ရွှေ/People’s Spring
အာရက္ခတပ်တော်(AA)ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ်တွေ၊စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေ အထိနာခဲ့ပြီး အဲ့ဒီထဲမှာ အပူရုပ်ကို ဟန်လုပ်နေရတဲ့ တပ်မတစ်ခုရှိနေပါတယ်။
တပ်မမှူးက ဖမ်းဆီးစစ်ဆေးခံနေရပြီး ဗျူဟာမှူးနဲ့ ရုံးအဖွဲ့က AA ဆီမှာ စစ်သုံ့ပန်းအဖြစ် ဒူးထောက်နေရတဲ့အထိ တပ်ပျက်နေတဲ့ တပ်မ(၉၉) ဖြစ်ပါတယ်။ တပ်မ(၉၉)ရဲ့ ပျောက်သောလမ်းမှာစမ်းတဝါးဝါးအဖြစ်သနစ်တွေကို ရှင်းရှင်းလင်းလင်းမြင်ရဖို့ ၁၀၂၇စစ်ဆင်ရေးနဲ့အတူAAရဲ့ စစ်အာဏာရှင်ဖြုတ်ချရေးပန်းတိုင်းဆီ တာထွက်ခရီးကြမ်းကို လည်ပြန် ပြန်ကြည့်ရပါမယ်။
AA ဟာ ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်နေ့မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်တွေ၊ မာန်အောင်နဲ့ကျောက်ဖြူမြို့တွေကလွဲလို့ ရခိုင်ပြည်နယ်ကကျန်တဲ့ ၁၄ မြို့နယ် နဲ့ ချင်းပြည် နယ်ကပလက်ဝမြို့နယ်တို့ကို သိမ်းယူခဲ့ပါတယ်။ ကျန်နေတဲ့သုံးမြို့ကိုလည်း စစ်ဗျူဟာအရ ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ဆိုင်ထားပါတယ်။

Public Service Announcement
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နတခ)ကိုလည်းသိမ်းယူခဲ့ပါတယ်။ဒါဟာလားရှိူးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA က သိမ်းယူအပြီးမှာ တိုင်းစစ်ဌာနချုပ်တစ်ခုကို ဒုတိယမြောက် သိမ်းယူနိုင်ခဲ့တာပါ။ တရုတ်အစိုးရကို မလွန်ဆန်နိုင်တဲ့ MNDAA က ရမခကို စစ်ကောင်စီထံကျည် ၁ ချက်မဖောက်ပဲပြန်ပေးလိုက်ပေမယ့် AAကတော့ နတခကို အပြည့်အဝဆက်လက်ထိန်းချုပ်ထားပါတယ်။
ရခိုင်ကမ်းရိုးတန်းနဲ့ ပင်လယ်ပြင်မှာ အင်အားဖြည့် တည်ဆောက်ထားတဲ့ သံတွဲမြို့က မောင်ရွှေလေးရေတပ်စခန်းကိုလည်း လေတပ်၊ ရေတပ်နဲ့ ခြေလျင်စစ်ကြောင်းတွေကို အံတုတိုက်ခိုက်ပြီး သိမ်းယူခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ရေတပ်ကိုချေမှုန်းပြီးသိမ်းပိုက်နိုင်တာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ AA ကပထမဆုံးဖြစ်ပါတယ်။
သံတွဲမြို့သိမ်းတိုက်ပွဲဟာ အာရက္ခဒေသတွင်းက စစ်ဆင်ရေးတွေမှာ အခက်ခဲဆုံးဖြစ်တယ်လို့ AAက ထုတ်ပြောခဲ့ပါတယ်။
ရခိုင်စစ်မြေပြင်ကတိုက်ပွဲတွေမှာ တပ်မ(၁၁)၊တပ်မ(၂၂)၊ အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-(စကခ-၉)၊စကခ(၁၅)၊စကခ(၁၇)၊စကခ(၁၉)တို့ကို တိုက်ခိုက်ချေမှုန်းခဲ့ပြီး ထောင်ချီတဲ့ စစ်သုံပန်းတွေနဲ့အတူ ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေကို ဖမ်းဆီးခဲ့ပါတယ်။ အသက်နဲ့
