စက်တင်ဘာ-၂၃၊ ၂၀၂၅။ People’s Spring
မောင်တောအခြေစိုက် Border News Agency(BNA) သတင်းဌာနရဲ့ အမျိုးသမီးသတင်း
ထောက်မုဒြာကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ထောက်လှမ်းရေးအဖွဲ့က စက်တင်ဘာ ၂၀ ရက် မနက် ၁၁ နာရီကျော်မှာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Border News Agency အယ်ဒီတာအဖွဲ့က စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
Border News Agencyရဲ့အမျိုးသမီးသတင်းထောက်မုဒြာကို မောင်တောမြို့နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားခြင်းခံခဲ့ရပြီး လာရောက်ခေါ်ဆောင်သွားပြီးနောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ထောက်လှမ်းရေးရုံးမှာ စစ်ဆေးနေတယ်လို့ သိရှိရကြောင်း Border News Agency က ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ သတင်းတွေကို ဦးစားပေးဖော်ပြနေတဲ့ Border News Agency ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို People’s Spring က ဆက်သွယ်မေးမြန်းထားပြီး တုန့်ပြန်ချက်မရသေးပါဘူး။

Public Service Announcement
အမျိုးသမီးသတင်းထောက် မုဒြာနဲ့ ပတ်သက်ပြီးနားလည်မှုလွဲမှားနေသည်များရှိပါက သက်ဆိုင် ရာပုဂ္ဂိုလ်များအနေနဲ့ ရှေ့နောက်အမျှော်အမြင်ရှိစွာ၊ သဘောထားကြီးစွာဖြင့် အပြုသဘောဆောင်နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်း Border News Agencyက ဖော်ပြပါတယ်။
လာရောက်ခေါ်ဆောင်သွားကြသူတွေအနေနဲ့ မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှုအပေါ်မှာလူသားချင်းစာနာမှုအရလည်းကောင်း၊ နိုင်ငံတကာ ဥပဒေများကိုအလေးထား၍လည်းကောင်း ပြန်လည်ပို့ဆောင်ပေးကြဖို့ Border News Agency အယ်ဒီတာအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
ဒါအပြင်သတင်းထောက်များကာကွယ်ရေးကော်မတီ ( CPJ)ကလည်း သတင်းထောက်မုဒြာကို အာရက္ခတပ်တော် (AA)အနေနဲ့ ချက်ချင်းလွှတ်ပေးဖို့ စက်တင်ဘာ ၂၃ရက်မှာ တောင်းဆိုထားပါတယ် ။
CPJ ၏ အရှေ့တောင်အာရှရေးရာ အကြီးတန်း ကိုယ်စားလှယ် Shawn Crispin က “အာရက္ခတပ်မတော်အနေနဲ့ သတင်းထောက် မုဒြာကို အခုလွှတ်ပေးဖို့ နဲ့ သတင်းထောက်အားလုံးကို ရခိုင်ပြည်နယ်မှာ လွတ်လွတ်လပ်လပ် သတင်းရယူပေးပို့ခွင့်ပေးရမယ်” လို့ပြောပါတယ်။
ဒါအပြင်သတင်းထောက်တွေကို သူတို့ရဲ့သတင်းပေးပို့မှုတွေအတွက် ပစ်မှတ်ထားလက်တုံ့ပြန်တာမျိုးတွေမလုပ်ပဲ ကာကွယ်ပေးဖို့တာဝန်ရှိတယ်လို့ပြောခဲ့တယ် ။
