close
Connect with us

Hi, what are you looking for?

သတင်း

ဖီဖာငြိမ်းချမ်းရေးဆု ရွေးချယ်ရာမှာ ခရိုနီ ဦးဇော်ဇော် ပတ်သက်နေမှုအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်၊ ထရမ့်ကဆုရဖွယ်ရှိနေ

ဒီဇင်ဘာ-၄၊၂၀၂၅။People’s Spring

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ကချီးမြှင့်မယ့် ငြိမ်းချမ်းရေး ဆုအသစ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ရရှိလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဆုရွေးချယ်မှုမှာ အာဏာသိမ်း မြန်မာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ခရိုနီ ဦးဇော်ဇော် ပါဝင် ပတ်သက်နေတဲ့အတွက် အငြင်းပွားစရာ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ The Guardian သတင်းဌာနက​ဖော်ပြပါတယ်။

ဖီဖာ ဥက္ကဋ္ဌ ဂီယန်နီအင်ဖာတီနိုကသူ့ရဲ့အဖွဲ့အစည်းဟာလည်း ကိုယ်ပိုင် ငြိမ်းချမ်းရေးဆုတစ်ခု ဖန်တီးပြီး ပြည်သူတွေကို ငြိမ်းချမ်းစွာ စုစည်းပေးနိုင်တဲ့ လူပုဂ္ဂိုလ်တွေကို ချီးမြှင့်သွားမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

အဲဒီ အသစ်ဖန်တီးထားတဲ့ဆုအတွက်ပထမဆုံး ဆုရှင်ကိုတော့ဝါရှင်တန်ဒီစီ မြို့တော်မှာကျင်းပမယ့်၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပွဲစဉ်တွေ ရေးဆွဲမယ့် အစီအစဉ်နဲ့အတူ ကြေညာသွားမှာပါ။ ကမ္ဘာ့ဖလားကိုမက္ကဆီကို နဲ့ အမေရိကန်တို့ကပူးတွဲအိမ်ရှင် အနေနဲ့ ကျင်းပမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဆုကိုတော့ ထရမ့်ကို ပေးအပ်မယ်ဆိုတဲ့ ထင်ကြေးတွေ ကျယ်ကျယ်ပြန့်ပြန့် ကြိုတင် ထွက်ပေါ်နေခဲ့ပါတယ်။ အင်ဖာတီနိုဟာ ငြိမ်းချမ်းရေးဆိုင်ရာ အခမ်းအနားတွေမှာ ထရမ့်နဲ့ မကြာခဏ တတွဲတွဲ အတူတွေ့ခဲ့ရတာကြောင့် ဆုရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဖီဖာရဲ့ ဘက်မလိုက် ရပ်တည်မှုအပေါ် မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပါတယ်။

ပြီးတော့ ပိုပြီးအငြင်းပွားစရာ အခြေအနေအဖြစ် ဆုရွေးချယ်မယ့်သူတွေကို အဆိုပြု တင်ပြမယ့် ကော်မတီမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဦးဆောင်မယ်ဆိုတာပါပဲ။ ဦးဇော်ဇော်နဲ့ သူပိုင်ဆိုင်တဲ့ Max Myanmar ကုမ္ပဏီဟာ မြန်မာစစ်တပ်နဲ့ ပတ်သက် ယှက်နွှယ်မှုတွေကြောင့် အမေရိကန်၊ ဥရောပ သမဂ္ဂ (EU)တို့ရဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ကြုံခဲ့ရဖူးပါတယ်။

၂၀၀၉ ခုနှစ်တုန်းကအမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ဦးဇော်ဇော်ကို အဲဒီခေတ် မြန်မာစစ်ကောင်စီနဲ့ နီးစပ်တဲ့ ခရိုနီတစ်ဦးအဖြစ် ဖော်ပြဖူးပါတယ်။ဒါအပြင် ဦး​ဇော်​ဇော်နဲ့ ဦးသန်း​ရွှေ ၊ဦးသန်း​​ရွှေ​မြေးဖြစ်သူ ဖိုးလပြည့်တို့နီးကပ်မှု​တွေကိုလည်း​The Guardian ကဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကတော့ဦးဇော်ဇော်နဲ့ ဖီဖာ ငြိမ်းချမ်းရေးဆုရွေးချယ်ရေးကိစ္စ ပတ်သက်မှုတွေအပေါ် ဘာမှတ်ချက်မှ မပေးပါဘူး။

နှစ်​ပေါင်း ၂၀ ​ကျော်ကြာ ​​ဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ်တဦးတည်းလုပ်ခဲ့တဲ့ ဦး​ဇော်​ဇော်ဟာ ဖီဖာရဲ့​လူမှုရေးဆိုင်ရာတာဝန်ယူမှုကော်မတီမှာဥက္ကဌဖြစ်​နေပါတယ်။အဲဒီ​ကော်မတီက အခုဆု​ရွေးချယ်တဲ့လုပ်ငန်းစဥ်မှာအဓိက​နေရာကပါဝင်လာဖွယ်ရှိ​နေတာပါ။

ဖီဖာရဲ့ဆုရွေးချယ်မှုဟာသီးသန့်ကြိုတင်ရွေးချယ်ထားတဲ့ လူပုဂ္ဂိုလ် တချို့ကိုလော်ဘီလုပ်ပေးဖို့၊ ဂုဏ်တင်ပေးဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်းလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တချို့ကလည်း ဝေဖန်နေကြပါတယ်။ ပြီးတော့ အင်ဖာတီနိုဟာ ဖီဖာကောင်စီရဲ့ ထောက်ခံချက်တွေကိုမယူပဲကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်တာတွေ ရှိခဲ့ဖူးတာတွေကိုလည်း ထောက်ပြလာပါတယ်။

ဖီဖာကတော့အသစ်ဖန်တီးချီးမြှင့်မယ့်ဆုနဲ့ပတ်သက်လို့ ဝေဖန်မှုတွေကို ပယ်ချထားပြီး ဆုရဲ့ ရည်ရွယ်ချက်ဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် အားထုတ်မှုတွေကို အသိအမှတ်ပြုဖို့သာ ရည်ရွယ်ထားတာလို့ တုံ့ပြန်ခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