စက်တင်ဘာ-၂၀ ၊ ၂၀၂၅။ရဲခေါင်/People’s Spring
ပြည်ပကုန်ပစ္စည်းများ စစ်ကောင်စီကန့်သတ်ပြီးနောက် ကလေးနို့မှုန့်အတုများ ပြည်တွင်းစျေးကွက်အတွင်း ရောင်းချလာကြောင်း သတင်းရရှိသည်။
နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်စာ Dumex Dupro အမှတ်တံဆိပ်ပါ ကုန်ပစ္စည်အတုများသည် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလာကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ယနေ့(စက်တင်ဘာ ၂၀ ရက်)တွင် ထုတ်ပြန်သည်။
ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် နို့မှုန့်အတုကို ဝယ်ယူခြင်းမပြုရန် အသိပေးထားသည်။

Public Service Announcement

Dumex Duproအတုသည် ဒူးမတ်ဟု မြန်မာစာသားကို (တ်)ဖြင့် စာလုံးပေါင်းထားပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူအမည်၊လိပ်စာ မူရင်းထုတ်လုပ်သည့် Danone ကုမ္ပဏီ Logo နှင့် Call Certer ဖုန်းနံပါတ်မပါဟု ဖော်ပြထားသည်။
Dumex ကို DKSH မြန်မာက တင်သွင်းခွင့်ရရှိထားခြင်းဖြစ်ပြီး မွေးကင်းစမှ (၂)နှစ်အရွယ်ထိ မိခင်နို့ရည်အစားထိုးတိုက်နိုင်သည့် Dumex Dupro သည် ဂရမ်အလိုက် တစ်ဘူးလျှင် ကျပ်နှစ်သောင်းကျော်မှ ကျပ် တစ်သိန်းဝန်းကျင် ရှိသည်။
“ City Mart လိုနေရာမျိုးတောင် နို့နဲ့ နို့ထွက်ပစ္စည်း တွေ အရင်လို ရွေးချယ်စရာ မရှိတော့ဘူး။ပိုက်ဆံရှိရင် တောင် ဝယ်လို့မရတဲ့အခြေအနေဖြစ်နေတာ။နောက်ပြီး သွားတိုက်ဆေးတွေတောင် အတု ထွက်နေတယ်ကြားတယ်။ကိုယ်တိုင်တော့မကြုံရသေးဘူး” ဟု ရန်ကုန်မြို့မှ အိမ်ရှင်မ တဦးက ပြောသည်။
တာရှည်ခံဓာတုပစ္စည်းများနှင့် သုံးစွဲရန်မသင့်သော ဆိုးဆေးများပါသည့် အစားအသောက်များကို စျေးကွက်အတွင်း တွေ့ရှိနေကြောင်း FDA က ကြေညာထားသည်။
သြဂုတ်လကစပြီး ဒိုက်ဘာ ၊ သွားတိုက်တံနှင့် သွားတိုက်ဆေးများအပါအဝင် ပြည်ပအစားအသောက်၊ဆေးဝါး၊လူသုံး ကုန်ပစ္စည်းများကို နယ်စပ်ဂိတ် အပါအဝင် လေကြောင်းမှတင်သွင်းမှုများကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ခဲ့သည်။
“ မြဝတီဘက်ကနေ ပဲခူးဘက်ပြန်တာ။ခရီးဆောင်အိတ်တအိတ်ပဲ ပေးသယ်တယ်။ကျန်တာ အကုန်စစ်။အလှကုန်တို့၊ဆေးတွေဆို တစ်မျိုးထက် ပိုယူမရဘူး။ဘားအံမှာ စစ်တာပိုဆိုးတယ်” ဟု စစ်ကောင် စီ စစ်ဆေးမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက ပြောသည်။
လက်ရှိ ပြည်တွင်းစျေးကွက်အတွင်း ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်းများ၊ ဆေးဝါးများသည် ယခင်စျေးထက် တစ်ဆခန့် မြင့်တက်ခြင်းနှင့် ပစ္စည်း ပြတ်လပ်မှုများဖြစ်ပေါ်နေသည်။
နယ်စပ်ကုန်သွယ်ရေးနှင့် လေကြောင်းကုန်စည်ပို့ဆောင်မှုများပိတ်လိုက်ခြင်းသည် တရားမဝင်ကုန် သွယ်မှုနှင့် ဒေါ်လာငွေသုံးစွဲမှုလျှော့ချရေးဟု စစ်ကောင်စီက အကြောင်းပြထားသည်။
သို့သော် ကုန်စည်ကန့်သတ်ပိတ်ပင်မှုသည် စစ်ကောင်စီက ရွေးကောက်ပွဲကာလနှင့် နီးကပ်စွာဖြစ်လာပြီး လူထုကြပ်တည်းရေးနှင့် တော်လှန်ရေးအင်အားစုများထံဝင်ငွေစီးဆင်းမှု လျော့ကျရန် ရည်ရွယ်ခြင်းဟု စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ထားသည်။