ခန္ဒာအိုးစားကွဲသွားတဲ့ စစ်ကောင်စီဘက်တော်သားတွေလည်း မနည်းမနောပါပဲ။
AAဟာ ၁၀၂၇ စစ်ဆင်ရေးထဲမှာ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ် လေးဦး၊ ဒုတိယဗိုလ်မှူးကြီးတစ်ဦးကို စစ်သုံ့ပန်းအနေနဲ့ဖမ်းဆီးထားပါတယ်။ ဗိုလ်မှူးချုပ်တစ်ဦး ပျောက်ဆုံးနေပြီး ဗိုလ်မှူးကြီးငါးဦး သေဆုံးခဲ့ပါတယ်။ ဒါတွေက AAရဲ့ တရားဝင်ထုတ်ပြန်ချက်တွေဖြစ်ပါတယ်။
လက်ရှိမှာတော့ ကျောက်ဖြူ၊ စစ်တွေမြို့နယ်တွေနဲ့ ရခိုင်ပြည်နယ်ကို ဝင်ပေါက်ဖြစ်တဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းနယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ စစ်ဗိုလ်ချုပ်တွေဟာ တပ်မ(၉၉)ကို ရခိုင်နဲ့ မကွေးတိုက်နယ်စပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းနဲ့ ငဖဲမြို့နယ်အခြေစိုက် နတ်ရေကန်ဗျူဟာ၊ အဲ့ဒီပတ်ဝန်းကျင်က စစ်လက်နက်ထုတ်ပစ္စည်းစက်ရုံတွေကို ကာကွယ်ဖို့ ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး အမိန့်ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသမိတ္ထီလာ မှာ အခြေစိုက်တဲ့ တပ်မ(၉၉)ဟာ အာဏာရှင်ရဲ့ တစ်သွေးတစ်သံတစ်မိန့် ကြောင့်ပဲရခိုင်ရိုးမတောင်ခြေနဲ့ ပတ်ဝန်းကျင်မှာ AAနဲ့ မဟာမိတ်တွေ သတ်ကွင်းပြင်ထားတဲ့ ငရဲခန်းကို ဖြတ်နေရတာပါ။
“ရှေ့က နောင်တော်တွေက နန်းကျတော့ ဘယ်လိုမှ ယုံကြည်ချက်မရှိကြတော့ဘူး” တပ်မ(၉၉) ရဲ့ပစ္စုပ္ပန်တည့်တည့်ငရဲခန်းကို ဗိုလ်မှူးကြီးရာထူးနဲ့ အငြိမ်းစားယူခဲ့တဲ့ နေပြည်တော်က စစ်ဘက်ရေးရာသတင်းရင်းမြစ်က မှတ်ချက်ပြုတာပါ။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ၂နှစ်ခန့်အတွင်းမှာတပ်မ(၉၉)တပ်မမှူး ငါးဦးအထိ အပြောင်းအလဲဖြစ်ခဲ့တာကို သူက ရည်ညွှန်းတာပါ။ အဲ့ဒီ ငါးဦးအနက်နှစ် ဦးဟာ MNDAA ကြောင့် အိပ်မက်ဆိုးမက်ခဲ့ရပြီး တစ်ဦးကတော့ ကျားဖြန့်က ဒုက္ခပေးသွားတာပါ။ နှစ်ဦးကတော့ AAရဲ့ စစ်ပရိယာယ်ကြားမှာ ဂယောင်ချောက်ခြားဖြစ်နေတာပါ။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးတစ်လမပြည့်ခင်မှာပဲ တပ်မ(၉၉)ရဲ့တပ်မမှုး ဗိုလ်မှူးချုပ်အောင်ကျော်လွင်ဟာ MNDAAရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့သိမ်းတိုက်ပွဲမှာ သေဆုံးခဲ့ပါတယ်။ နောက်ထပ် တပ်မမှူးဖြစ်လာတဲ့ ဗိုလ်ချုပ်စိုးလှိုင်လည်း ၁၀၂၇ စစ်ဆင်ရေးကာလမှာ ကယောင်ချောက်ခြားဖြစ်ခဲ့ရပါတယ်။ဗိုလ်မှူးချုပ်အောင်ကျော်လွင်နေရာမှာ ဗိုလ်ချုပ်စိုးလှိုင်ကို တပ်မမှူးရာထူးပေးပြီး လားရှိူးခုခံစစ်အတွက် တာဝန်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်စိုးလှိုင်ဟာ လားရှိုးကို ခြေမချရဲခဲ့ဘဲ မူဆယ်မှာတင် ခပ်ရို့ရို့လေးနေခဲ့ရပါတယ်။ ၂၀၂၄ဇူလိုင်လမှာ ရမခ ကျပြီးနောက်ပိုင်း မူဆယ်ကို မဟာမိတ်တွေက တိုက်တော့မယ်လို့သတင်းတွေထွက်နေချိန်မှာ မြို့တဖက်ကမ်းက တရုတ်နိုင်ငံရွှေလီမှာ သွားရောက် တိမ်းရှောင်နေခဲ့ရတယ်လို့သတင်းတွေလည်းထွက်ခဲ့ပါတယ်။MNDAA လက်ထဲ အဖမ်းမခံရအောင် ကြံဖန်ခဲ့ရတာပါ။ စစ်ကောင်စီခေါင်းဆောင်ရဲ့ လူရင်းဖြစ်တာမို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအဖြစ် နေရာရပြီး တပ်မ(၉၉)လောင်းရိပ်အောက်ကနေလွတ်မြောက်သွားတယ်လို့ သူနဲ့ တစ်ပတ်စဉ်ထဲ တေဇ(၂၄)ကျောင်းဆင်း လက်ရှိအငြိမ်းစားတစ်ဦးက ပြောပါတယ် ။သူ့နေရာဝင်လာပြန်တဲ့ ဗိုလ်မှူးကြီးမိုးမြင့်ထွန်းလည်း မူဆယ်က ကျားဖြန့်ပြဿနာထဲကတရားခံအဖြစ် တရုတ်အစိုးရက တံဆိပ်ရိုက်လိုက်လို့ စစ်ကောင်စီက ပြန်ဖမ်းလိုက်ရပြန်ပါတယ်။
အဲဒီနောက် တပ်မ(၉၉)ရဲ့ ခေါင်းဆောင်ဖြစ်လာသူကတော့ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်းရဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ဖြစ်ပါတယ်။ ၂၀၂၅ နှစ်စပိုင်းမှာ ဗိုလ်မှူးကြီးတင်မောင်ကျော်ကို ဗိုလ်မှူးချုပ်ရာထူးတိုးပေးပြီး ရခိုင်နဲ့ မကွေးတိုင်းနယ်စပ် စစ်မြေပြင်ကို ကွပ်ကဲခိုင်းခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေးမှာအကြိမ်ကြိမ်လဲပြိုပြီး အခြေမခိုင်တော့တဲ့ တပ်မ(၉၉)ဟာ AAရဲ့ စစ်ဗျူဟာမှာ ဦးမထောင်နိုင်ဘဲ ထပ်လဲပြိုကျပြန်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာAAတိုက်ခိုက်နေတဲ့ နတ်ရေကန်ဗျူဟာနဲ့အမ်း-ပဒါန်းလမ်းတိုက်ပွဲတွေမှာ တပ်မ(၉၉)က နည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ စစ်သုံ့ပန်းအဖြစ်AA ကဖမ်းဆီးခဲ့ပါတယ်။
အဲဒီကာလတိုက်ပွဲတွေမှာ စစ်တပ်ကရာချီသေဆုံးပြီး ၈၀ ထက်မနည်း ပျောက်ဆုံးခဲ့ပါတယ်။
ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်က ၎င်းတို့ထံမှာ တပ်ရင်းတစ်ရင်းကို တပ်ဖွဲ့ဝင်ဆယ်ဂဏန်းခန့်သာရှိပြီး တိုက်လိုခိုက်လိုစိတ်နဲ့ ယုံကြည်မှုမရှိတော့ကြောင်း၊ AAတပ်ဖွဲ့ဝင်တွေက ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး ယုံကြည်ချက်အတိုင်းတိုက်ပွဲဝင်နေကြတာတွေ့တယ်လို့ စစ်မြေပြင်အရှိတရားကို AAထံ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ တပ်မ(၉၉)ဘက်တံဆိပ်နဲ့ သုံ့ပန်းဖြစ်နေတဲ့ ဒုဗိုလ်မှူးကြီးကျော်ကျော်သက်ဟာ AAတပ်ဖွဲ့ဝင်တွေရှေ့မှာ အစွယ်ကျိုးနေတဲ့ ကျားအိုတစ်ကောင်လိုဖြစ်နေခဲ့ပြီး စစ်ရေးသတင်းအချက်အလက်တွေကိုပါဖွင့်ချဝန်ခံသွားခဲ့ပါတယ်။ဆက်တိုက်အထိနာနေတဲ့ စစ်ဆင်ရေးမှာ တာဝန်အရှိဆုံးဖြစ်တဲ့ဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီက မေလဆန်းမှာ ပြန်ဖမ်းလိုက်ပါတော့မယ်။
