ကိုအောင် ရေးသားသည်။
မြန်မာနိုင်ငံရဲ့တစ်ဦးတည်းသောနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဟာဂင်းနစ်မှတ်တမ်းမှာ လည်းပါ၀င်နေသူဖြစ်တယ်ဆိုတာ သိပါသလား။
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်ဂင်းနစ်မှတ်တမ်းထဲပါ၀င်နေတဲ့ မြန်မာပြည်ကပုဂ္ဂိုလ်တချို့အကြောင်းပြောပြမှာပါ။
မင်းသားကြီးဦးကျော်သူရဲ့သမီးဒေါက်တာမြင့်မိုရ်ဦးဟာ မြန်မာ့ရိုးရာ၀တ်စုံနဲ့ ဆစ်ဒနီမာရသွန်ပြိုင်ပွဲမှာပန်း၀င်တဲ့အထိယှဉ်ပြိုင်ပြီးဂင်းနစ်မှတ်တမ်း ၀င်သွားတဲ့ အကြောင်း လူပြောများခဲ့ပါတယ်။

Public Service Announcement
သူက ဂင်းနစ်မှတ်တမ်းထဲ ဖော်ပြခံရတဲ့ ပထမဆုံး မြန်မာတစ်ဦးတော့မဟုတ်ပါဘူး။ဂင်းနစ်မှတ်တမ်းထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်နေတဲ့ အကြောင်းအရာ နှစ်ဆယ်ကျော်လောက်ဖော်ပြခံထားရပါတယ်။
အဲ့ဒီအထဲမှာ လူ၊ပုဂ္ဂိုလ်တစ်ဦးချင်း၊အစုအဖွဲ့အနေနဲ့ မှတ်တမ်းဝင်နေသူတွေလည်း ရှိပြီးမင်းကွန်းဆရာတော်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်တို့လို ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေလည်းပါ၀င်ပါတယ်။
ပိဋကတ်သုံးပုံလုံး အာဂုံဆောင်နိုင်ပြီး ထေရဝါဒသာသနာမှာထင်ရှားတဲ့ မင်းကွန်းဆရာတော်ကြီး ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ ရဲ့ဘွဲ့အမည်ကိုဂင်းနစ်မှတ်တမ်းထဲပြန်ရှာကြည့်ရင်Human Memory ဆိုတဲ့ ဝိသေသနဲ့ယှဉ်တွဲတွေ့ရပါလိမ့်မယ်။
စာမျက်နှာစုစုပေါင်း သောင်းဂဏန်းရှိတဲ့ ပိဋကတ်သုံးပုံ ဒေသနာကျမ်းစာတွေကိုတစ်ချက်မှထောက်ပေးစရာမလိုဘဲရွတ်ဆိုပြနိုင်တဲ့အထိအာဂုံ ဆောင်နိုင်တဲ့မင်းကွန်းဆရာတော်ကြီးဟာ၁၉၈၅ခုနှစ်က ဂင်းနစ်မှတ်တမ်းမှာဖော်ပြခံခဲ့ရတာဖြစ်ပါတယ်။
၁၉၈၅ခုနှစ်ဂင်းနစ်မှတ်တမ်းထဲမှာတော့မင်းကွန်းဆရာတော်ကိုဗုဒ္ဓ သာသနာဆိုင်ရာ စာမျက်နှာပေါင်း ၁၆,၀၀၀ ကို အာဂုံဆောင်ရွတ်ဆိုနိုင်ခဲ့သူလို့ ဖော်ပြထားပါတယ်။
ဆောင်းပါးအစမှာပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ဟာလည်းဂင်းနစ်မှတ်တမ်းထဲပါ၀င်နေသူပါ။ သူမကိုတော့ ဂင်းနစ်မှတ်တမ်းထဲမှာ ၂၀ရာစုရဲ့ အရှည်ကြာဆုံးနေအိမ်အကျယ်ချုပ်ချမှတ်ခံရသူအဖြစ်တွေ့ နိုင်ပါတယ်။
နဝတ စစ်အစိုးရခေတ် ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ရက်ကနေ ၁၉၉၅ခုနှစ် ဇူလိုင် ၁၀ရက်အထိ ခြောက်နှစ်နီး ပါးကြာတဲ့ နေအိမ် အကျယ်ချုပ်ကာလကို ၂၀ရာစုရဲ့အရှည်ကြာဆုံး နေအိမ်အကျယ်ချုပ်ချထားမှုလို့ ဂင်းနစ်မှတ်တမ်းကဖော်ပြခဲ့တာပါ။
