Scorpio/People’s Spring
မကွေးတိုင်း၊ နတ်မောက်မြို့ရဲ့အရှေ့ဘက် မိုင် ၂၀ လောက်အကွာမှာလဲဘူးဆိုတဲ့ ရွာလေးတစ်ရွာ တည်ရှိတယ်။ ဗိုလ်ချုပ်ဇာတိ နတ်မောက်မှာ လဲဘူးကျေးရွာကို လူသိများကြပါတယ်။ရွာက တောင်သူလုပ်တယ်။ဖျာလုပ်ငန်းတွေလုပ်တယ်။
ရောင်းရေးဝယ်တာ ဖြစ်ထွန်းတော့ မြို့အသေးလေးတခုလိုဖြစ်နေတယ်။ ဘာပဲလိုလို ဝယ်ချင်တာမှန်သမျှ မြို့လောက်နီးနီးစုံတယ်။ အနီးနားဝန်းကျင်ရွာတွေက ကျောင်းလာတက်ကြတယ်။ အလှူအတန်းပေါတယ်။ပညာတတ်တွေများတယ်။ ဒါ့ကြောင့် လဲဘူးရွာလေးဟာ နတ်မောက်တခွင်မှာ ကောင်းသတင်းတွေနဲ့ မွှေးနေခဲ့တယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့လဲဘူးရွာလေးဟာတခြားအညာဒေသကရွာတွေလိုပါပဲ။စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့်ညနေတိုင်ပြီဆိုတာနဲ့ ရွာက

Public Service Announcement
လေးဟာ မီးမှိတ်တိတ်ဆိတ်။ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့တာတွေ၊ သတ်ဖြတ်တာတွေ၊ ပေါ်တာဆွဲတာတွေကြောင့် မိုးချုပ်ပြီဆို အပြင်မထွက်ရဲကြဘူး။
အသက် ၃၇ နှစ်အရွယ် မလွမ်းပိုက လဲဘူးရွာကပါ။ ညဂုတ် ၂၄ ရက်ညက မလွမ်းပိုတို့အိမ်မှာ မလွမ်းပိုရဲ့ သမီးလေး အသက် ၁၂ နှစ်အရွယ်ရယ်၊ မလွမ်းပိုနဲ့ ညီအမတော်တဲ့မသီတာခိုင်ရယ်၊ မသီတာခိုင်ရဲ့ ၃ နှစ်အရွယ်သမီးလေးနဲ့ ၈ နှစ်နဲ့ ၁၂ နှစ်အရွယ် သားကလေးရယ် စကားတွေပြောနေခဲ့ကြတယ်။ ညီအမအရင်းနှစ်ယောက်နဲ့ သူတို့သားသမီး ကလေး ၄ ယောက်ရယ်ပါ။ သူတို့ညီအမနှစ်ယောက်ရဲ့ လင်သားတွေကတော့ တိုင်းတပါးမှာ အလုပ်သွားလုပ်နေကြလို့ အိမ်မှာ ယောကျာ်းသားမရှိဘဲ ကလေးတွေနဲ့ စုအိပ်ကြတာပါ။
ည ၈ ခွဲလောက်မှာ နိုင်ငံခြားက မသီတာခိုင်အမျိုးသားဖုန်းခေါ်တယ်။ အိမ်ပေါ်မှာလိုင်းမကောင်းတာနဲ့ မသီတာခိုင်က ၂ နှစ်သမီးလေးပွေ့ချီပြီး အိမ်ရှေ့လမ်းပေါ်ထွက်ဖို့ဆင်းလာတယ်။ အိမ်ပေါ်မှာတော့ သူ့ညီမနဲ့ ကလေးတွေတသိုက် ကျန်ရစ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ ဝုန်းကနဲဆို အသံနက်ကြီးထွက်ပေါ်လာပြီး အိမ်တွေဝုန်းဒိုင်းကြဲကာ ပျက်စီးသွားတော့တယ်။ စစ်ကောင်စီတပ်က လေကြောင်းကနေ ဖျက်အားပြင်းဗုံး ၂ လုံးကိုအိမ်တွေပေါ် ကြဲချလိုက်တာပါ။
ပထမတစ်လုံးက မလွမ်းပိုတို့ အိမ်ပေါ် တည့်တည့်ကျတယ်။ စုတ်ပျက်သက်သွားတယ်။ အိမ်ရှေ့က မသီတာခိုင်လည်း လွင့်စင်သွားတယ်။ သူချီပိုးထားတဲ့ ၂ နှစ်အရွယ်သမီးလေးလည်း ဒဏ်ရာဗရပွနဲ့ သေဆုံးသွားခဲ့တယ်။ မသီတာခိုင်လည်း သတိလစ်သွားတယ်။
“သူ့ယောကျာ်းနဲ့ဖုန်းပြောမယ်ဆိုပြီး လိုင်းကောင်းတဲ့လမ်းဘက်အထွက် အိမ်ပေါ် ကျတာ။ ၂ နှစ်သမီးလေးချီပိုးရင်း ဖုန်းပြောနေတုန်းဖြစ်တာ။”လို့ ရွာခံတဦးက ပြောပြတယ်။
