close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့မှာ ကားအောက်ညှပ်ပါသွားတဲ့ဆိုင်ကယ်စီးအမျိုးသမီးအသက်မသေဆုံး ၊ ဆေးရုံမှာသတိပြန်ရပြီ

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အဝင်မှာ ကားတိုက်ခံရပြီး ကားအောက်ပါသွားကာ စွန့်ပစ်ခံခဲ့ရသူ အမျိုးသမီး သတိပြန်ရလာပြီလို့ လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။

အခင်းဖြစ်နေရာမှာ ဒဏ်ရာရတဲ့အမျိုးသမီးကို ကူညီရေးသမားတွေက ကယ်ဆယ်နေစဉ်။ ဓာတ်ပုံ -နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်း

အောက်တိုဘာ-၁၇၊၂၀၂၅၊ မေ ၊ ဆိုင်းမင်း / People’s Spring

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အဝင်မှာ ကားတိုက်ခံရပြီး ကားအောက်ပါသွားကာ စွန့်ပစ်ခံခဲ့ရသူ အမျိုးသမီး သတိပြန်ရလာပြီလို့ လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်မှာ အောက်တိုဘာ ၁၆ ရက် မနေ့ ညပိုင်း ၇နာရီဝန်းကျင် မှာ အမျိုးသမီးတစ်ဦး စီးလာတဲ့ ဆိုင်ကယ်ကို Mark X အမျိုးအစား အိမ်စီးကားအဖြူရောင် ကတိုက်ပြီး ထွက်ပြေးသွားတာလို့ သိရပါတယ်။

အမျိုးသမီး စီးလာတဲ့ဆိုင်ကယ်က နေရာမှာတင်ကျန်ခဲ့ပြီး ခန္ဓာကိုယ်က ကားအောက်ပါသွားခဲ့တာလို့ မျက်မြင်တွေ့သူ တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် မြို့ခံတွေက လူပျောက်ရှာကြပြီး လူမှုကူညီရေးအသင်း တွေ‌‌ရောက်ရှိလာကာ မီးမောင်းတွေ နဲ့ ရှာဖွေခဲ့ကြရာ သွေးစတချို့သာ တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတခု တာဝန်ရှိသူက ပြောပါတယ်။

တိုက်သွားတဲ့ကားဟာ အဆုတ်ဆေးရုံအနီးမှာ ခေတ္တရပ်ခဲ့ပြီး ကားအောက်ညှပ်ပါလာတဲ့ အမျိုးသမီးကို ကားပေါ် ပြန်တင်ကာ ကန်ကောက်ရွာအထည် ချုပ်စက်ရုံအနီးမှာ ပစ်သွားခဲ့တယ်လို့ သိရပါတယ်။

ကနဦးက အမျိုးသမီးသေဆုံးသွားတာကြောင့် အလောင်းကိုစွန့်ပစ်ခဲ့တာလို့သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် လူမှုကူညီရေးအသင်းက ရှာတွေ့ရာမှာ ဒဏ်ရာပြင်းထန်ပြီး သတိမေ့မြောနေတာကြောင့် ဆေးရုံကို တင်ပို့ပေးခဲ့ရာ ဒီနေ့ (အောက်တိုဘာလ ၁၇ ရက်) မနက်ပိုင်းမှာ သတိပြန်ရလာတာလို့သိရပါတယ်။

“ ဒီမနက်မှာ ကောင်းကောင်းသတိရတယ်၊ ဖြစ်စဉ်လည်းပြောပြနိုင်ပြီ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်‌‌ထိ ကားနဲ့တိုက်ထွက်ပြေးကာ လူနာကိုစွန့်ပစ်သွားတဲ့ ကားသမားကို ဖမ်းမမိသေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook