဆို့ထားတာကြာပြီ”ဟု PLAက ပြောသည်။

ဩဂုတ် ၉ ရက်တွင် တော်လှန်ရေးအဖွဲ့က ခလရ(၁၄၈)တပ်ရင်းအား သိမ်းပိုက်ပြီး သပိတ်ကျင်းနှင့် မိုးကုတ်မြို့နယ်တကြောကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ဖြတ်တောက်ထားခဲ့သည်။ ထို့သို့ ပိတ်ဆို့ဖြတ်တောက်ထားမှုကြောင့် ဘီလူးစစ်ကြောင်း ဂျက်ဖိုက်တာအပါအဝင် ငါးဦးမှာ သြဂုတ် ၁၄ရက်တွင် ရိက္ခာရှာထွက်လာရာ PLA ရဲဘော်များနှင့် ထိပ်တိုက်​တွေ့ပြီး ဖမ်းဆီးခံရခြင်းဖြစ်​ကြောင်း PLA၏ ပြောခွင့်ရက ရှင်းပြသည်။

ဘီလူးစစ်ကြောင်း သတ်ဖြတ်ခဲ့သော တာတိုင်ရွာမှပြည်သူအချို့၏ ရုပ်အ​လောင်းများ

“ဘီလူးစစ်ကြောင်းကလူတွေက ပထမတုန်းကတော့ မိုးကုတ်ဘက်တွေထိ တက်သွားတယ်လို့ သတင်း ကြားတယ်။ အဲဒီမှာတိုက်ပွဲဖြစ်တော့ သူတို့ပြန်ဆုတ်လာတော့ဒီဘက်က ကျွန်မတို့တပ်တွေကလည်း ပိတ်ထားတော့ သူတို့ကြားထဲမှာ ညပ်နေတယ်။ သူတို့ရိက္ခာတွေဘာတွေ ပြတ်လပ်လာပြီးတဲ့နောက်မှာ ရိက္ခာတွေဘာတွေ ထွက်ရှာထွက်ဝယ်ကြရင်းနဲ့ ကျွန်မတို့ရဲဘော်တွေနဲ့တွေ့ပြီးတော့ ဖမ်းမိသွားတဲ့သဘောပေါ့”ဟု PLA၏ ပြောခွင့်ရက ပြောသည်။

ထို​ကြောင့် နာမည်ဆိုးဖြင့်​ကျော်ကြားသူများမှာ​တော်လှန်​ရေးအဖွဲ့များ၏ ဖြတ်​တောက်ပိတ်ဆို့မှုတွင် အစာငတ်၍ ထွက်လာချိန်၌ ​ရဲ​ဘော်များကအခက်အခဲမရှိဘဲ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ဘီလူးစစ်ကြောင်း သတ်ဖြတ်ခဲ့သော တာတိုင်ရွာမှပြည်သူအချို့၏ ရုပ်အ​လောင်းများ

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် စစ်​ကြောင်းဟုဆို​သော်လည်း လူဆိုး၊လူမိုက်များဖြင့် ဖွဲ့စည်းထားသော စစ်ကြောင်းဟု PLAက မှတ်ချက်ပေးသည်။

“သူတို့စစ်ကြောင်းကတော့ များသောအားဖြင့် ဒီမူးယစ်ဆေးဝါးစွဲတဲ့လူတွေ၊ ရာဇဝတ်သားတွေ အဲလိုမျိုးပေါ့။ လေလွင့်ပျက်စီးနေတဲ့ရပ်ကွက်ထဲက လူမိုက်ဘာညာ အဲလိုလူမျိုးတွေနဲ့ စုဖွဲ့ထားတာပေါ့။ အဲဒါကြောင့် သူတို့ရပ်ရွာတွေထဲရောက်ရင် ထင်တိုင်းတွေကြဲတာတွေ လုပ်တာရှိတယ်”ဟု PLAက ပြောသည်။

ဘီလူးစစ်ကြောင်းသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က အရာတော်မြို့နယ်၊ မလဲသာကျေးရွာသို့ ရဟတ်ယာဥ်နှစ်စီးဖြင့် အင်အား ၇၀ခန့်ရောက်ရှိလာပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးခဲ့သည်။

နောက်တစ်ရက် ဖေဖော်ဝါရီ ၂၅ရက်တွင် မြင်းမူမြို့နယ်မြောက်ပိုင်းရှိ ပဒတ္တိုင်းရွာကို စီးနင်းစဉ် မိုင်းဆွဲတိုက်ခိုက်ရန် ကြိုးပမ်းသည့် ကိုမော်ကွန်းဆိုသူ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကိုလည်း အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၂၆ရက်တွင် ကန်တော်ရွာ ဆက်လက်စီးနင်းစဉ် ကာကွယ်ရေးအဖွဲ့ဝင် လေးဦးကို ထပ်မံခေါင်းဖြတ်သတ်ခဲ့ကြသည်။ သတ်ဖြတ်ခံရသူများမှာ (၁၅)နှစ်အရွယ် ကိုလမင်းစိန် (ခ) ဖိုးစိန်၊ (၁၇)နှစ်အရွယ် ဖိုးကဲ၊ အသက် (၁၉)နှစ်အရွယ်များဖြစ်သည့် ကိုမျိုးဇင်နှင့် ကိုဇော်မျိုးသန့်တို့ ဖြစ်သည်။