အိမ်အပေါ်မှာ ကျန်ရစ်ခဲ့တဲ့ မလွမ်းပို ဆိုအောက်ပိုင်းတစ်ပိုင်းလုံးရှာမရခဲ့ဘဲ သေဆုံးခဲ့ရတယ်။ ၁၂ နှစ်အရွယ်သူ့သမီးလေးမချိုဇင်ဇင်ကျော်ကတော့ သွေးတွေသံတွေနဲ့။ လာကယ်ထုတ်ကြသူတွေကို သူပြောတာက “ဦးဦး သမီးကိုကယ်ပါဦး သမီးနာနေပြီ”တဲ့။
လာကူသူတွေကလည်း သမီးဘာမှမဖြစ်ဘူးနော် အားတင်းထားနော် အားပေးခဲ့ကြတယ်။ အဲဒီ သမီးလေးကို ဆေးရုံတော့ အရောက်ပို့ခဲ့ကြတယ်။ အားကိုးတကြီး အကူအညီတောင်းခဲ့တဲ့ သမီးလေးဟာ ဆေးရုံအရောက်မှာဆုံးပါးခဲ့ပါတယ်။
အိမ်အနီးနားက အသက်ကြီးပိုင်း အမျိုးသားကြီး ၂ ဦးလည်းဆုံးတယ်။ ခြေပြတ်လက်ပြတ်မို့ တခုစီလိုက်ကောက်ကြရတယ်။ “ရုပ်အလောင်းဆင်မရလို့ ဖျာနဲ့လိပ်ထားရတယ်”လို့ဒေသခံတဦးကပြောပြတယ်။
စုစုပေါင်း ကလေး ၂ ဦးနဲ့ လူကြီး ၃ ဦး၊ ၅ ဦးသေဆုံးခဲ့ရတယ်။ နောက်ထပ် ၉ ဦးလည်း ဒဏ်ရာရတယ်။ “ခြေထောက်ကျိုးတာ၊ လက်ကျိုးတာတွေအများကြီးပဲ။”လို့ ကူညီနေသူတဦးက ပြောပြတယ်။
၂ နှစ်သမီးဆုံးရှုံးခဲ့ရတဲ့မသီတာခိုင်ကတော့ ခေါင်းတွေရော။ လည်ပင်းမေးရိုးကျိုးတယ်။ ဒဏ်ရာတွေ ခန္ဓာကိုယ်တစ်ခုလုံးပွလို့။ အခုထိ ဆေးရုံပေါ်မှာ အသက်လုနေရတုန်းပါ။
သူ့သားကလေးနှစ်ယောက်လည်းဒဏ်ရာတွေကိုယ်စီနဲ့။ အသက် ၁၂ သားက ဘယ်ဘက်မျက်လုံး ခိုက်မိတယ်။ သူကတော့ မျက်လုံးမကွယ်ဘူး။ ငယ်တဲ့ကောင်လေးက ကျတော့ ညာဘက်မျက်လုံး ခိုက်မိတယ်။ မျက်စိက သိပ်မသေချာဘူး။ ”ဆရာဝန်ပြောတာက မြင်ရမယ်၊မမြင်ရဘူး မသေချာဘူးပြောတယ်။”လို့ သားချင်းတော်စပ်သူတဦးက ပြောပါတယ်။
နေအိမ် ၈ လုံးလောက်က တော်တော်များများ ပျက်စီးသွားတယ်။ ဒဏ်ရာရသူတွေလည်း အသက်လုနေရတုန်းပဲ။
တိုက်ပွဲလည်းမရှိဘူး။ အားလုံး အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နေကြတာ။
ထိခိုက်သူတွေဟာ နွမ်းပါးကြသူတွေမို့ အဝေးရောက်လဲဘူးသူ ၊လဲဘူးသားတွေရော အနီးက ရပ်ဆွေရပ်မျိုးတွေကပါ ကူညီကြ ဝိုင်းကြဝန်းကြတယ်။ သေဆုံးသူတွေအတွက် ရည်စူးပြီး လဲဘူးရွာက တစ်အိမ်ဆွမ်းတစ်ပွဲဖိတ်လို့ ဆွမ်းသွတ်ကုသိုလ်ပွဲပြုလုပ်ဖို့လည်း စီစဥ်နေကြတယ်။
အခုလိုတိုက်ပွဲမရှိဘာမရှိနဲ့ လေကြောင်းတိုက်ခိုက်ခံရတာကို ဒေသခံတွေ အံ့သြနေကြပါတယ်။ ပြည်သူတွေမှာ စားဖို့တောင်မနည်းရုန်းကန်နေရတဲ့အချိန် အသက်လုနေရတယ်လို့ ဒေသခံတဦးက ပြောတယ်။
“ပြည်သူကို သက်သက်မဲ့ အညှိုးထားပြီး သတ်သလိုဖြစ်နေတယ်။ မခံချိမခံသာဖြစ်တယ်။ ရင်ထဲလည်း မကောင်းပါဘူး။”လို့ ဒေသခံအမျိုးသားတဦးက ပြောပြတယ်။
လေကြောင်းတိုက်ခိုက်ခံရတာ ၃ ညမြောက်ခဲ့ပါပြီ။ လဲဘူးရွာသူရွာသားတွေ ထိတ်လန့်နေတုန်းပဲ။
“ညဆိုလည်း အိပ်ရမှာလိုလို ပုန်းရမှာလိုလို စိုးရိမ်စိတ်ကြီးနဲ့”လို့ ဒေသခံအမျိုးသားတဦးက ပြောလိုက်ပါတယ်။ ။
