စက်တင်ဘာ−၂၀၊ ၂၀၂၅။ထားမြတ်/People’s Spring
မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့ ပူးပေါင်းဖွဲ့စည်းထားသည့် ရာမညမွန်တပ်တော်(NMSP-AD/RMA)တွင် အခြား မွန်တော်လှန်ရေးတပ်ဖွဲ့ တခုဖြစ်သော မွန်လွတ်မြောက်ရေးတပ်တော် (MLF)လည်း ပူးပေါင်းပါဝင်လာကြောင်း RMAနှင့် MLFက ပူးတွဲကြေညာချက်ထုတ်ပြန်သည်။
MLFနှင့် NMSP-AD/RMA တို့သည် စက်တင်ဘာ ၁၈ရက်တွင် ပေါင်းစည်းလိုက်ခြင်းဖြစ်ပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေး ရည်ရွယ်ချက်ဖြင့် စစ်အာ ဏာရှင်စနစ်ကို ထိရောက်စွာ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း အသိပေးသည်။
ပေါင်းစည်းမှုတွင် ပါဝင်ခဲ့သည့် MLFဦးဆောင်ကော်မတီဝင်များနှင့် တပ်ဖွဲ့ဝင်များသည် NMSP-AD/RMA ၏ နိုင်ငံရေးနှင့် စစ်ရေးလုပ်ငန်းများတွင် တာဝန်ယူသွားမည် ဖြစ်ဟု ဆိုသည်။

Public Service Announcement
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) အနေဖြင့် တစ်ခု တည်းသော မွန်တပ်တော်ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်သည်။
“အခုလို ပေါင်းစည်းလိုက်ခြင်းဟာ စစ်အာဏာရှင်တွေကို အတူတိုက်ဖျက်နေတဲ့နေရာမှာပိုထိရောက်ပြီး ပိုအားဖြစ်သွားစေမယ်လို့ပြောချင်ပါတယ်”ဟု ကြေညာချက် ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။
ယခုနှစ် မေလတွင် ရာမညမွန်တပ်တော်အဖြစ် ပေါင်းစည်းထားပြီးနောက်ပိုင်း MLF တပ် လာရောက် ပူးပေါင်း တာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ကျန်သည့် မွန်တပ်တော်များ ပေါင်းစည်းနိုင်ရေးအတွက်လည်း အစဉ်အမြဲလမ်းဖွင့်ထားဟု နိုင်ကောင်းစကားက ဆိုသည်။
“ကျနော်တို့လည်း နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်”ဟုလည်း နိုင်ကောင်းစကားက မွန်တပ်များ ပေါင်းစည်းနိုင်ရေး နှင့်ပတ်သက်၍ ပြောသည်။
အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရာ၌ဖြစ်စေ စစ်အာဏာရှင်ကို တိုက်ဖျက်နေသည့် တော်လှန်ရေး၌ဖြစ်စေ အရေးကြီးဆုံးမှာ ညီညွတ်ရေးဖြစ်ဟု နိုင်ကောင်းစကားက ဆိုသည်။
“တစည်းတလုံးထဲဖြစ်ဖို့က အခြေအနေအမျိုးမျိုးကြောင့် လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ ခက်ခဲပေမယ့်လည်း ပေါင်းစည်းရမယ်ဆိုတဲ့ အရင်းခံနဲ့ ပြောကြဆိုကြ လုပ်ကြမယ်ဆိုရင် တဖြည်းဖြည်း ရုပ်လုံးပေါ်လာလိမ့်မယ်လို့ အဲဒီလို ယုံကြည်ပါတယ်” ဟု နိုင်ကောင်းစကားက ပြောသည်။
NMSP-AD/RMA သည် မွန်ပြည်သူ လူထုနှင့်အတူ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ် အမြန် ဆုံး ချုပ်ငြိမ်းရေးအတွက် ဘဝတူတိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲအစည်းများ၊ ပြည်သူ့ကာကွယ် ရေးတပ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။
ယခင်က မွန်တိုင်းရင်းသား တော်လှန်ရေးတပ်အဖြစ် မွန်ပြည်သစ်ပါတီ (NMSP) တခုတည်းသာ ရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် မွန်တော်လှန်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။
ထို့အပြင် မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF) တို့သည် မွန်ပြည် ဖက်ဒရယ်ကောင်စီ(MSFC) ကာကွယ်ရေးဌာနအောက်တွင်တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီးအခြားမွန်တော်လှန် ရေးတပ်များ၊ပြည်သူ့ကာကွယ်ရေးတပ်များ၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တို့နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

















































