စက်တင်ဘာ-၁၁၊ ၂၀၂၅။ People’s Spring
(၈၀)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးနဲ့ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက်မှာ ကျင်းပခဲ့ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
(၈၀)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသဘာပတိအဖြစ် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခံထားရတဲ့ President-elect ဖြစ်သူ ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စစ်အန်းလီနာဘားဘော့ခ်က သဘာပတိဟောင်းဆီကနေ လွှဲပြောင်းလက်ခံခဲ့တယ်လို့ ကုလဆိုင်ရာမြန်မာကိုယ်စားလှယ်ရုံးက အသိပေးပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလဆန်း မှ ဒီဇင်ဘာလကုန် အထိ ပြုလုပ်တဲ့ Main Part of the Session မှာ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွေနဲ့ ပင်မကော်မတီ ၆ ခုရဲ့ အစည်းအဝေးတွေကို တက်ရောက်ခဲ့ပြီး မိန့်ခွန်းပေါင်း(၆၀)ခန့် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းကနေ စက်တင်ဘာ ၉ ရက်အထိ ပြုလုပ်တဲ့ (၇၉)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ Second Part of the Session ကာလအတွင်းမှာ ကျင်းပတဲ့မျက်နှာစုံညီအစည်းအဝေးတွေမှာလည်း မိန့်ခွန်း ပြောကြားခဲ့တယ်လို့ မြန်မာကိုယ်စားလှယ်ရုံးက အသိပေးပါတယ်။
ဒါ့အပြင် (၇၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကာလအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်အစည်းအဝေးများ၊ ကုလသမဂ္ဂ စီးပွားရေး နှင့် လူမှုရေးကောင်စီရဲ့ အစည်းအဝေးများ၊ ဖွံ့ဖြိုးတိုးတက်မှု ရေးရာ၊ ကလေးသူငယ်ရေးရာနှင့် အမျိုးသမီးရေးရာကိစ္စရပ်များနဲ့ သက်ဆိုင်တဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ အစည်းအဝေးများမှာလည်း ပါဝင်တက်ရောက် မိန့်ခွန်း ပြောကြားခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီလိုမိန့်ခွန်းများပြောကြားရာမှာ ဘာသာရပ်များတွေနဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံ လက်ရှိ အခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရက်စက်လူမဆန်စွာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်နေမှုများ၊ မြန်မာပြည်သူများက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆောင်ရွက်မှုများ ကို ထင်ဟပ်ပြောကြားခဲ့ကြောင်း ဆက်လက် အသိပေးပါတယ်။
သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ မိန့်ခွန်းတွေမှာ ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ်ဆိုတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုက်အဝန်းက ဆန့်ကျင်ကြဖို့လည်း ထည့်သွင်းပြောကြားတာ တွေ့ရပါတယ်။
