■ပြည်သူတရပ်လုံးပူးပေါင်းပါဝင်ခြင်းမပြုကြဘဲ ဆန့်ကျင်ရန်တိုက်တွန်း
ဩဂုတ်-၃၁၊၂၀၂၅။ထားမြတ်/People’s Spring
စစ်ကောင်စီကိုတိုက်ခိုက်နေသည့်တော်လှန်ရေးအင်အားစုများက စစ်ကောင်စီက ဒီဇင်ဘာလတွင်ကျင်းပမည်ဆိုသောရွေးကောက်ပွဲကို လက်မခံကြောင်း၊ နယ်မြေအတွင်းကျင်းပခွင့်မပြုကြောင်းထုတ်ပြန်ပြောဆိုအသိပေးထားပြီး ပြည်သူတရပ်လုံးအနေဖြင့်လည်း ပူးပေါင်းပါဝင်ခြင်းမပြုကြဘဲ ဆန့်ကျင်ရန် တိုက်တွန်းထားသည်။
ကရင်၊ ကချင်၊ကရင်နီ၊ချင်း၊ ရက္ခိုင်၊ တအာင်း၊ မွန်၊ ပအိုဝ်း စသည့် မျိုးနွယ်စုတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း နွေဦးတော်လှန်ရေးကာလတွင်ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများ၊ PDF တပ်ရင်းများ ၊CDM အင်အားစုများ စသည်တို့က စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲကိုကျင်းပခွင့်မပြုဘဲ နည်းမျိုးစုံဖြင့်တားဆီးရမည်ဟု အသီးသီးထုတ်ဖော်ပြောဆိုထားသည်။

Public Service Announcement
ကရင်အမျိုးသားအစည်းအရုံး(KNU)ကစစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲသည် ဥပဒေကြောင်းအရ တရားမဝင်ဟု ထုတ်ပြန်ကာလက်မခံကြောင်း ဩဂုတ် ၂၆ရက်တွင်ထုတ်ပြန်သည်။
ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး အတွက်သာ ဖြစ်ပြီးလက်ရှိနိုင်ငံရေး အကြပ်အတည်း၏ အဖြေ မဟုတ်ကြောင်း၊ စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီရွေးချယ်ပွဲ ဖြစ်ရာ ပြည်သူတရပ်လုံးက ပါဝင်ခြင်းမပြုဘဲ အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဆန့်ကျင်သွားရန် တိုက်တွန်းထားသည်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည် အသက်သွင်းသည့် အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ခြင်းဖြင့် အဆိပ်ပင်ရေလောင်းသည့် သမိုင်းတရားခံ ဖြစ်သွားနိုင်သည့်အတွက် နည်းလမ်းပေါင်းစုံဖြင့် ရှောင်ရှားနိုင်ကြစေရေးကြိုးပမ်းကြရန်လိုအပ်ပါသည်” ဟုKNUကတိုက်တွန်းထားသည်။
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)၏ ဩဂုတ် ၂၄ရက် ထုတ်ပြန်ချက်တွင် အကြမ်း ဖက်စစ်တပ်၏ နိုင်ငံရေးထွက်ပေါက်အဖြစ် လုပ်ဆောင်မည့် တရားမဝင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံဖြင့်တားဆီးသွားမည်ဖြစ်ကြောင်း အသိပေးပြီး လူထုတရပ်လုံး ဆန့်ကျင်ကန့်ကွက်မှုတွင် ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းထားသည်။
