စက်တင်ဘာ-၂၀၊၂၀၂၅။တေဇ/People’s Spring
ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ပိုစတာကပ်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူနှစ်ဦးကို ဖမ်းဆီးပြီး အမြင့်ဆုံးပြစ်ဒဏ်ခုနစ်နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်ထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ဖမ်းဆီးခံရသည့် လူငယ်နှစ်ဦးသည် စက်တင်ဘာ ၁၇ရက်နံနက်က လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် ရွှေလင်ဘန်းကျေးရွာ ကျန်စစ်သားလမ်းနှင့် ဦးဖိုးလှိုင်လမ်းထောင့်ရှိ လမ်းညွှန်ဆိုင်းဘုတ်တွင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းရေးသားထားသည့်စာနှင့် အနက်ရောင် ပုံးပေါ်တွင် ကျည်ဆံပုံများပါသည့် ပိုစတာကပ်ထားသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။
အဆိုပါလူငယ်နှစ်ဦးသည် လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် အောင်ရဲထွဋ် (ခေါ်) ရဲထွဋ်နှင့် အသက် ၂၃ နှစ်အရွယ် ရန်နိုင်ကြည်ဝင်း(ခ)အကြီးကောင်တို့ဖြစ်ပြီး စက်တင်ဘာ ၁၈ရက် ညနေက ၎င်းတို့ နေအိမ်များ၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement
ထို့အပြင် လူငယ်နှစ်ဦးသည် စက်တင်ဘာ ၁၃ရက်ကလည်း လှိုင်သာယာမြို့နယ်အတွင်းရှိ နေရာ ၁၀ ခု၌ အထက်ပါ စာသားများဖြင့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု စွပ်စွဲထားသည်။
ယင်းလူငယ်နှစ်ဦးကို လှိုင်သာယာအရှေ့ပိုင်း မြို့မရဲစခန်း၌ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ ပုဒ်မ−၂၃ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
စစ်ကောင်စီသည် စက်တင်ဘာ ၉ ရက်ကလည်း လားရှိုးမြို့တွင် တရားဥပဒေစိုးမိုးမှုမရှိကြောင်း ဝေဖန်ခဲ့သည့် စစ်ဘေးရှောင် အမျိုးသားတစ်ဦးကို အထက်ပါပုဒ်မဖြင့် ထောင်ဒဏ်ခုနစ်နှစ်ချမှတ်ခဲ့သည်။
ပြစ်ဒဏ်ချမှတ်ခံရသည့် အမျိုးသားသည် သြဂုတ်၂၁ရက်က လားရှိုးမြို့ ရပ်ကွက်(၅)၌ အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် ကားကို ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက လူမြင်ကွင်း၌ သေနတ်ဖြင့် ခြိမ်းခြောက်၍လုယက်ခဲ့သည့်အပေါ် လားရှိုးမြို့သည် တရားဥပဒေစိုးမိုးမှုမရှိကြောင်း လူမှုကွန်ရက်ပေါ်ဝေဖန်ခဲ့ခြင်းဖြစ်ပြီး ၎င်းကို စစ်ကောင်စီက ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုဆိုကာ အထက်ပါအတိုင်း အမိန့်ချခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက လာမည့်ဒီဇင်ဘာတွင် မြို့နယ် ၁၀၂ ခု၌ ရွေးကောက်ပွဲအပိုင်း(၁)ကိုပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။
တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသော မြို့နယ်၆၃ခုကိုမူ စစ်အုပ်ချုပ်ရေး ကြေညာပြီးမြေပြင်စစ်ကြောင်းထိုးမှုများ၊ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်နေသည်။
ထို့အပြင် ရွေးကောက်ပွဲဖျက်ဆီးပါက ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ၎င်းတို့၏ဝါဒဖြန့်မီဒီယာများ၌ နေ့စဉ်ဖော်ပြနေသည်။
စစ်အုပ်စုက ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကိုဇူလိုင်လ ၂၉ ရက်ကထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲ ပျက်ပြားစေရန် ပြောဆိုသူများကို ထောင်ဒဏ်၊ ငွေဒဏ်အပြင် လူသေဆုံးမှုဖြစ်စေပါက သေဒဏ်အထိ ချမှတ်မည်ဟု ခြိမ်းခြောက်ထားသည်။
ရွေးကောက်ပွဲကိုအကြောင်းပြု၍ စစ်ကောင်စီက ဆိုးရွားသည့်လူအခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သတိပေးထားသည်။

















































