အင်ဒိုနီးရှား နိုင်ငံရဲ့ အဓိက ကမ္ဘာလှည့် ခရီးသွားဇုန် နယ်မြေတစ်ခုဖြစ်တဲ့ ဘာလီကျွန်းမှာ ရေတွေကြီးပြီး လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၉ ရက်ကနေ ၁၀ ရက်နေ့ နေ့လယ်ပိုင်းထိ အဆက်မပြတ် ရွာသွန်းတဲ့ ဘာလီကျွန်းရဲ့ မြို့တော် ဒန်ပါဆာမှာ လမ်းတွေပါ ရေဖုံးကုန်ပြီး ကူးသန်းသွားလာရေး အခက်အခဲတွေ ကြုံခဲ့ရပါတယ်။ ပြီးတော့ လူပေါင်း ၆၀၀ လောက်လည်း နေအိမ်တွေ ရေမြုပ်လို့ အခက်ကြုံခဲ့ရပါတယ်။
မြို့တော်မှာရှိတဲ့ ဘာလီ နိုင်ငံတကာ လေဆိပ်ဆီ သွားတဲ့လမ်းတွေလည်း ရေဖုံးကုန်ပြီး ကားအသေးတွေ သွားလာလို့ မရဘဲ ဖြစ်သွားခဲ့ပါတယ်။ လေဆိပ်ထဲက လေယာဉ် ခရီးစဉ်တွေကိုတော့ ကြီးကြီးမားမား သက်ရောက် ထိခိုက်မှု မရှိခဲ့ပါဘူး။
ရေကြီးမှုတွေနဲ့ ဆက်စပ်ပြီး ဒန်ပါဆာမှာ ၅ ဦး သေဆုံးခဲ့သလို ဂျမ်ဘရာနာ၊ ဂိုင်ယာညာ၊ ဘာဒွန်နဲ့ အက်ဘ်ဒူလ်တို့မှာလည်း ၁ ဦးစီ အသက်ဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် လူ ၂ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

Public Service Announcement
အိမ်တွေကို ရေဖုံးသွားလို့ ဒုက္ခရောက်နေတဲ့ ဒေသခံတွေကိုတော့ ကျောင်းတွေ၊ ဗလီတွေဆီ ယာယီ ရွှေ့ပြောင်းပြီး နေရာချထားပေးတယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ရေကြီးရာက အောက်ခြေ မြေသားတွေ တိုက်စားခံရပြီး ဒန်ပါဆာ မြို့ထဲက အဆောက်အအုံ နှစ်လုံး ပြိုကျခဲ့ပါတယ်။
အင်ဒိုနီးရှားမှာတော့ အရှေ့နူဆာ တန်ဂါရာ ဒေသမှာလည်း မိုးသည်းသည်းထန်ထန် ရွာသွန်းရာက ရေကြီးမှုတွေ ဖြစ်ပေါ်ပြီး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။
ဘာလီက ရေဘေးသင့် ပြည်သူတွေအတွက် စာနာ ဝမ်းနည်းကြောင်း အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ပြောကြားထားပြီး နိုင်ငံရဲ့ သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ရေး အေဂျင်စီ အကြီးအကဲကို ဘာလီထိ သွားရောက် ကွပ်ကဲဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။
ကိုးကား: Reuters





















































