close
Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်လေတပ်ရဲ့ စတန့်အလှပြ ပျံသန်းတဲ့ F-16 တိုက်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး အသက်ရှင်လွတ်မြောက်

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲမှာ F-16 တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူးကတော့ အချိန်မီ လေထီးနဲ့ ခုန်ထွက်ပြီး အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲမှာ F-16 တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူးကတော့ အချိန်မီ လေထီးနဲ့ ခုန်ထွက်ပြီး အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။

အဲဒီ အပေါ့စား တိုက်လေယာဉ်ဟာ အမေရိကန် လေတပ်ရဲ့ စတန့် အလှပြ ပျံသန်းမှု ယူနစ် Thunderbirdsမှာ ပါဝင်ခဲ့တာပါ။ လေယာဉ်ဟာ ဒီဇင်ဘာ ၃ ရက်နေ့တုန်းက ကယ်လီဖိုးနီးယား အရှေ့ပိုင်း၊ ထရော်နာ လေဆိပ်နားမှာ ဦးစိုက်ဆင်း ပျံသန်းရင်း ပြန်လည် ဦးမမော့နိုင်ဘဲ ကွင်းပြင်တစ်နေရာဆီ ပျက်ကျပြီး ပေါက်ကွဲသွားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ကို တစ်ဦးတည်း ထိန်းချုပ် မောင်းနှင်ခဲ့တဲ့ လေယာဉ်မှူးကတော့ လေထီးနဲ့ အချိန်မီ ခုန်ထွက်ပြီး လွတ်မြောက်သွားပါတယ်။ လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့ခဲ့တဲ့ ဗီဒီယို ဖြတ်ပိုင်းတိုလေးမှာတော့ လေယာဉ် ပျက်ကျပြီး ပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ မီးခိုးလုံးကြီးနားမှာ လေထီးလေး ကျဆင်းသွားတာကို အဝေးကနေ တွေ့ခဲ့ရပါတယ်။

လေ့ကျင့်ပျံသန်းမှု အစီအစဉ် တစ်ခုမှာ အဲဒီလို လေယာဉ်ပျက်ကျမှု ဖြစ်ခဲ့တာလို့ လေတပ်ရဲ့ ထိပ်တန်း စတန့်ယူနစ်ဖြစ်တဲ့ Thunderbirdsက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်ဟာ F-16C မျိုးကွဲဖြစ်ပြီး ပေါ့ပါးတဲ့၊ အလျင်အမြန် လမ်းကြောင်းပြောင်း ကွေ့ကောက်ပျံသန်းရင်း စစ်ကစားနိုင်တဲ့ ဒီဇိုင်းမျိုး ထုတ်လုပ်ထားတာပါ။ F-16Cတွေဟာ Thunderbirdsရဲ့ လေကြောင်းစတန့် ပြကွက်တွေမှာ အဓိကထား အသုံးပြုတဲ့ လေယာဉ်တွေလည်း ဖြစ်ပါတယ်။

F-16တွေဟာ ခေတ်သစ် အမေရိကန် သမိုင်းမှာ အများဆုံး ရောင်းချရတဲ့ တိုက်လေယာဉ် အမျိုးအစားလည်း ဖြစ်လာပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ စတင်ထုတ်လုပ်ခဲ့ပြီး စဉ်ဆက်မပြတ် အဆင့်မြှင့်တင်မှုတွေကြောင့် F-16တွေဟာ မျက်မှောက်ခေတ် စစ်ပွဲတွေအထိ အသုံးဝင်နေဆဲပါ။ အဲဒီတိုက်လေယာဉ်တွေကို အမေရိကန်က အီရတ်နဲ့ အာဖဂန် နစ္စတန် စစ်ပွဲတွေမှာ အသုံးပြုခဲ့သလို လက်ရှိ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းတပ်တွေလည်း အထူး အားကိုးနေပါတယ်။

လေယာဉ်ပျက်ကျမှုမှာ လေထီးနဲ့ ခုန်ထွက်ခဲ့တဲ့ လေယာဉ်မှူးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာမျိုး မရှိခဲ့ကြောင်း၊ ဒါပေမဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဆေးရုံကို တင်ပို့ပေးခဲ့ကြောင်း လေတပ်က ပြောပါတယ်။ လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့လည်း လေတပ်က ထုတ်ပြန်ထားပါတယ်။

ကိုးကား: Telegraph

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရိုမေးနီးယားဟာ နယ်သာလန်ဆီက F-16 တိုက်လေယာဉ် ၁၈ စီးကို ငွေသား ၁ ယူရိုနဲ့ ဝယ်ယူခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လေကြောင်းပြပွဲ တစ်ခုအတွက် အစမ်းလေ့ကျင့် ပျံသန်းရင်း ပိုလန်မှာ တိုက်လေယာဉ်တစ်စီး ပျက်ကျရာက လေယာဉ်မှူး သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်း လေတပ်က ဆုံးရှုံးခဲ့ရတဲ့ F-16 တိုက်လေယာဉ် ၃ စီးထိ ရှိလာကြောင်း စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီကနေ F-16 တိုက်လေယာဉ်တွေ ဝယ်ယူဖို့ စီစဉ်နေတာဟာ ဘယ်နိုင်ငံကိုမှ ရန်လို ခြိမ်းခြောက်တဲ့ သဘောမျိုး မဟုတ်ဘူးလို့ ဖိလစ်ပိုင် လုံခြုံရေး ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။