ဒါပေမယ့် အဲ့ဒီဂင်းနစ်မှတ်တမ်းဖော်ပြချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးသက်တမ်းမှာ တကယ်တမ်းအချုပ်အနှောင်ခံရတဲ့ကာလတွေရဲ့ပထမဆုံးအစိတ်အပိုင်းတခုမျှသာဖြစ်တယ်ဆိုတာ ကျွန် တော်တို့အားလုံး အခုအချိန်မှာတော့ သိနေကြရပါပြီ။
အခုနေ ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ကဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ထပ်ဖော်ပြချင်တယ် ဆို ရင်တော့ အကြိမ်ကြိမ် ဖမ်းဆီးချုပ်နှောင်အခံရဆုံး နိုင်ငံရေးခေါင်းဆောင်လို့များမှတ်တမ်းတင်နိုင်မလား တွေးနေမိပါတယ်။
၁၉၈၈ ခုနှစ်လူထုအရေးတော်ပုံကာလကစပြီးမြန်မာ့နိုင်ငံရေးခရောင်းလမ်းထဲလျှောက်လှမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် နိုင်ငံရေးသက်တမ်း ၃၇နှစ်ကျော်ရှိနေပါပြီ။
ဒီနိုင်ငံရေးသက်တမ်းရဲ့တ၀က်ကျော်နှစ်နှစ်ဆယ်လောက်ကိုတောအချုပ်အနှောင်ခံဘ၀နဲ့ဖြတ်သန်းခဲ့ရ၊ဖြတ်သန်းနေရတာပါ။
လက်ရှိမှာလည်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးမှာရှိနေချိန် ၂၀၂၁ခုနှစ်က စပြီး စစ်တပ်ကဖမ်းဆီးအကျဉ်းချထားလို့ ငါးနှစ်နီးပါးပြည်သူနဲ့အဆက်အသွယ်ပြတ်နေရပါတယ်။
လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အမည်ကို ဂင်းနစ်မှတ်တမ်းမှာထပ်တွေ့ရဖို့ နီးစပ်နေတဲ့ ကြိုးပမ်းမှုတခုလည်းရှိနေပါသေးတယ်။
သူမရဲ့ အသက် ၈၀ပြည့်မွေးနေ့ အတွက် မွေးနေ့ဆုတောင်းဗီဒီယိုတွေပေးပို့စုဆောင်းကြတဲ့ လှုပ်ရှားမှုတခု ကို ဂင်းနစ်မှတ်တမ်းတင်နိုင်ဖို့ကြိုးစားနေကြတာပါ။
၂၀၂၅ ဇွန်လ ၁၉ရက်မှာကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှစ်ဆယ်ပြည့်မွေးနေ့အတွက် မွေးနေ့ဆုတောင်းရုပ်သံပေါင်း ရှစ်သောင်းနဲ့ မွေးနေ့ဆုတောင်းရုပ်သံအများဆုံးပေးပို့ခံရသူအဖြစ် ဂင်းနစ် မှတ်တမ်းဝင်ဖို့ဦးဆောင်ကြိုးပမ်းသူတွေရှိခဲ့ပါတယ်။
ဒီလှုပ်ရှားမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုချစ်ခင်လေးစားသူတွေပေးပို့တဲ့ မွေးနေ့ဆုတောင်း ရုပ်သံ ဖိုင် တစ်သိန်းကျော်ရရှိခဲ့ပြီး ဂင်းနစ်မှတ်
တမ်းမှာဖော်ပြခံရဖို့အတွက် စိစစ်မှုတွေခံယူနေတယ်လို့သိရပါ တယ်။
မင်းကွန်းဆရာတော်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို ထင်ရှားသူတွေမဟုတ်သလို အသက်သုံးနှစ် ပဲရှိသေးတဲ့ မြန်မာမိန်းကလေးတစ်ဦးလည်း ဂင်းနစ်မှတ်တမ်းထဲမှာဖော်ပြခံထားရပါတယ်။ဒါကိုတော့ လူသိနည်းနိုင်ပါတယ်။
ဂင်းနစ်မှတ်တမ်းထဲမှာ အသက်အငယ်ဆုံး နိုင်ငံရေးအကျဉ်းသားဆိုပြီးရှာဖွေကြည့်လိုက်ရင် မသိမ့်ဝဏ္ဏခင်ဆိုတဲ့ သုံးနှစ်အရွယ်မြန်မာမိန်းက