ပြင်ပကို ထွက်မလာတဲ့သတင်းတွေအရတော့ တပ်မ(၉၉) အတွင်းစည်းမှာ တောက်လျှောက်လောင်မီးကျနေတာပါ။ဗိုလ်မှူးချုပ်တင်မောင်ကျော်ဟာ အဖမ်းမခံရမီရက်ပိုင်းအလိုက AAထံခိုလှုံပြီးစစ်တပ်ကိုပုန်ကန်မယ်လို့တပ်တွင်းသတင်းတွေပါ ထွက်ခဲ့ပါတယ်။ စစ်ကောင်စီက လက်ဦးမှုယူဖမ်းဆီးပြီး ရာထူးကိုပါဖြုတ်လိုက်တာလို့ နေပြည်တော်နေပြည်တော် စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။မိသားစုဝင်တွေပါဖမ်းဆီးစစ်ဆေးခံရပြီး ဗိုလ်မှူးချုပ်တင်မောင်ကျော်တစ်ယောက် ” သေဒဏ်ကျနိုင်တယ်” လို့ သတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကောင်စီဟာ တပ်မ(၉၉)ရဲ့ အရှက်ကို ဖုံးကွယ်ဖို့ ဟန်ကိုယ့်ဖို့ လုပ်ကြံဇာတ်လမ်းတွေနဲ့ဝါဒဖြန့်ခဲ့ပါသေးတယ်။ တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၁၀၉)ဟာ ပြီးခဲ့တဲ့စက်တင်ဘာလဆန်းမှာမိခင်တပ်ရင်းဆီပြန်ခဲ့ပြီး အောင်ပွဲနဲ့ ပြန်လာသယောင် ကြိုဆိုရေးလုပ်ပြခဲ့ပါတယ်။၂နှစ်ခန့်အတွင်း လေးယောက်မြောက်တပ်မမှူး ဗိုလ်မှူးချုပ်တင်မောင်ကျော် ဖမ်းဆီးခံရ၊ ယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီးနဲ့ ဗျူဟာရုံးအဖွဲ့ဝင်တွေ စစ်သုံ့ပန်းဖြစ်နေချိန်အပြင် ရှေ့တန်းမှာ အတုံးအရုံးကျဆုံးနေတဲ့ကြားကနေ အောင်ပွဲရ ရဲဘော်တွေပြန်လာတယ်ဆိုပြီး သတင်းနဲ့ ဓါတ်ပုံတွေကိုဝါဒဖြန့်ခဲ့သေးတာပါ။
တပ်မ(၉၉)ကို ထုံးလိုချေရေလိုနှောက်ခဲ့တဲ့ AAက စစ်ကောင်စီရဲ့ အလိမ်အညာလုပ်ကြံဇာတ်လမ်းကို ထပ်ကြပ်မကွာဖွင့်ချခဲ့ပြန်ပါတယ်။ တပ်မ (၉၉) လက်အောက်ခံ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့ကယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နဲ့ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးကို ဖေဖော်ဝါရီလ (၄) ရက်ညမှာ ဖမ်းမိခဲ့တယ်လို့ စက်တင်ဘာလ၄ရက်နေ့ညမှာပထမဆုံးအကြိမ် တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။အမ်း-ပဒါန်း စစ်ဆင်ရေးမှ အောင်မြင်မှုရခဲဲ့ဟန်နဲ့ ရှေ့တန်းပြန်အခမ်းအနား ပြုလုပ်နေတာဟာ စစ်မြေပြင်အရှုံးကို ဖုံးကွယ်ဖို့ကြိုးစားခြင်းသာဖြစ်တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။