နိုင်ငံတကာ အနေဖြင့်လည်း မြန်မာလူထု၏ ဆန္ဒအမှန်တကယ် မဖော်ထုတ်နိုင်သည့် တရားမဝင် အာဏာသိမ်းစစ်တပ်၏ရွေးကောက်ပွဲကိုအားပေးခြင်းမပြုဘဲ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်တပ်၏ အမြင်မှန်ရရှိရေး လမ်းကြောင်းကိုသာ ဦးတည် ဖိအားပေး ဆောင်ရွက်သင့်ဟု ကရင်နီပြည်အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ပါဝင်သည့်တအာင်းပြည်ကောင်စီကလည်း ဩဂုတ်၂၂ရက်တွင်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် အာဏာသိမ်းစစ်တပ်က တရားမဝင် အာဏာကို ဆက်လက် ရရှိရန် ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေမှုကို ပြည်သူတရပ်လုံးက ပါဝင်ခြင်းမပြုဘဲ ကန့်ကွက်ကြရန် တိုက်တွန်းတောင်းဆိုထားသည်။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ကလည်း ဩဂုတ်၁၉ရက်တွင် သဘောထား ထုတ်ပြန်ခဲ့ရာ တရားဝင်အစိုးရ မဟုတ်သည့်စစ်ကောင်စီအနေဖြင့်မည်သည့်ရွေးကောက်ပွဲကို မဆို ကျင်းပပိုင်ခွင့် လုံး၀မရှိဟု ဖော်ပြကာ နိုင်ငံတကာအစိုးရများနှင့်အဖွဲ့အစည်းများအနေဖြင့်စစ်ကောင်စီ၏အတုအယောင်ရွေးကောက်ပွဲကို လုံး၀ လက်မခံဘဲ ဆန့်ကျင်ရန်၊ အသိအမှတ်မပြုရန် ပန်ကြားထားသည်။
“အတုအယောင်ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည့်အစား ပဋိပက္ခများကို ပိုမိုနက်ရှိုင်းစေနိုင်သည်” ဟု သတိပေးထားသည်။
စစ်ကောင်စီသည် ငြိမ်းချမ်းရေးတံဆိပ်ကပ်ပြီးတရားမဝင် အတုအယောင် ရွေးကောက်ပွဲ လုပ်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောဆိုထားသည်။
“ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းတာ ဖြစ်တယ်။ ပါဝင်ပတ်သက်တဲ့သူတွေကလည်း ဒီကိစ္စကို သိသိကြီးနဲ့ ဝိုင်းလုပ်ကြတာ။ အဓိကက စစ်အာဏာရှင်သက်ဆိုးရှည်ဖို့လုပ်တာဖြစ်တယ်။” ဟု ခွန်မြင့်ထွန်းကပြောဆိုထားသည်။
အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း AA ထိန်းချုပ်နယ်မြေ၌ ရွေးကောက်ပွဲလုပ်ခွင့်မပေးဟုဩဂတ်၁၁ရက်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
“ရွေးကောက်ပွဲဆိုတာက ပြည်သူလူထုကို အခြေပြုပြီးလုပ်ရတာဖြစ်ပါတယ်။ပြည်သူလူထု ထောက်ခံမှု မရှိတဲ့ရွေးကောက်ပွဲဟာ ပြည်သူအတွက်အကျိုးမဖြစ်နိုင်တဲ့အပြင်ပြည်သူတွေအတွက် ရှုတ်ထွေးမှုတွေ ပိုလို့ ဖြစ်စေမယ်လို့ မြင်ပါတယ်” ဟု ဦးခိုင်သုခက ပြောကြားခဲ့သည်။
အလားတူကချင်လွတ်လပ်ရေးအဖွဲ့(KIO) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်ကောင်စီရွေးကောက်ပွဲကို နယ်မြေအတွင်း ကျင်းပခွင့်မပြုဟု သတင်းဌာနအချို့အား ဖြေကြားထားသည်။
ချင်းအမျိုးသားတပ်ဦး(CNF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း “စကစရဲ့ရှေ့လုပ်ငန်းစဉ်တွေထဲကနောက်ဆုံးသောအစီအစဉ်(ရွေးကောက်ပွဲ)ဆိုတော့ သူ့ဘက်က မရမက လုပ်လာမှာပါ။ ကျနော်တို့ဘက်ကလည်း သူ့ရဲ့ နောက်ဆုံးအစီအစဉ်ကို နောက်တခါ ဖြစ်မလာအောင် တုံ့ပြန်သွားဖို့ပါပဲ” ဟု ပြောကြားထားသည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၏လက်အောက်ခံတပ်ဖွဲ့များဖြစ်သောမွန်ပြည်တော်လှန် ရေးတပ်(MSRF)၊ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)သည်PDFဒေါနတပ်ရင်း(၂)နှင့် ပူးပေါင်းပြီးစစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုရန် သတိပေးချက်ကို ဇူလိုင် ၂၀ရက်က ထုတ်ပြန်ထားသည်။အဆိုပါသတိပေးချက်အတိုင်းစစ်ကောင်စီ၏ ရွေးကောက်ပွဲကို စစ်ရေးအရဖိအားပေးသည့် စစ်ဆင်ရေးများဖော်ဆောင်နေကြောင်းလည်း MSRS) ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောပြထားသည်။