လေးတဦးရဲ့အမည်ကိုတွေ့ရပါလိမ့်မယ်။
မြန်မာနိုင်ငံ ပဲခူးမြို့ကလို့ဖော်ပြထားတဲ့ အဲ့ဒီကလေးငယ်ဟာ ၁၉၉၉ ခုနှစ်တုန်းက ဇူလိုင် လအတွင်း မိခင်နဲ့အတူဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ဂင်းနစ်မှတ်တမ်းဝင် မြန်မာကလေးငယ် ဖြစ်သွားတာပါ။
(၅၂ )နှစ်မြောက် အာဇာနည်နေ့တုန်းက နိုင်ငံရေးသမားတွေ ချီတက်ပွဲပြုလုပ်ဖို့စီစဉ်နေတယ်ဆိုပြီး မသိမ့်ဝဏ္ဏခင်တို့သားအမိနဲ့အတူ ပဲခူးမြို့က နိုင်ငံရေးတက်ကြွသူ ၁၉ဦးကို စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး ကလေး ငယ်ကတော့ ဇူလိုင် ၂၉ရက်မှာ ပြန်လွတ်လာခဲ့တယ်လို့ ဂင်းနစ်မှတ်တမ်းမှာဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးချုပ်နှောင်မှုတွေထဲမှာလည်း ကလေးငယ်တွေကိုပါ ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တွေအများအပြားရှိနေပါတယ်။
ဂင်းနစ်မှတ်တမ်းထဲကနောက်ထပ်မြန်မာနှစ်ဦးကတော့ကရင်တိုင်းရင်း သားတွေပါ။သူတို့ကိုတော့ အသက်အငယ်ဆုံး ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တွေအဖြစ် ဖော်ပြထားပါတယ်။
လူသာထူးနဲ့ ဂျော်နီထူးတို့ အမွှာညီအကိုဟာ တခေတ်တခါက God Army ဆိုတဲ့ နာမည်နဲ့အတူ ထင်ရှား ခဲ့ကြသူတွေပါ။
၂၀၀၀ ခုနှစ်တုန်းက ဂင်းနစ်မှတ်တမ်းဖော်ပြချက်အရ ၁၂အရွယ် အဲ့ဒီအမွှာညီအကိုဦးဆောင်တဲ့ တပ်ဖွဲ့ ကတပ်ဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံ ရတ်ချ်ဘူရီဆေးရုံကိုဝင်စီးပြီး လူခုနစ်ရာလောက်ကိုဓားစားခံ အဖြစ် ထိန်း ချုပ်ထားကာ ထိုင်းအစိုးရဆီတောင်းဆိုမှုတွေလုပ်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။
သူတို့တောင်းဆိုတာကနှစ်နိုင်ငံနယ်စပ်ဒေသ တနေရာမှာရှိနေပြီး ဒဏ်ရာရထားတဲ့သူတို့ရဲ့တပ်ဖွဲ့ဝင် တွေကို ဆေးကုပေးဖို့ဖြစ်ပါတယ်။ဒါပေမယ့် နောက်ဆုံးမှာတော့ ထိုင်းကွန်မန်ဒိုတွေက အမွှာညီအကို တွေရဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး ဓားစားခံတွေကိုကယ်ထုတ်ခဲ့ပါတယ်။
ဆေးရုံကိုစီးနင်းထိန်းချုပ်ခဲ့သူ ဆယ်ဦးလုံးလည်း သေဆုံးခဲ့ပြီး အဲ့ဒီအထဲက သုံးဦးဟာ ၁၉၉၉ ခုနှစ်တုန်း က ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးစီးနင်းမှုမှာပါဝင်သူတွေလို့ထိုင်းစစ်တပ်ကအခိုင်အမာပြောတဲ့ အကြောင်း ဂင်းနစ်မှတ်တမ်းမှာဖော်ပြထားပါတယ်။
God Army နဲ့ အမွှာညီအကိုနှစ်ယောက်ကိုပြည်တွင်းမှာလည်း တချိန်တုန်းကလူသိများခဲ့ပြီး လက်ရှိ နွေဦးတော်လှန်ရေးကာလအစောပိုင်းမှာ တော်လှန်ရေးဘက်ကရပ်တည်တိုက်ခိုက်မယ်ဆိုပြီး လူလုံး ထွက်ပြခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြန်လည်တိမ်မြှုပ်သွားခဲ့ကြပါတယ်။