အမ်း-ပဒါန်းလမ်းပေါ်က တိုက်ပွဲတွေမှာ စစ်တပ်ကအရာရှိတွေ AA လက်ဖြောင့်သေနတ်သမားတွေကြောင့်သေတာ ၊ တိုက်ပွဲဖြစ်ရင်စစ်သားသစ်တွေကိုရှေ့ကအသေခံတက်ခိုင်းပြီးပြန်ပြေးလာရင် ပစ်သတ်တာ ၊ရှေ့မတက်ရင်ပြင်းထန်စွာအပစ်ပေးတာ ၊စစ်သားသစ်တွေကို စစ်သားဟောင်းတွေကခွဲခြားဖိနှိပ်တာ ၊ထွက်ပြေးလို့မိရင် ပစ်သတ်တာစတဲ့ တပ်မ (၉၉) အောက်ကတပ်ရင်းတွေထဲမှာ တပ်ပျက်နေတဲ့ အခြေအနေကို ဇူလိုင် ၂၇ ရက်နေ့မှာထွက်ပြေးလွတ်မြောက်လာတဲ့ စစ်သားသစ် နေသူမျိုးကလည်း ဖွင့်ချ ပြောပြခဲ့ပါတယ် ။
ဗိုလ်မှူးချုပ်တင်မောင်ကျော်အလွန်မှာတော့ဟားခါးအခြေချ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစိုးဝင်းထွန်းက တပ်မ(၉၉) တပ်မမှူးဖြစ်လာပြန်ပါတယ်။
ဒါအပြင် တပ်မ(၉၉)အထိနာလှပြီဖြစ်တာကြောင့် ရှမ်းပြည်နယ်အရှေ့တောင်ပိုင်း ၊မိုင်းပန်မြို့မှာအခြေစိုက်တဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -၁၇ (စကခ ၁၇) လက်အောက်က တပ်ရင်းတွေကို နတ်ရေကန်ဗျူဟာနဲ့ အမ်း-ပဒါန်းလမ်းက စစ်စခန်းတွေကိုထပ်ပို့ထားပါတယ် ။
ဗိုလ်မှူးကြီးစိုးဝင်းထွန်းတပ်မမှူးဖြစ်လာပြီးတဲ့နောက်မှာရယ် ၊ မိုင်းပန်က လာတဲ့ စကခ (၁၇)လက်အောက်က တပ်ရင်းတွေနဲ့ AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြင်းအထန်ထိပ်တိုက်တွေ့ဆုံတဲ့ တိုက်ပွဲတွေက စက်တင်
ဘာလဆန်းမှာဖြစ်ခဲ့ပါတယ် ။ နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်မှာ စက်တင်ဘာလ ၄ရက် နဲ့ ၇ ရက်နေ့ကဖြစ်ပွားခဲ့တာပါ။
စကခ(၁၇)လက်အောက်က ခမရ (၅၇၄) ၊ ခမရ (၅၇၅)၊ခမရ (၅၆၉)၊ ခမရ (၅၂၀) ၊ခလရ (၂၉၅ )တပ်ရင်းတွေ နဲ့ အဓမ္မစစ်သားသစ်စုဆောင်းပြီးသင်တန်းပေးရှေ့တန်းပို့စစ်တိုက်ခိုင်းတဲ့ စစ်သားသစ်တွေပါတဲ့ စစ်ကြောင်းတွေဟာ နတ်ရေကန် ဗျူဟာအနီးမှာ AA သိမ်းပိုက်ထားတဲ့စခန်းတွေကို ထိုးစစ်ဆင်လာတာပါ။ ၂ ကြိမ်ထိုးစစ်ဆင်တာမှာ ၂ ကြိမ်စလုံးသေဆုံးဒဏ်ရာရသူများ ပြီးတပ်လန်ကျပါတယ် ။သူတို့မတိုင်ခင် တပ်မ ၉၉ ကတပ်ရင်းတွေ ၁ ကြိမ် ထိုးစစ်ဆင်တုန်းကလည်းတပ်ပျက်ပြန်ပြေးခဲ့ရတာပါ။
လေကြောင်းနဲ့လက်နက်ကြီးပစ်ကူတွေ အဆက်မပြတ်ယူခဲ့ရတဲ့ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇၀ကျော်သေဆုံးပြီးလက်နက်ခဲယမ်းတွေအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ AAက ထုတ်ပြန်ထားပါတယ်။
တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးကြီးစိုးဝင်းထွန်းဟာ သူ့ရှေ့ကနောင်တော် တပ်မမှူးတွေနောက်ကို ခြေကုန်သုတ်လိုက်မယ့်၂နှစ်ခန့်အတွင်းငါးယောက်မြောက် တပ်မ(၉၉)တပ်မမှူးဖြစ်လာလိမ့်မယ်လို့ နာမည်ကြီးနေပြန်ပါပြီ။ ။
