NUG ဝန်ကြီးနှစ်ဦးနဲ့ ထိုင်းလွှတ်တော်အမတ်တို့ တွေ့ဆုံ
အောက်တိုဘာ-၂၀၊ ၂၀၂၅။ People’s Spring
စစ်ကောင်စီက အကန့်အသတ်နဲ့ကျင်းပမယ့်ရွေးကောက်ပွဲဟာ မြန်မာ့အခြေအနေကို ပိုမိုဆိုးရွားစေမှာဖြစ်လို့ နိုင်ငံတကာအဆင့်မှာ အသိအမှတ်မပြုသင့်ဘူးလို့ ထိုင်းလွှတ်တော်အမတ် ကန်နဝီဆူဘန်းက ပြောပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ မကြာခဏထုတ်ဖော်ပြောကြားလေ့ရှိတဲ့ ထိုင်းအောက်လွှတ်တော်အမတ် ကန်နဝီဆူဘန်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူသားစာနဲ့သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တဲ့အကြောင်း ဒီနေ့ သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။ မစ္စတာကန်နဝီဆူဘန်းက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ မိတ်ဆွေတွေနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း ဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့ပေမယ့် ဘယ်နေ့ရက်က တွေ့ဆုံခဲ့သလဲဆိုတာ မသိရသေးပါဘူး။

Public Service Announcement
NUG ဝန်ကြီးတွေဖြစ်တဲ့ ဒေါ်ဇင်မာအောင်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ထပ်မံ ရွေးကောက်ခံရတဲ့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေလည်းဖြစ်ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ ထိုင်းဥပဒေပြုရေးအာဏာအနေနဲ့ အပြုသဘောကြားဝင်ဆောင်ရွက်နိုင်မယ့် ဖြစ်နိုင်ခြေအပေါ်မှာ CRPH က မိတ်ဆွေတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မဖြစ်ပေါ်ဘူးဆိုရင် ထိုင်းနိုင်ငံအနေနဲ့လည်း ဧကန်မုချခံစားရလိမ့်မယ်လို့ မစ္စတာကန်နဝီဆူဘန်းက ပြောပါတယ်။ မျက်လုံးတွေ၊ နားတွေ ပိတ်ထားမယ့်အစား ပြဿနာတွေကို ဖြေရှင်းဖို့၊ ရှေရည်တည်တံ့တဲ့အဖြေတွေ ရှာဖွေဖို့ စိတ်တွေ ဖွင့်ထားသင့်ကြောင်းလည်း ထိုင်းလွှတ်တော်အမတ်က ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံကို ရိုက်ခတ်လာမယ့် အခြေအနေတွေကို ကာကွယ်ဖို့ နယ်စပ်ဖြတ်ကျော်လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေး ဖြစ်နိုင်ခြေအပေါ်လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာမူတွေအတိုင်းလိုက်နာတယ်ဆိုရင် မြန်မာပြည်သူတွေအနေနဲ့ ထိုင်းနိုင်ငံထဲကို ဒုက္ခသည်တွေအဖြစ် အစုအပြုံလိုက် ရောက်လာမှာမဟုတ်ဘူးလို့ ထိုင်းလွှတ်တော်အမတ်က ရေးသားပါတယ်။ ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံထဲက နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ၊ အွန်လိုင်းငွေလိမ်လည်မှု ပြဿနာရပ်တွေကိုလည်း ဖြိုခွဲဖို့လိုအပ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ အသိပေးထားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အလျင်အမြန်အခိုင်အမာရပ်တည်ရမယ်လို့လည်း မစ္စတာကန်နဝီဆူဘန်းက ပြောပါတယ်။
အဲဒီထိုင်းလွှတ်တော်အမတ်နဲ့တွေ့ဆုံမှုနဲ့ပတ်သက်လို့ ဒီနေ့ ညပိုင်းအထိ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်အသိပေးလာတာ မရှိသေးပါဘူး။

















































