ဩဂုတ်-၈၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင်ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီ တပ်အကြားတိုက်ပွဲများရက်ဆက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဩဂုတ် ၁ရက်တွင် စစ်ကောင်စီက စစ်သင်္ဘောများဖြင့် ဗန်းမော်မြို့ကို အင်အားခဲယမ်း ဖြည့်တင်းပြီးနောက် မြေပြင်ထိုးစစ်ဆင်မှုနှင့် လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှု ပြုလုပ်လာ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနေခြင်းဖြစ်ဟု သတင်းရင်းမြစ်အချို့က ပြောသည်။
“ဗန်းမော်ဘက်တော့ စခတွေနေ့တိုင်းထိုးစစ်ဆင်နေလို့ နေ့တိုင်းတိုက်ပွဲရက်ဆက်ဖြစ်တယ်။ တော်တော်လေးကို ပြင်းထန်တယ် နေ့တိုင်းပဲ။ အခုအချိန်ထိတော့ နဂိုရ်ကျနော်တို့သိမ်းထားတဲ့နေရာ အခုအချိန်ထိတောင့်ခံထားဆဲပဲ”ဟုကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း”ဗန်းမော်ကအခုတလောကတော့ စစ်သင်္ဘောတွေရောက်တဲ့နောက်ပိုင်းမှာ စစ်တပ်ဘက်က နည်းနည်းတော့ လှုပ်ရှားလာတယ်။ အဲဒါတွေနည်းနည်းမြင်ရတယ်လို့ပြောကြတယ်ရှေ့တန်းကလူတွေကပေါ့နော်။” ဟု ပြောသည်။
ဒရုန်းတိုက်ခိုက်မှု၊လေယာဉ်ဗုံးကြဲမှုများစစ်ကောင်စီက ပိုမိုပြုလုပ်လာကြောင်းလည်း ၎င်းက ဆိုသည်။
“လောလောဆယ်ကတော့ သူပစ်ကိုယ်ပစ်ပေါ့ လက်နက်ကြီးနဲ့။ အဲဒီလို ပစ်နေတယ်လို့တော့ သတင်းတော့ရပါတယ်”ဟုသတင်းရင်းမြစ်က ဩဂုတ် ၇ရက် တိုက်ပွဲအခြေအနေ မေးမြန်းမှုအပေါ် ဖြေကြားသည်။
ဗန်းမော်မြို့တိုက်ပွဲနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
KIA နှင့်မဟာမိတ်များသည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာက စတင်ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီ၏ ခလရ(၂၃၆)တပ်ရင်း၊ အမြောက်တပ် (၃၆၆)တပ်ရင်း၊ သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်း၊ဗန်းမော်လေယာဉ်ကွင်းအပါအဝင်စစ်ကောင်စီတပ်စွဲရာများစွာသိမ်းပိုက်ထားပြီး အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခလရ(၄၇) အပါအဝင် စစ်ကောင်စီတပ်ဌာနချုပ်နှင့် တပ်ရင်း၊တပ်စခန်းများကျန်နေသေးသည်။
KIA ပူးပေါင်းတပ်သည် ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သံချပ်ကာများ၊တင့်ကားများ တိုက်ခိုက်ဖျက်ဆီးသိမ်းပိုက်ထားနိုင်သကဲ့သို့ စစ်ကူလာပို့သည် စစ်ကောင်စီရဟတ်ယာဉ် ၂စီးကို လည်း ထိမှန်အောင်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။
ထို့ပြင် ဇူလိုင်လကုန်ပိုင်းတွင် ဗန်းမော်မြို့သို့ ရေကြောင်းမှ စစ်အင်အားလက်နက်ခဲယမ်းများ ဖြည့်တင်းရန်လာသည့်စစ်သင်္ဘောအုပ်စုကို ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြားတွင် KIAက တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောအုပ်စုမှ သင်္ဘော ၆စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ဟု သတင်းရင်းမြစ်တို့က ပြောသည်။
KIAနှင့် စစ်ကောင်စီတပ်တို့သည် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး ယမန်နေ့(ဩဂုတ်၇ရက်)တွင်လေကြောင်း တိုက်ခိုက်ခဲ့သည်။ ညပိုင်းအထိ ပစ်ခတ်မှုများ ဆက်ရှိနေသည်ဟု ဒေသခံ အချို့က အသိပေးထားသည်။
ထို့အပြင် ယမန်နေ့ညက ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ဆုတောင်းကုန်သို့ လက်နက်ကြီး ကျပေါက်ကွဲ၍ ပြည်သူ ထိခိုက်သေဆုံးရှိခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီ ဗျူဟာကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပြည်သူ တစ်ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရှိကြောင်း ကချင်ဒေသ သတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။
စစ်ကောင်စီက ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေ၍ မေလမှစ၍ KIAနှင့်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ငယ်များဖြင့် ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့်ကလေးငယ်များအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။
