စက်တင်ဘာ-၁၁၊၂၀၂၅။လူအေး/People’s Spring
ကလေးမြို့နယ်အတွင်း စက်တင်ဘာလဆန်းက ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ(၄)ဦးသေဆုံးပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း(၇)ဦး ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်သည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ မှ ဗိုလ်မှူး ရဲမျိုးမင်းနှင့် ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီးနိုင်းဝင်းစိုးတို့ ဦးစီးသည့် ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ SNA၊ အိန္ဒိယနိုင်ငံသားများဖြစ်သည့် ကသည်း (ULFA)နှင့် နာဂ (NSAC) သူပုန်တပ်ဖွဲ့ အင်အား (၁၃၀) ခန့်သည်ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ထိုးစစ်ဆင်လာ၍ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်သုံ့ပန်းတွေမှာကသည်းတွေပါလာတယ်။အရင်ကဆိုတမူးဘက်မှာ အများဆုံးတွေ့တာ။အခုကကလေးနယ်အထိရောက်လာတာ။ သူတို့ကိုဘယ်လိုစီစဥ်မလဲဆိုတာကတော့ ဗဟိုကဆုံးဖြတ်လိမ့်မယ်”ဟု ကလေးမြို့နယ်မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
တိုက်ပွဲသည် စက်တင်ဘာလ၂ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီစစ်ကြောင်းကို ကလေးခရိုင် ကွပ်ကဲရေးမှူး ဦးစီးသည့် ကလေးခရိုင် အမှတ် (၁၊ ၃၊ ၄) တပ်ရင်း၊ အထူးလှုပ်ရှား (၅၊ ၆) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ ကလေးခရိုင် အထူးစစ်ကြောင်း၊ကလေးမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နှင့် Zoland PDF ပူးပေါင်းအဖွဲ့တို့က တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဟု အမှတ်(၁)စစ်ဒေသကထုတ်ပြန်သည်။
စစ်ကောင်စီသည်ကလေးခရိုင်အတွင်းအိန္ဒိယ နိုင်ငံသားများဖြစ်သည့် ကသည်း (ULFA)နှင့် နာဂ (NSAC) သူပုန်တပ်ဖွဲ့များအားပြီးခဲ့သည့်ဩဂုတ်လမှ စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ၎င်းအဖွဲ့များသည် ဩဂုတ်လအတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ခန္တီးခရိုင်အတွင်းမှ စုန်ဆင်းလာသော သင်္ဘောများဖြင့် ပါလာခဲ့ခြင်းဟုသိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သုံ့ပန်း (၇) ဦး ဖမ်းဆီးရမိပြီးအလောင်း (၄)လောင်းနှင့် MA-1(၃) လက်၊ MA-3 (၁) လက်၊ MA-11 (၁) လက်၊ 7.62 ကျည် (၂၇၇) တောင့်၊ 5.56 ကျည် (၈၉) တောင့်၊ RPG ဗုံးသီး (၁) လုံး၊ RPG ပို့ယမ်း (၃) ခု၊ နင်းမိုင်း (၁၂) ခု၊ မိုင်းရှင်းစက် (၁) ခု၊ ကျည်အိမ်မျိုးစုံ (၁၉) ခုနှင့် မူးယစ်ဆေး အမျိုးအစား (၃) မျိုး သိမ်းဆည်းရမိသည်ဟုဖော်ပြထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လဆန်းမှစတင်၍ ကလေးနှင့် တမူးမြို့နယ်ကို စစ်ကြောင်းထိုးရန် ကြိုးစားခဲ့သည်။ ကလေးမြို့နယ်အတွင်း ဩဂုတ် (၆) ရက်နေ့မှ စတင် ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်ပြီး ဩဂုတ်လ (၁၅) ရက်က တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ သုံ့ပန်း (၁) ဦး၊ အလောင်း (၃) လောင်းနှင့် လက်နက်မျိုးစုံ (၁၀) လက် သိမ်းဆည်းရမိခဲ့သည်ဟုအမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
စစ်တပ်ထံမှမူးယစ်ဆေးဝါးများစွာကိုလည်းဖမ်းဆီးရရှိပြီး စစ်သားများကမူးယစ်ဆေးအသုံးပြုစစ်တိုက်ကြသည်ကိုလည်းတွေ့ရသည်။
တမူးမြို့နယ်အတွင်းတိုက်ပွဲများတွင်စစ်ကောင်စီကအကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့သော်လည်း စစ်တပ်ထိခိုက်သေဆုံးမှုများခဲ့ပြီး စစ်တပ်မှာအကြိမ်ကြိမ်ပြန်လည်ဆုတ်ခွာရလေ့ရှိသည်။
တမူးမြို့နယ်တွင် စစ်တပ်က ပန်းသာရွာ၊မင်းသာရွာအပြင် နေရာသုံးခု၌အခိုင်အမာတပ်စွဲထားပြီး ပန်းသာရွာ၌ အဓိကအထိုင်စခန်းအဖြစ်အခိုင်အမာတည်ဆောက်ထားသည်။ကျန်နေရာအများစုကိုတော်လှန်ရေးတပ်များကထိန်းချုပ်ထားသည်။ တော်လှန်ရေးတပ်များထိန်းချုပ်ထားသော ကလေး-တမူးအာရှလမ်းပေါ်ရှိ နန်မွန်းတားရွာကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီက အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့သော်လည်းစစ်ကြောင်းလန်ကာပြန်ဆုတ်ပြေးရလေ့ရှိကြောင်း PDF အချို့ကပြောသည်။
၂၀၂၄ခုနှစ် အောက်တိုလာလက တိုက်ပွဲတွင် စစ်ကောင်စီဘက်မှသုံးဦးသေဆုံးပြီး ကသည်းသူပုန်တပ်ဖွဲ့ဝင်တစ်ဦးအရှင်ဖမ်းမိကာ တမူးခရိုင်တပ်ရင်း(၄)မှ ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးခဲ့သည်။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကကသည်းသူပုန်တပ်ဖွဲ့ဝင်ကို အိန္ဒိယအစိုးရထံ လွှဲအပ်ပေးခဲ့သည်။
ထိုအပြင်သြဂုတ်လဆန်းကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြုတိုက်ခိုက်သော်လည်းစစ်သားအလောင်း ၆ လောင်း၊ လက်နက် ၉ လက် နှင့် ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ဦး ကျော်ရှိသည်ဟု အမှတ်(၁)စစ်ဒေသကထုတ်ပြန်ခဲ့သည်။ ထို့အပြင် ကာကွယ်ရေးရဲဘော်ငါးဦး ကျဆုံးပြီးလက်နက် ၃ လက် ဆုံးရှုံးခဲ့သည်။
