သြဂုတ်-၁၉၊ ၂၀၂၅။ ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ တောင်ငူခရိုင် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာရှိနေတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးအပါအဝင် စက်တပ်လေထီး(ပါရာမော်တာ)တွေနဲ့ ပစ်ခတ်ဗုံးကြဲတာတွေ နှစ်ရက်ဆက်လုပ်ဆောင်နေတယ်လို့ ရေတာရှည်အခြေစိုက် PDF တပ်ရင်း(၃၅၀၄)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်မှုတွေကို ဆွာမြို့အခြေစိုက် စစ်ကောင်စီ ခမရ(၁၉)တပ်မှ လုပ်ဆောင်နေတာဖြစ်ပြီး သြဂုတ် ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ လက်နက်ကြီးပစ်ခတ်တာ၊ ပါရာမော်တာတွေနဲ့ဗုံးကြဲတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
သြဂုတ် ၁၇ ရက်က စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိပြီး စစ်တောင်းမြစ်အရှေ့ခြမ်းကျေးရွာတစ်ရွာမှ အသက် ၆၀ ခန့်အရွယ် အမျိုးသားတစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ တပ်ရင်း ၃၅၀၄ မှ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“ရွာနာမည်ကတော့ လောလောဆယ်ပြောလို့မရသေးလို့ပါ။ လက်နက်ကြီးပစ်ခတ်တာတွေက တိုက်ပွဲမရှိလည်း ပစ်ခတ်နေတာပါ”လို့ အဲဒီတာဝန်ရှိသူက မြေပြင်အခြေအနေကို ပြောပြပါတယ်။
ဒါ့အပြင် မနေ့ သြဂုတ် ၁၈ ရက်ညနေ ၅ နာရီလောက်ကလည်း ခမရ(၁၉)ဘက်ကလာတဲ့ ပါရာမော်တာနှစ်စီးမှ စစ်တောင်းမြစ်အရှေ့ခြမ်းရှိ ကျေးရွာတစ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
အဲဒီဗုံးကြဲခံရတဲ့ဖြစ်စဥ်မှာ ဒေသခံပြည်သူနဲ့ နေအိမ်အဆောက်အအုံတွေ ထိခိုက်မှုမရှိခဲ့ပေမယ့် စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားပစ်ခတ် ဗုံးကြဲတာတွေ ခပ်စိပ်စိပ်လုပ်လာနေတာကြောင့် ဒေသခံပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေမြင့်တက်လျှက်ရှိတယ်လို့ တပ်ရင်း ၃၅၀၄ မှ တာဝန်ရှိသူက ပြောပါတယ်။
အခုလက်ရှိ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ကျေးရွာတချို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာရှိပေမယ့် လက်နက်ကြီးပစ်ခတ်မှုနဲ့ ပါရာမော်တာသုံးဗုံးကြဲခံရတဲ့ ရွာတွေမှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ သိရပါတယ်။
