သြဂုတ်-၁၉၊၂၀၂၅။တာရာ/People’s Spring
မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ခုနစ်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့(သြဂုတ် ၁၉ရက်) နံနက်က Y12 လေယာဥ်နဲ့ ရှလရွာနဲ့ ကျွန်းတောကျေးရွာတွေကို ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲခံရမှုကြောင့် ရှလရွာက ပြည်သူ လေးဦးသေဆုံးပြီး ကျွန်းတောရွာက ပြည်သူသုံးဦးသေဆုံးခဲ့တဲ့အပြင် ထိခိုက်ခဲ့သူတွေသုံးဦးထဲက တစ်ဦးကလည်း အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

Public Service Announcement
“ရွာတွေကို သက်သက်ကိုကြဲတာပါ။လောလောဆယ်သေတာကတော့ ခုနစ်ဦး”လို့ ဆိပ်ဖြူမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။
အခုရက်ပိုင်းထဲမှာပဲ ဆိပ်ဖြူမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ပေါက်မြို့နယ်ကိုလည်း စစ်ကောင်စီက လေ ကြောင်းက နေဗုံးကြဲလို့ သေဆုံးထိခိုက်တဲ့ ပြည်သူတွေရှိနေပါတယ်။
“ရေကုန်ရေကမ်းမိုက်ရိုင်းနေပြီ။ရက်စက်နေပြီ။ဘာဖြစ်ဖြစ်လုပ်တော့မှာဆိုတာမျိုးပေါ့”လို့ မကွေးအခြေစိုက်စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၀)၊(၂၁) နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ)တို့ရှိပါတယ်။
အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)က လေတပ်သုံးဗုံးတွေထုတ်ပြီး အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ−၂၂)မှာ လက်နက်တွေ ထုတ်နေတာလို့ သိရပါတယ်။
စစ်ကောင်စီဟာ သြဂုတ် ၁၇ ရက်ကလည်း ကရင်နီပြည်နယ် မော်ချီးဒေသ လိုခါးလိုကျေးရွာက ပြည်သူ့ ဆေးရုံနဲ့ (၁၆)ကုန်းရပ်ကွက်ကို လေကြောင်းမှ ဗုံးကြဲခဲ့ရာ ဒေသခံပြည်သူ ၃၂ ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိထားပါတယ်။
ဒါ့အပြင် ဩဂုတ် ၁၄ရက် ညပိုင်းကလည်း မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း လင်းရောင်ခြည် ဘုန်းကြီးကျောင်းကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁၆ ဦး အပါအဝင် သေဆုံးသူ ၂၁ဦး ရှိပြီး ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။












