ထိုသို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီကြိုးပမ်းနေသည့် ရွေးကောက်ပွဲကို လက်မခံကန့်ကွက်ကြောင်း ထုတ်ပြန်ထားသကဲ့သို့ စစ်ကိုင်းတိုင်း၊တနသာ်ရီတိုင်း၊မကွေးတိုင်း ၊မန္တလေးတိုင်းတို့အတွင်းရှိ သပိတ်အဖွဲ့နှင့်ပြည်သူများကလည်းစစ်ကောင်စီ၏ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လည်း တရားမဝင်အတုအယောင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သဘောထား ရပ်တည်ချက်ကို ဩဂုတ် ၂၄ရက်တွင် ထုတ်ပြန်ထားရာ အကြမ်းဖက်စစ်အုပ်စု ဇွတ်အတင်းပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံ အားပေးခြင်းသည် မြန်မာပြည်သူလူထုအပေါ် စစ်အုပ်စု ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများအား ထောက်ခံအားပေးခြင်း၊အဆိုပါ ပြစ်မှုများ အတွက်ပြစ်ဒဏ်ကင်းလွင့်ခွင့်ကို အထောက်အကူပြုခြင်းနှင့်အလားသဏ္ဍန်တူသည်ကိုသတိချပ်ရန် သတိပေးထားသည်။ ထို့ကြောင့် မြန်မာပြည်သူများနှင့် အတူ ရပ်တည်ပြီး စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင် ငြင်းပယ်ရန် တိုက်တွန်းထားသည်။
ချင်းအမျိုးသားတပ်ဦး(CNF)နှင့်ချင်းဒေသကာကွယ်ရေးတပ်(CDF)များ ပါဝင်စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီကလည်း အာဏာသိမ်းစစ်ကောင်စီကစစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက်ကျင်းပ ပြုလုပ်မည့်အတုအယောင်ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ကြောင်း ဩဂုတ် ၃၀ ရက်တွင် ထုတ်ပြန်သည်။ ထိုအပြင်ရွေးကောက်ပွဲတွင်ပါဝင်ပတ်သက်သူများအားပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်းကြေညာခဲ့သည်။
နာဂဒေသပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကလည်းစစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို ပူးပေါင်းမှုသည် ဒေသတွင်း မတည်ငြိမ်မှုကိုသာ ဖြစ်လာစေနိုင်ကြောင်း ဩဂုတ် ၂၇ရက်တွင် ထုတ်ပြန်သည်။ထို့ကြောင့်ရွေးကောက်ပွဲကာလအတွင်းဖြစ်ပေါ်လာနိုင်သော အသက်အန္တရာယ် များ၊ အိုးအိမ် ပစ္စည်းဆုံးရှုံးမှုများကို ရွေးကောက်ပွဲတွင် တိုက်ရိုက် ပါဝင်ယှဉ်ပြိုင်သူများ သို့မဟုတ် အဆိုပါ လှုပ်ရှားမှုများနှင့် ပူးပေါင်းဆောင်ရွက်နေသူများကသာ တာဝန်ခံရမည်ဟု သတိပေးခဲ့သည်။ ထို့ကြောင့် နာဂဒေသအတွင်းစစ်အုပ်စု၏ရွေးကောက်ပွဲတွင်ပါဝင်ရွေးချယ်ခံမည့်သူများ နှင့် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ကူညီဆောင်ရွက်သူများ၏ လုံခြုံရေးကို လုံး၀ အာမခံချက် ပေးမည် မဟုတ်ကြောင်း နာဂဒေသ ပကဖ အထူးတိုင်ခိုက်ရေးတပ်ဖွဲ့က ကြေညာခဲ့သည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကလည်း ဩဂုတ်၂၂ရက်တွင် ကောင်စီ၏ နိုင်ငံရေးရပ်တည်ချက် များကို ထုတ်ပြန်ခဲ့ရာ အာဏာသိမ်းစစ်တပ်သည် အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့တခုသာ ဖြစ်၍ မည်သည့်ရွေးကောက်ပွဲမျှ ကျင်းပရန် အခွင့်အာဏာမရှိကြောင်း ထုတ်ပြန်ခဲ့သည်။ထို့ကြောင့်အဆိုပါရွေးကောက်ပွဲများကို တရားမဝင် အတုအယောင် ရွေးကောက်ပွဲများအဖြစ် သတ်မှတ်ပြီး လုံး၀ ဆန့်ကျင်ကန့်ကွက်ဟု အသိပေးသည်။
ထိုအပြင်စစ်တပ်ကရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းမှုသည် ၎င်းကျူးလွန်ခဲ့သည့် ပြစ်မှုများကို ရှောင်လွှဲရန်၊ ၎င်းတို့၏ အကျိုးစီးပွားများကို ဆက်လက်ထိန်းသိမ်း ကာကွယ်နိုင်ရန်နှင့် အာဏာတည်မြဲရေး အတွက်သာ ဖြစ်ပြီးပိုမိုနက်ရှိုင်းသော ပဋိပက္ခများကို ဖြစ်ပေါ်စေမည်သာ ဖြစ်ကြောင်း NUCCက သတိပေးသည်။
သို့သော်ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သကဲ့ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ခြင်းမပြုသည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့ကမူ စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်မှုများ မတွေ့ရသေးပေ။
အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေး ကောက်ပွဲသည် စစ်အာဏာရှင်အုပ်စုကို ကာလအတိုင်းအဆမရှိ နိုင်ငံရေးဦးဆောင်ခွင့် အာဏာပေးအပ်သွားနိုင်ရန်ဖြစ်သောကြောင့်ရွေးကောက်ပွဲမဖြစ်ရေး ကရင်တမျိုးသားလုံး၏ တာဝန်အဖြစ် မှတ်ယူကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်ကဩဂုတ် ၁၂ရက်တွင် ကျရောက်သည့် ၇၅ နှစ်ပြည့် ကရင်အမျိုးသားအာဇာနည်နေ့သို့ KNU ဥက္ကဋ္ဌ ပြောကြားသော မိန့်ခွန်းတွင်ပြောကြားခဲ့သည်။
“ဒီရွေးကောက်ပွဲဟာမျက်လှည့်ပြဖို့၊ကမ္ဘာ့နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲ ကျင်းပတာဟာ နိုင်ငံရေးမှာ စစ်တပ်ကိုအာဏာပေးထားတဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ထပ်မံအတည်ပြုပေးတာဖြစ်ပြီး ဒီနိုင်ငံမှာ စစ်အာဏာရှင်အုပ်စုကိုကာလအတိုင်းအဆမရှိနိုင်ငံရေးဦးဆောင်ခွင့် အာဏာပေးအပ်သွားနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို အရှိန် မြင့်လာစေဖို့၊ ပိုမိုပြင်းထန်လာစေဖို့အတွက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ ကျင်းပခြင်းဟာ လူငယ်တွေရဲ့ အနာဂတ်ကံကြမ္မာကို အဆုံးသတ်ဆုံးဖြတ်သွားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲ မဖြစ်မြောက်ဖို့ ကရင် တမျိုးသားလုံးရဲ့ တာဝန်အနေနဲ့ မှတ်ယူရမှာ ဖြစ်ပါတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
