အောက်တိုဘာ-၂၀၊၂၀၂၅။အိမ်သွင်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ခါမ်းပါတ်မြို့ဘက်ဦးတည်လာတဲ့စစ်ကြောင်းဟာ ကလေး -တမူးလမ်းပေါ်က စော်ဘွားရေရှင်ရွာနဲ့ ရောက်ရှိနေလို့ တိမ်းရှောင် ခြင်းမရှိတဲ့ဒေသခံတွေအတွက် အန္တရာယ်ရှိနေတယ်လို့ ရှောင်ကြဖို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော်၊ ကသည်းနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂၀၀ကျော်ပါဝင်တဲ့စစ်ကြောင်းဟာ စော်ဘွားရေရှင်ကျေးရွာရောက်နေပြီး ရှေ့တိုးဖို့ပြင်နေတယ်လို့ သတင်းရရှိပါတယ်။
” ရှောင်နေတဲ့သူတွေက ရှောင်ကြတယ်။ ကပ်သပ်နေသူတွေလည်း ရှိနေတယ်။ ဒါကတော့အခြေအနေအရပေါ့လေ။ ဒါပေမယ့် စစ်ကြောင်းက မည်းမည်းမြင်ရာကိုရန်လုပ်မှာ။ အခုလည်း အရပ်သားတွေဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရသူတွေလည်းရှိနေတယ်။ ရှောင်ကြဖို့ပဲ အရေးကြီးတယ်” လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ဒီနေ့(အောက်တိုဘာ၂၀ရက်)မှာ ပြောပါတယ်။

Public Service Announcement
အိန္ဒိယနိုင်ငံနဲ့ချိတ်ဆက်ထားတဲ့ ကလေး-တမူးလမ်းပိုင်း နယ်မြေစိုးမိုးမှုရယူဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ခါမ်းပါတ်မြို့ကို တိုက်ခိုက်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာဖြစ်ပါတယ်။
စော်ဘွားရေရှင်ရွာဟာ ကလေးမြို့နယ်ထဲမှာပါဝင်တဲ့ တမူးမြို့နယ်စပ်က ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်စစ်ကြောင်းက အရပ်သားတွေဖမ်းဆီးသတ်ဖြတ်မှုကျူးလွန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကံကြီးရွာနဲ့ခုံသာကျေးရွာက အရပ်သားတွေဖမ်းဆီးခံရပြီး ရှစ်ဦးသတ်ဖြတ်ခံလိုက်ရတယ်လို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။
” ဒီရက်ထဲမှာ အရပ်သားတွေ အဖမ်းခံထိတယ်။ ရှစ်ယောက် အသတ်ခံရတယ်။ စစ်ကြောင်းက စစ်ရာဇဝတ်မှုတွေကျူးလွန်ရင် ဒေသခံတွေအတွက် ဆုံးရှုံးမှုကြီးမားတယ်” လို့ သူက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းကတည်းက ကလေးမြို့နယ်မြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေခဲ့တာဖြစ်ပြီး တိုက်ပွဲတွေပြင်းထန်နေခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီကလေကြောင်း၊ လက်နက်ကြီးအင်အားသုံးပြီးပစ်ခတ်နေလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆုတ်ခွာပေးလိုက်ရတဲ့အခါ မြေပြင်ကနေ ရှေ့ကိုတိုးနေတာလို့ ၎င်းက ပြောပါတယ်။
မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ နှစ်လကျော် ကြာတဲ့အထိ ခုခံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က အင်အား၂ဆကျော်တိုးပြီး စစ်ကြောင်းဝင်လာလို့ ခွာစစ်ဆင်ခဲ့တာလို့ ကာကွယ်ရေးရဲဘော်တစ်ဦးက လူမှုကွန်ရက်ပေါ်မှာ ရှင်းပြထားပါတယ်။
လက်ရှိမှာ ကလေး- တမူးလမ်းပိုင်းသွားလာမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။။လုံခြုံရေးအခြေအနေအရ ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကိုလိုက်နာကြဖို့ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၄)က တိုက်တွန်းထားပါတယ်။
လက်ရှိ ဒေသတွင်းအခြေအနေကြောင့် ကလေးမြို့နယ်က နန်းဟံနွဲ့၊ နန်းစောင်းပု၊ကြံစက်ကုန်း ၊ ၅၆မိုင်၊ ခုံသာ၊ကံကြီး၊ ရာဇဂြိုလ်၊ မြစိမ်းရွာအပါအဝင် ကျေးရွာပေါင်း၂၀ကျော်က ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ သတင်းရရှိပါတယ်။
ကလေးမြို့ပေါ်ကိုလည်း စစ်ဘေးရှောင်တွေအများအပြားရောက်ရှိလာပြီး စစ်ကောင်စီက ဖမ်းဆီးနေတာတွေရှိတယ်လို့ သိရပါတယ်။
” ကလေး-တမူးလမ်းကို စိုးမိုးဖို့ရော၊ ခါမ်းပတ်ကို ပြန်ထိန်းချုပ်ဖို့ရော လုပ်နေတာဆိုတော့ စစ်ဘေးရှောင်နေတဲ့အတွက် ရေရှည်စဉ်းစားဖို့လိုတယ်။ အချင်းချင်း အားလုံးဝိုင်းပြီးကူညီကြဖို့ အရေးကြီးပါတယ်” လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ခါမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၃ နိုဝင်ဘာ၇ရက်မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ယနေ့အထိ ထိန်းချုပ်ထားတာပါ။
ပြီးခဲ့တဲ့သြဂုတ်လကလည်း ကလေး-တမူးအာရှလမ်းပေါ်က နန်မွန်းတားကျေးရွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ဝင်ရောက်လာပြီးတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းမှာ ကသည်းတပ်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
အိန္ဒိယအစိုးရကို တော်လှန်နေတယ်ဆိုတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁က စတင်ပြီး တမူးခရိုင်၊ တမူးမြို့နယ်နှင့် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး ကာကွယ်ရေးတပ်တွေကိုတိုက်ခိုက်ခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့ ဟုမ္မလင်းမြို့ကနေ သင်္ဘောတွေနဲ့ ကလေးမြို့ကိုဝင်ရောက်လာလာတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက စက်တင်ဘာလထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။
ကလေးမြို့နယ်၊ နန်းဟန်နွဲ့ရွာမှာ ပြီးခဲ့တဲ့စက်တင်ဘာ ၁၅ရက်ကတိုက်ပွဲမှာ စစ်ကောင်စီနဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ပူးပေါင်းတပ်ကို
ကလေးခရိုင် အမှတ် (၄) တပ်ရင်းက တိုက်ခိုက် စဉ် ကသည်းလက်နက်ကိုင်တပ်စိတ် တစိတ်လုံး သေဆုံးပြီး စစ်ကောင်စီ ဗိုလ်မှူး၁ဦး ဒဏ်ရာရခဲ့တယ်လို့ အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ခဲ့ပါတယ်။
















