ဂင်းနစ်မှတ်တမ်းထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ဒီလို ပုဂ္ဂိုလ်တဦး၊တယောက်ချင်းနာမည်တပ်ဖော်ပြခံရ သူတွေရှိသလို လူအဖွဲ့အစည်းတခု၊လူအစုအဝေးပါဝင်တဲ့ လှုပ်ရှားမှုတရပ်အနေနဲ့ဖော်ပြခံရတာတွေ လည်းရှိပါသေးတယ်။
လည်ပင်းအရှည်ဆုံးလူသားတွေဆိုပြီး ကယန်း(ပဒေါင်)အမျိုးသမီးတွေကို ဂင်းနစ်မှတ်တမ်းထဲ ၂၀၁၈ ခုနှစ်ကထည့်သွင်းခဲ့ပါတယ်။ဒါပေမယ့် မြန်မာတိုင်းရင်းသားလူမျိုးစုတခုအနေနဲ့တော့ဖော်ပြမထားဘဲ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ အခြေ
ချနေထိုင်သူတွေ လို့သာဆိုထားပါတယ်။
သူတို့ကိုမှတ်တမ်းတင်ထားတဲ့ ဂင်းနစ်မှတ်တမ်းရဲ့ တည်နေရာဖော်ပြချက်မှာလည်း ထိုင်းနိုင်ငံလို့သာ ဖော်ပြထားတာတွေ့ရပါတယ်။
ကယန်းအမျိုးသမီးတွေ ဂင်းနစ်မှတ်တမ်းမှာဖော်ပြခံရတဲ့ ၂၀၁၈ခုနှစ်မှာပဲ မကွေးမြို့မှာ လူဦးရေ ၃၄၆၆ ဦးပါဝင်တဲ့ မြန်မာနိုင်ငံမြေပုံ ပုံဖော်မှုဟာ အဲ့ဒီအချိန်က Largest Human Image ဆိုတဲ့ ဂင်းနစ်မှတ်တမ်းစံချိန်တင်နိုင်ခဲ့ပါတယ်။
ဒေသခံတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ တယ်လီနောမြန်မာဝန်ထမ်းတွေပါဝင်တဲ့ လူဦးရေ ၃၅၀၀ ဝန်းကျင်က ၂၃၄ပေအရှည်၊၁၀၆ပေကျယ်ပြီး စတုရန်းပေ ၂၄၈၀၄ ကျယ်ဝန်းတဲ့ မြန်မာနိုင်ငံမြေပုံကို ပုံဖော်ကာ ဂင်းနစ်စံချိန်တင်နိုင်ခဲ့တာပါ။
အဲ့ဒီအစီအစဉ်ကို တယ်လီနောမြန်မာက ကမကထပြုခဲ့တာဖြစ်ပါတယ်။
အခုတော့ Largest Human Image ဆိုတဲ့ မြန်မာနိုင်ငံက အဲ့ဒီမှတ်တမ်းထက် လူဦးရေပိုများတဲ့ ပုံဖော်မှုတွေ ဂင်းနစ်မှတ်တမ်းထဲမှာ ရှိနေပါပြီ။
အခုပြောပြခဲ့တာတွေက ဂင်းနစ်မှတ်တမ်း ဝက်ဘ်ဆိုက်ထဲမှာဖော်ပြထားတဲ့ ဂင်းနစ်မှတ်တမ်းစာအုပ်တွေမှာဖော်ပြခံရဖူးတဲ့ မြန်မာနိုင်ငံကလူပုဂ္ဂိုလ်တချို့အကြောင်းသာဖြစ်ပါတယ်။
တကယ့်မှတ်တမ်းစာအုပ်တွေထဲမှာဖော်ပြခံရဖူးတဲ့ မြန်မာနိုင်ငံသား၊မြန်မာနွယ်ဖွားတွေထပ်ပြီးရှိနေနိုင်ပါသေးတယ်။
ဒါ့အပြင် ဂင်းနစ်စံချိန်မှတ်တမ်းတွေထဲမှာ မြန်မာနဲ့ပတ်သက်တဲ့ တခြားသော စိတ်ဝင်စားစရာတွေလည်းအများအပြားရှိနေပါသေးတယ်။ဥပမာအားဖြင့် ရွှေတိဂုံစေတီတော်ကို ဘာသာရေး အဆောက်အအုံဆိုင်ရာဂင်းနစ်မှတ်တမ်းနှစ်ခုနဲ့တွေ့ရတာမျိုးပါ။
ဒါ့အပြင် သက်ရှိမျိုးစိတ်တွေနဲ့ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ မြန်မာနိုင်ငံက ရှာဖွေတွေ့ရှိမှုတွေ၊ကျောက်မျက်ရတနာတွေ့ရှိမှုတွေလို စံချိန်မှတ်တမ်းတွေလည်း ဂင်းနစ်မှတ်တမ်းထဲဖော်ပြခံထားရပါတယ်။