အရာတော်မှတဆင့် စစ်ကိုင်းနှင့် မြင်းမူနယ်ရှိ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်း ဝင်ရောက်စီးနင်းပြီး မြင်းမူမြို့နယ် ပဒတ္ထိုင်း၊ ညောင်ပင်ရွာ၊ ကန်တော်၊ ကန်ပြားရွာ၊ ညောင်းရင်းရွာတို့မှ ဒေသခံ ပြည်သူ ၂၃ ဦးနှင့် ကာကွယ်ရေးအဖွဲ့ဝင်၅ ဦးကို သတ်ဖြတ်ခဲ့သည်။ သတ်ဖြတ်ခံရသူများအနက် အချို့မှာ ဦးခေါင်း၊ ခြေ၊ လက်နှင့် အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်ခံခဲ့ရသည်။

၂၀၂၃ မတ်လ ၁၇ကကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘောအစည်းအဝေးတွင် တာတိုင်ရွာသတ်ဖြတ်ခံရမှုအကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြနေစဉ်

၂၀၂၃ မတ်လ ၁ရက်က စစ်ကိုင်းမြို့နယ် တာတိုင်ရွာတွင် ဒေသခံပြည်သူ ၁၇ဦးအား သတ်ဖြတ်မှုမှာ နိုင်ငံတကာမီဒီယာများမှာပင် ​ဖော်ပြခဲ့သောဘီလူးစစ်ကြောင်း၏ ထင်ရှား​သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်သည်။

တာတိုင်ရွာတွင် သတ်ဖြတ်ခံရသူ ၁၇ ဦးအနက် သုံးဦးမှာ အမျိုးသမီးများဖြစ်ကြပြီး ကျန်လူများမှာ အမျိုးသားများ ဖြစ်သည်။ အသက်အငယ်ဆုံးမှာ (၁၇)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၊ အသက်ကြီးဆုံးအမျိုးသားမှာ (၆၇)နှစ်အရွယ်ဖြစ်သည်။ဘီလူးစစ်ကြောင်းမှူးဆိုသူက ၎င်းတို့စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းဟု တာတိုင်ရွာသားများအား စတင်ပြောဆိုမိတ်ဆက်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် စစ်ကြောင်းထိုးကာ ကျေးရွာများ မီးရှို့ပြီးနောက် ဘီလူးစစ်ကြောင်းဟု စာရေးသားခဲ့သည်။

ထို့အပြင် ၂၀၂၃ မတ်လ ၅ ရက်က မြင်းမူမြို့နယ် လက္ကပင်ကျေးရွာတွင်ကျူးလွန်ခဲ့သည့် ဒေသခံရွာသား ၁၀ ဦးအား အစုလိုက်အပြုလိုက် သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်၊ ၂၀၂၃ ဩဂုတ်အတွင်း ဝက်လက်မြို့နယ်တွင် အရပ်သားပြည်သူ ခြောက်ဦး လည်လှီးအသတ်ခံရသည့် ဖြစ်ရပ်များလည်း ကျူးလွန်ခဲ့သေးသည်။

၂၀၂၃ မတ်လ ၃၀ရက်တွင် မြောင်မြို့နယ်၌ စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် (၁)၏ ဒုတိယတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းအား ဘီလူးစစ်ကြောင်းက ခေါင်းဖြတ်သတ်ပြီး ပုခုံးပေါ်တင်သယ်သွားသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သေးသည်။

ဘီလူးစစ်ကြောင်းသည် စစ်ကောင်စီ၏တပ်ရင်းများမှ ထုတ်နှုတ်အင်အားတစ်ခုဖြစ်ပြီး မည်သည့်စစ်ကြောင်းနှင့်မျှ ပူးပေါင်းလေ့မရှိကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)မှ ကိုနွေဦး(မြောင်)က ပြောသည်။

“သူတို့ရောက်တဲ့နေရာတွေမှာ ဘယ်စစ်ကြောင်းနဲ့မှ ပူးပေါင်းသွားတာမရှိဘူး။ သူတို့စစ်ကြောင်းတစ်ခုပဲ လှုပ်ရှားတယ်။ ဘယ်စခန်းကိုမှ ဝင်တောင်းတာလည်း မရှိဘူး။ အကုန်လုံးကလည်း လူတွေမဟုတ်တဲ့ အတိုင်းပဲ။ သတ်မယ်ဖြတ်မယ် ကျန်တာ ဘာမှမရှိတဲ့အနေအထားမှာ တွေ့ရတယ်။ ကြမ်းတမ်းပြီး လူမဆန်တဲ့ စစ်ကြောင်းတစ်ခုပဲ”ဟု ကိုနွေဦး(မြောင်)က ပြောသည်။

မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးက “ဘီလူးစစ်ကြောင်းနဲ့ပတ်သတ်လို့ကတော့ ဒီစစ်ကြောင်းမှူးက ကျွန်တော်တို့ဒီဘက်မှာ လာတုန်းကတော့ ကျွန်တော်တို့ဖြုတ်လိုက်တာဗျ။ နန်းထိုက်အောင်တဲ့။ ဒါနောက်စစ်ကြောင်းမှူးဗျ။ ဘာပဲဖြစ်ဖြစ်ဒီကောင်တွေက အစွမ်းကုန်ရက်စက်တယ်။ ပြည်သူ့အပေါ်မှာ လူသားတစ်ဦးလိုမဆက်ဆံဘဲနဲ့ စစ်ဥပဒေတွေကို ချိုးဖောက်တယ်။လူသားမဆန်မှုတွေအများကြီး လုပ်တယ်။ ဒီစစ်ကြောင်းမှူးတွေက။ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်တာတွေ၊ အပြစ်မဲ့ကလေးတွေ ပြည်သူတွေသတ်ဖြတ်တာမျိုးတွေ အများကြီးဖြစ်ခဲ့တယ်”ဟု​ပြောသည်။

ထိုအပြင် ဘီလူးစစ်​ကြောင်းမှာ တိုက်ပွဲတွင် ဖမ်းမိ​သော PDF အချို့ကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်​ခဲ့​ကြောင်းသိရသည်။

ဘီလူးစစ်ကြောင်းသည် ပြီးခဲ့သည့် တစ်နှစ်ခွဲအတွင်း စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုး ရက်စက်​သောနည်းဖြင့် လူသတ်၊ မုဒိန်းကျင့်၊ မီးရှို့ စ​​သော စစ်ရာဇဝတ်မှုများ​တောထ​အောင်ကျူးလွန်ခဲ့ပြီး ၂၀၂၄တွင် မန္တလေးတိုင်းအတွင်း ရောက်ရှိလာခြင်း ဖြစ်သည်။

မန္တလေးတိုင်းအတွင်း မိုးကုတ်မြို့သိမ်းတိုက်ပွဲနှင့် မတ္တရာ၊ သပိတ်ကျင်းမြို့နယ်တို့လည်း တော်လှန်ရေးတပ်ဖွဲ့များ က စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်ပြီး ပိတ်ဆို့ဖြတ်တောက်ထားရာမှ ဘီလူးစစ်ကြောင်းမှာ ခြေချစရာမရှိတော့ဘဲ နောက်ဆုံးတွင် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

လက်တလောတွင် ဘီလူးစစ်ကြောင်းမှူးအား စစ်ဆေးနေဆဲဖြစ်၍ အလုံးစုံမသိရသေးဟု PLA ၏ ပြောခွင့်ရက ပြောသည်။ “သူတို့က ၅ ယောက်ပဲကျန်တာလား ဘာလားတော့ အတိအကျမသိဘူး” ။

မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက “ဒီစစ်ကြောင်းမှူးကို သက်ဆိုင်ရာအပြစ်ကြီးကြီးမျိုးပေးရမှာပေါ့။ စစ်ဥပဒေနဲ့ပြင်းပြင်းထန်ထန်ပေးသင့်တယ်လို့သုံးသပ်ပါတယ်။”ဟုပြော​ပါသည်။ ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက)-၁၃ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိပြီး ယနေ့နံနက်တွင် အဆိုပါ တပ်ကိုသိမ်းပိုက်နိုင်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

သတင်း

သိန္နီ၊ လားရှိုးနှင့် မိုးမိတ် မြို့သိမ်းတိုက်ပွဲများဖြင့် ဗကပမွေးနေ့အခါသမယကို ဂုဏ်ပြုကြောင်း ဖော်ပြ

သတင်း

မိုးမိတ်မြို့သိမ်းတိုက်ပွဲအပြီး မြို့အတွင်းဝင်လာသော ရဲဘော်များကို မြို့ခံပြည်သူများက အောင်သပြေများနှင့် ကြိုဆိုအားပေးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က အသိပေးသည်။

သတင်း

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီ တပ်၏ မိုးမိတ်ဗျူဟာကုန်းကို TNLA ၊ PLA ၊ PDF ပူး​ပေါင်းတပ်များက ဇူလိုင် ၃၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ​​သောမှတ်တမ်းဓါတ်ပုံများကို PLA ကထုတ်ပြန်လိုက်သည်။