သြဂုတ် – ၂၈ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ လှိုင်းဘွဲ ၊ ကော့ကရိတ် ၊ဘားအံမြို့ပေါ်က ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်ကောင်စီက ဒေသခံလူထုတွေကိုဆင့်ခေါ်ပြီး မဲပေးစက်သုံးပြီး မဲပေးနည်း ကိုသင်ကြားပြသတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီကလာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၁) ရဲ့ မြို့နယ် ၁၀၂ ခုမှာ ကရင်က ဘားအံ ၊မြဝတီ ၊သံတောင်ကြီးတို့ပါဝင်နေတာပါ ။
အခုလ ဩဂုတ်လအတွင်း ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ပေါ်က ရပ်ကွက်တွေအပြင် ပိုင်ကျုံမြို့၊ ထီလုံ၊ ရွှေဂွန်း၊ တာပေါင်၊ ဒေါ်လန်းတိုက်နယ်တွေမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ကွင်းဆင်းပြီး ဒေသခံတွေကိုခေါ်ယူကာအီလက်ထရောနစ်မဲပေးစက်သုံးပြီးမဲပေးပုံကို သင်ကြားနေတာလို့သိရပါတယ်။

Public Service Announcement
လှိုင်းဘွဲမြို့နယ်နဲ့ ပိုင်ကျုံမြို့တို့ဟာ ကရင်နယ်ခြားစောင့်တပ်(BGF)က သွားလာလှုပ်ရှား ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတစ်ခုဖြစ်သလို ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဖားအံခရိုင် တပ်မဟာ(၇)နယ်မြေထဲမှာရှိတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဘားအံမြို့နဲ့ ကော့ကရိတ်မြို့ပေါ်က ရပ်ကွက်တွေမှာ မဲပေးစက်နဲ့ လက်တွေ့စမ်းသပ်မဲပေးတာကိုမြို့ခံတွေကို ခေါ်ယူပြသနေပါတယ်။
မဲပေးစက်အကြောင်းကို အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဖြစ်မနေသိရဖို့အတွက် တစ်အိမ်ကို နှစ်ဦးနှုန်း လာတက်ကြဖို့ စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းက ဆင့်ခေါ်တာပါ ။
” အုပ်ချုပ်ရေးမှူးတွေက ဖိတ်စာနဲ့ခေါ်တယ် ၊ တစ်အိမ် တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် လာခိုင်းတယ်၊ စာသင်ကျောင်းတွေ ၊ခန်းမတွေနေရာမျိုးမှာ လုပ်တယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)ကတော့ စစ်ကောင်စီ ကျင်းပမယ့်ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်သလို ကရင်ပြည်သူလူထုတွေ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ကရင်နိုင်ငံရေးအင်အားစုတွေ၊ပါတီတွေအနေနဲ့ အဲဒီ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တိုက်တွန်းထားပါတယ်။














































