အောက်တိုဘာ-၂၀၊၂၀၂၅။ သုည/People’s Spring
ကရင်နီပြည် နဲ့စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရှုတ်ချရေးနဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆိုလှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၂၀) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
ကရင်နီပြည်နယ် တနေရာမှာ ကယောလူငယ်အစည်းအရုံး(KwYO)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)၊ ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY)နဲ့ လူငယ်ရေးရာဌာနမှ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆန့်ကျင်ရှုတ်ချရေး လူထုလှုပ်ရှားမှု ကမ်ပိန်းကို ပြုလုပ်ခဲ့ပါတယ်။
ကမ်ပိန်းမှာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ရှင်းလင်းချပြခြင်း၊ ပြည်ထောင်စု၊ပြည်နယ်နိုင်ငံရေးအခြေနေတွေမျှဝေခြင်း၊ ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနဲ့ လူငယ်ရေးရာဌာနရဲ့ရှေ့လုပ်ငန်းစဉ်တွေချပြဆွေးနွေးတာတွေလည်း လုပ်ခဲ့ပါတယ်။

Public Service Announcement
အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၅ နှစ်ကုန်ခါနီးမှာ ရွေးကောက်ပွဲပြုလုပ်ပြီး နိုင်ငံရေးထွက်ပေါက်ရှာနေခြင်း ဖြစ်ကြောင်း၊ ဒါ့ကြောင့်ပြည်သူတွေအနေဖြင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ စစ်ကောင်စီပြုလုပ်မယ့် နိုင်ငံရေးလှည့်ကွက်ဖြစ်တဲ့ ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ခြင်းမပြုဘဲ နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ – ဗကသများအဖွဲ့ချုပ် ဦးဆောင်ပြီး ဗကသများအဖွဲ့ချုပ်ဝင် အခြေခံပညာကျောင်းသားများသမဂ္ဂတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ နှိုးဆော်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒါ့အပြင် “ Free Our Leader” ၊ “ ဖမ်းဆီးခံခေါင်းဆောင်များလွှတ်ပေးရေး” စာသားတွေ ကိုင်ဆောင်ပြီး ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးချက်ချင်းလွှတ် ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းက “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ဟု ကြွေးကြော်ပြီး စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။






















































