ဒီဇင်ဘာ-၄၊၂၀၂၅။People’s Spring
မန္တလေးမြို့မှာ စစ်တပ်ကလုံခြုံရေးတိုးမြှင့်ထားချိန်မှာ သပိတ်ခေါင်းဆောင်သုံးဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်း ၊ကိုနန်းလင်း ၊ကိုခန့်ဝေဖြိုး တို့အပါအဝင် သပိတ်အဖွဲ့ဝင်နဲ့ပြည်သူတွေက မြို့လယ်ဈေးချိုအနီး ဆန္ဒပြခဲ့ကြပါတယ်။
လူထုလှုပ်ရှားမှုကို အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် နဲ့စစ်အုပ်စု မန္တလေးနဲ့ပြင်ဦးလွင် ရောက်နေတာမို့ မန္တမြို့မှာ စစ်တပ်ကလုံခြုံရေးမြှင့်ထားချိန်မှာပဲ ပြည်သူလူထုရဲ့ ပါဝင် ကူညီစောင့်ရှောက်မှုနဲ့အတူ ဖော်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ဒေါက်တာတေဇာစန်းကအသိပေးပါတယ်။
နွေဦးတော်လှန်ရေးမှာ ပိုလူသိများထင်ရှားလာတဲ့သပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ မန္တလေးမြို့က ဒေါက်တာတေဇာစန်း ၊ရန်ကုန်က ကိုနန်းလင်း ၊ မုံရွာကကိုခန့်ဝေဖြိုးတို့ဟာ ဈေးချိုအနီးမှာအတူတကွ ဆန္ဒပြခဲ့ကြတာဟာပထမဆုံးအကြိမ်ဖြစ်ပါတယ် ။

Public Service Announcement
ဒီဇင်ဘာလ ၃ ရက်မနက်အစောမှာ ဈေးချိုအနီးဆန္ဒပြခဲ့တာကို စစ်တပ်က နာရီပိုင်းအတွင်းသိရှိသွားပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးနိုင်ခြင်းမရှိတဲ့အတွက် အနီးဝန်းကျင်မှာ ဆဲဆိုကြိမ်းမောင်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ် ။
ဆန္ဒပြသူတွေအားလုံးဘေးကင်းတယ်လို့ဒေါက်တာတေဇာဆန်းကပြောပါတယ် ။
အာဏာရှင်စနစ်ဟာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့အပါအဝင် တိုင်းပြည်နဲ့ လူထုတရပ်လုံးအတွက် “ဘုံရန်သူ” ဖြစ်တယ် ၊အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးဟာတိုင်းပြည်အတွက် “ဘုံရည်မှန်းချက်” ဖြစ်သလို လူထုတရပ်လုံးအတွက် “သမိုင်းပေးတာဝန်” ဖြစ်တယ်၊အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ရတာက “အရင်းအနှီး၊ အထိအခိုက်” တွေ ကြီးမားပါတယ်။ သို့သော် အာဏာရှင်စနစ် အောက်မှာ ခေါင်းငုံ့လည်ဆင်းခံပြီး ဒီစနစ် သက်ဆိုးရှည်သွားရင် တိုင်းပြည်မှာ ဖြစ်လာမယ့် နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုက ပိုပြီးတော့ ကြီးမားပါတယ်။ ယခုအချိန် အာဏာရှင်စနစ် တိုက်ဖျက်ရေးဟာ ကျနော်တို့ရဲ့ “သမိုင်းပေး တာဝန်” ဖြစ်ပါတယ်လို့ ဆန္ဒပြပွဲက အဓိကသတင်းစကားပါးခဲ့တယ်လို့သိရပါတယ်။
“ ကျနော်တို့တွေအားလုံး အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ရှေ့လျောက်မှာ ပိုပြီးတော့ သန်မာကြမယ်၊ ပိုပြီးတော့ စုစည်းကြမယ်၊ ပိုပြီးတော့ အလုပ်လုပ်ကြမယ်” လို့လည်းပြောပါတယ်။
မင်းအောင်လှိုင်ရောက်လို့လုံခြုံရေးမြှင့်ထားချိန် မန္တလေးမြို့လယ်မှာ…
Posted by People's Spring on Thursday 4 December 2025
ဒါ့အပြင်လူထုသဘောထားဆန္ဒနဲ့ တောင်းဆိုချက်ကြီး (၃) ရပ်ကိုလည်းတင်ပြပါတယ်။ အဲဒီ သုံးချက်က
အချက် (၁) – အဓမ္မ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့နဲ့အကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရေး။
အချက် (၂) – စစ်အုပ်စုက အခု အတင်းအဓမ္မ ပြင်ဆင်နေတဲ့ “ရွေးကောက်ပွဲ” ဆိုတာဟာ တိုင်းပြည်ရဲ့ လက်ရှိနိုင်ငံရေးပြဿနာအတွက် “ထွက်ပေါက်” မဖြစ်ယုံသာမက “ထောင်ခြောက်” ပဲဖြစ်တယ်။ ဒါ့ကြောင့် ဒီ “အတုအယောင်၊ တရားမဝင် ရွေးကောက်ပွဲ” ကို လူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်နေကြခြင်း ဖြစ်တယ်။
အချက် (၃) – စစ်အုပ်စုဟာ အဓမ္မစစ်မှုထမ်းဥပဒေကို အတင်းပြုကျင့်ပြီး လူထုတရပ်လုံးကို အမျိုးမျိုး ဖိနှိပ် အနိုင်ကျင့်နေတယ်၊ လူငယ်လူရွယ်များစွာကို သေတွင်းထဲကို ပို့နေတယ်။ ဒီ “အဓမ္မစစ်မှုထမ်း ဥပဒေ” ကို လုံးဝ ဖျက်သိမ်းဖို့ လိုအပ်တယ်လို့ဖော်ပြပါတယ် ။
ဒါအပြင်လာမယ့် ဒီဇင်ဘာလ (၁၀) ရက်နေ့ (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့) မှာ တနိုင်ငံလုံး လူထုတရပ်လုံးက “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” (Silent Strike) ဆင်နွှဲပြီးတော့ ဒီလူထုသဘောထားနဲ့ တောင်းဆိုချက်ကြီး (၃) ရပ်ကို ဖော်ထုတ် တောင်းဆိုကြဖို့ ရှိတယ်လို့လည်း အသိပေးပါတယ် ။
လူထုတိုက်ပွဲလှုပ်ရှားမှုမှာ ပြည်သူလူထုအားလုံး အတူတကွ ပူးပေါင်း ပါဝင်ဆင်နွှဲကြဖို့လည်းတိုက်တွန်းထားပါတယ်။
“ ပြည်သူ့နွေဦးတော်လှန်ရေးကြီးမှာ “ပြည်သူသာ အဓိက” ဖြစ်ပါတယ်။ ပြည်သူအားလုံး တော်လှန်ရေးသမားများ ဖြစ်ကြပါတယ်။အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းရေးအတွက် “လက်နက်ကိုင်တိုက်ပွဲ” တခုတည်းကိုပဲ လုံးလုံးလျားလျား အားပြုနေလို့ မရပါဘူး။ “လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု” များကို အသိ၊ သတိ၊ သတ္တိ၊ ဉာဏ်ပညာနဲ့ယှဉ်ပြီး ဖော်ဆောင်ကြဖို့ အထူး အရေးကြီးပါတယ်” လို့ဒေါက်တာတေဇာစန်းက တိုက်တွန်းထားပါတယ်။
ရုပ်သံ-ဒေါက်တာတေဇာစန်း
















































