ဩဂုတ်-၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
ချင်းညီနောင်အဖွဲ့ဝင်နှင့်ချင်းပြည်ကောင်စီအဖွဲ့ဝင်ချင်းတော်လှန်ရေးတပ် ဖွဲ့အချို့အကြားဩဂုတ်လဆန်းပိုင်းအတွင်း တိုက်ပွဲအချို့ ဆက်ရှိနေသော်လည်း ပဋိပက္ခအဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးအဖြေရှာမည်ဖြစ်ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ပြောသည်။
ချင်းညီနောင်အဖွဲ့ဝင်မရာကာကွယ်ရေတပ်(MDF)နှင့် ချင်းအမျိုးသားတပ်မတော်(CNA) ပါဝင်သည့် ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်များအကြား သြဂုတ်လဆန်းပိုင်း၌ထန်တလန်မြို့နယ်အတွင်းတိုက်ပွဲ ဆက်ရှိနေသည်ဟုဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုအပေါ် အပြန်အလှန် စွပ်စွဲထားသည်။ MDFနှင့်အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်က ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီ ဘက်ကပြောဆိုမှုရှိသကဲ့သို့ CNA ဦးဆောင်သည့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဘက်က ထိုးစစ်ဆင်လာခြင်းဖြစ်ဟု ချင်းညီနောင်ဘက်က ပြောဆိုသည်။

Public Service Announcement
ချင်းအချင်းချင်းအကြား ပြဿနာများ ဆွေးနွေးဖြေရှင်းမှု ပြုလုပ်နိုင်ခြင်းရှိ၊ မရှိ ချင်းပြည်ကောင်စီ ဘက်သို့ မေးမြန်းရာ ပြုလုပ်နေဆဲဖြစ်ကြောင်း CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဩဂုတ် ၁ရက်တွင် ပြောထားသည်။
ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူဆလိုင်းယောမာန်ကလည်းဆွေးနွေးမှုများလုပ်ဆောင်ရန်လက်တွေ့ကျသည့်ခြေလှမ်းများလှမ်းရန်လိုအပ် ကြောင်းဩဂုတ် ၈ရက်တွင် ပြောသည်။
“ဘာပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးကြဖို့ နည်းလမ်းတော့ရှာရမှာပေါ့။ ဒါက ထားလို့မှ မရဘဲ။ နည်းလမ်းတခုခုရှာကြမယ်။ တနည်းမဟုတ်တနည်းနဲ့တော့ ပဋိပက္ခတွေ အဆုံး သတ်ရမှာပဲ။..။ဘယ်လိုဖြစ်လာမလဲဆိုတာက ၀ိုင်းဝန်းအလုပ်လုပ်ရမှာပေါ့။ ၀ိုင်းဝန်းကြိုးစားရမှာပေါ့” ဟု ဆလိုင်းယောမာန်က ပြောသည်။
ချင်းညီနောင်အဖွဲ့ဝင်ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)နှင့် ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDF ဟွားငိုးရမ် ၊ CNA တို့သည် ဇူလိုင်လအတွင်းကလည်း ဖလမ်းမြို့နယ်အတွင်း နယ်မြေဆိုင်ရာ နှင့်ပတ်သက်၍တိုက်ပွဲများ ဖြစ်ခဲ့သည်။
ချင်းအချင်းချင်းအကြား တိုက်ပွဲများ ပြဿနာများအဆုံးသတ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။
