close
Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ် တပတ်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ဦးထက်မနည်းသေဆုံးဟု MSRF ထုတ်ပြန်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ဩဂုတ် ၁၉ရက်မှ ၂၅ရက်အတွင်း တိုက်ပွဲများ နေ့စဉ် နီးပါး ဖြစ်ခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်သည်။

ဩဂုတ်-၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ဩဂုတ် ၁၉ရက်မှ ၂၅ရက်အတွင်း တိုက်ပွဲများ နေ့စဉ် နီးပါး ဖြစ်ခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်သည်။

ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီတပ်များကို ညီနောင်တပ်ဖွဲ့ ဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် နည်းဗျူဟာ(၃၃) တပ်၊ အခြား တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၁၉ရက်မှ ၂၅ရက်တာအတွင်း ဩဂုတ် ၂၁ရက်မှ အပ ကျန်နေ့များ၌ ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ခဲ့သည်ဟု အသိပေးသည်။ အဆိုပါတိုက်ပွဲများတွင် ရန်သူ့စစ်ကောင်စီဘက်မှ (၃၆)ဦးထက်မနည်း သေဆုံးခဲ့ပြီး ခမရ(၄၀၉)မှ ဗိုလ်မှူးတစ်ဦး အပါအဝင်အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်ကလည်း “ကျမအနေနဲ့ ပြောလို့ရတာက ရေဖြူဒေသ တိုက်ပွဲကတော့ ပြင်းထန်နေဆဲဖြစ်တယ်။ စစ်ရေးအရ တင်းမာနေဆဲဖြစ်ပါတယ်”ဟု ပြောကြားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် အမှတ်(၈) ပြည်ထောင်စုလမ်းကို ပြန်လည်စိုးမိုးရန် စစ်ကြောင်းထိုးလာခြင်းဖြစ်ဟု နည်းဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ပြောကြားသည်။

“နှစ်ဖက်ဆိုင်ထားတုန်းပါ။ သူတို့က လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်တယ်။ ထိတွေ့ မဖြစ်တာ ၂ရက်ရှိပြီ”ဟု ရဲဘော်စောဒါးကိုက ယနေ့ ဩဂုတ် ၂၈ရက် နေ့လည်ပိုင်း၌ ပြောပြသည်။

MSRFက နေ့စဉ်တိုက်ပွဲသတင်းများကို ဖော်ပြခဲ့ရာ ဩဂုတ် (၁၉)ရက်တွင် အင်အား (၁၅၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ကော့လှိုင်ကျေးရွာနှင့် မရမ်းချောင်းကျေးရွာအကြားတွင်လည်းကောင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာနှင့် မရမ်းချောင်းကျေးရွာအနီးသို့ စစ်‌ကြောင်းထိုးလာ‌သော ခလရ(၂၈၂)မှ အင်အား(၈၀)‌ ကျော်ပါ ရန်သူ့စစ်ကောင်စီစစ်ကြောင်းနှင့်လည်းကောင်း တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က ဆုတ်ခွာသွားသည်ဟု ဆိုသည်။

ဩဂုတ်(၂၂)ရက် ညနေတွင် မရမ်း‌ချောင်းကျေးရွာအနီးသို့ ထပ်မံစစ်ကြောင်းထိုးလာသော ရန်သူ့စစ်ကြောင်းနှင့် ထပ်မံ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ဩဂုတ် ၂၃ရက်တွင်လည်း စစ်ကောင်စီစစ်ကြောင်း တပ်စွဲထားသော မရမ်းချောင်းဘုန်းကြီးကျောင်းအတွင်းသို့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များ ဝင်ရောက်ပစ်ခတ်ခဲ့ရာ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း အသိပေးသည်။

ဩဂုတ် (၂၄)ရက်တွင် မရမ်းချောင်းကျေးရွာမှ မိုင်(၆၀)ကျေးရွာသို့ ထပ်မံစစ်ကြောင်းထိုးလာသော ရန်သူ့စစ်ကြောင်းနှင့် တိုက်ပွဲ လေးကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။ ဩဂုတ်(၂၅)ရက် နံနက်တွင်လည်း ရေဖြူမြို့နယ် အမှတ်(၈)ပြည်ထောင်စုလမ်း‌မဘေးရှိ သာယာမွန်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော ရန်သူ့စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ခဲ့ရာ ညီနောင်တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

အဆိုပါတိုက်ပွဲများတွင် မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ(၃၃)မှ ဒေါနစစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF)နှင့် ရေးဘီလူးတပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တပ်ရင်း (၁)၊ ရေးသိန်းငှက်၊ ရာမညမွန်တပ်‌တော်(R.M.A)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇) နှင့် ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း (KTLA) တို့ပူးပေါင်းပါဝင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည်ဟု MSRFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃)နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းလိုက်ကြောင်း ယနေ့ (ဩဂုတ် ၂၇ရက်)တွင် ကြေညာချက်ထုတ်ပြန်သည်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြိုနယ်ရှိ စစ်ကောင်စီလက်အောက်ခံ ထင်းရှူးရဲစခန်းအနီး ကိုက်(၂၀၀)အကွာရှိ ကင်းပုန်းနေရာကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ရဲ ၅ဦးသေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောသည်။

သတင်း

ရေး-ထားဝယ်လမ်းမပေါ်ရှိ စစ်ကောင်စီ၏ ရေးမြို့အခြေစိုက် အမှတ်-၃၁၆ အမြောက်တပ်(အမတ ၃၁၆)ကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ယနေ့ ထုတ်ပြန်သည်။

သတင်း

တနင်္သာတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်တိုက်နယ် မင်းသားကျေးရွာတွင် အခြေစိုက်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းက ယနေ့(ဧပြီ ၂၅) အသိပေးထုတ်ပြန်သည်။