ရှိန်း/People’s Spring
စစ်အုပ်စုဟာ လူငယ်တွေကို စစ်မှုမထမ်းမနေရဥပဒေနဲ့အဓမ္မခေါ်ဆောင်နေရာဒီဇင်ဘာလဆန်းမှာတော့စစ်မှုထမ်းအပတ်စဉ် (၂၁) အတွက်ကိုပါ မန္တလေးမြို့မှာ မဲနှိုက်တာတွေ စလုပ်နေပါတယ်။
မဲနှိုက်တာတင် မကသေးပါဘူး။ အနယ်နယ်အရပ်ရပ်မှာ မတရားဖမ်းဆီးပေါ်တာဆွဲနေသလိုပဲ မန္တလေးမြို့တဝိုက်မှာလည်း ပေါ်တာဆွဲ ဖမ်းဆီးတာတွေလည်း မရပ်မနားလုပ်နေဆဲပါ။ စစ်တပ်ကပေါ်တာဆွဲပြီး စစ်သင်တန်းပို့ပြီးရင်တော့ စစ်သားသစ်တွေကို နိုင်ငံတစ်ဝန်းကတိုက်ပွဲပြင်းထန်တဲ့နေရာတွေကို ပို့ပြီး မူးယစ်ဆေးတွေကြွေးအသေခံစစ်တိုက်ခိုင်းလေ့ရှိတယ်လို့ အလင်းဝင်တဲ့စစ်သားနဲ့ အဖမ်းခံရတဲ့ စစ်သုံ့ပန်းတွေကပြောပါတယ်။ ဒါကြောင့် စစ်သားသစ်စုဆောင်းခံရပြီးစစ်တိုက်ဖို့ရှေ့တန်းပို့ခံရပြီဆိုရင် သေဖို့ရာခိုင်နှုန်းကလည်း များတဲ့အခြေအနေဖြစ်ပါတယ်။
ဒါကြောင့်မန္တလေးမှာ စစ်တပ်က ဘယ်လိုပေါ်တာဆွဲနေသလဲဆိုတာ ပြည်သူတွေ သတိထားနိုင်အောင် လေ့လာ ကြည့်ကြရအောင်ပါ။

Public Service Announcement
●ရက်သတ်မှတ်ပြီး ပေါ်တာဆွဲ
စစ်ကောင်စီနဲ့နီးစပ်သူတဦးက “ ဘယ်ရက်တွေမှာဆွဲမယ်။ ဘယ်အချိန်တွေမှာဆွဲမယ်ဆိုတာ သတ်မှတ်ထားတယ်” လို့ ပြောပါတယ်။
၂၀၂၅ခုနှစ် ဇန်နဝါရီလကနေစပြီး နှစ်ကုန်ပိုင်းအထိ လူထုနွေဦးက စောင့်ကြည့်ချက်တွေအရ အာဏာသိမ်းစစ်တပ်ဟာ လစဥ် နောက်ဆုံးပတ်မှာ စစ်မှုထမ်းမဲနှိုက်ပြီး နောက်လ ပထမပတ်အထိ ပေါ်တာဆွဲတာ တွေပြုလုပ်လေ့ရှိပါတယ်။
မန္တလေးမြို့တွင်း ပေါ်တာဆွဲမှု တွေကို ကြည့်မယ်ဆိုရင် လကုန်ခါနီး ၂၅ ရက်ကနေ နောက်လဆန်း ၇ ရက် ၊တခါတရံ ၁၀ ရက် နေ့အထိ ပေါ်တာဆွဲလေ့ရှိပါတယ်။
●ဘယ်နေရာတွေမှာ ဘယ်လိုဆွဲသလဲ
မန္တလေးမြို့အနီးတဝိုက်မှာဆိုရင် မန္တလေးမြို့တွင်းမြို့ပြင်၊စစ်ကိုင်းတံတား၊တံတားဦး လမ်းဆုံ စတဲ့ နေရာတွေမှာအဓိကပေါ်တာဆွဲလေ့ရှိပါတယ်။
မန္တလေးမှာ ပေါ်တာဆွဲရင် အများစုက အိမ်စီးကား တွေကိုအသုံးပြုကာ ပေါ်တာဆွဲ လေ့ရှိတယ်လို့ ပျူစောထီးအချို့ကပြောပါတယ်။ပေါ်တာဆွဲတက်တဲ့ နေရာနဲ့ အချိန်ကို မေးကြည့်ရာမှာတော့ ပျူစောထီးကပြောပြဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒါပေမယ့် နောက်ထပ်ပျူတဦးက စစ်သားသစ်စုတဲ့အချိန်မှာ စစ်သား ၊ပျူစောထီး နဲ့ အုပ်ကြီးတွေဟာ အရပ်ဝတ် ဝတ်ထားပြီး အိမ်စီးကားနဲ့ မြို့ထဲကို ပတ်ကာ လူရှင်းတဲ့ နေရာ တွေမှာ မသိမသာနဲ့ တန်းဖမ်းလိုက်တာလို့ ဆိုပါတယ်။တိတိကျကျတော့ သူလည်း ပြောမပြပါဘူး။
●ပေါ်တာဆွဲပြီးဘယ်တွေကိုပို့လဲ
လကုန်ပြီး ၁၀ ရက်မှာ ပေါ်တာဆွဲခံရတဲ့ သူတွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (နန်းတွင်း)ကို ပို့ရတယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူ တွေဆီကသိရပါတယ်။ အဲဒီလူတွေကို တစ်လတာ အချုပ်ချထားပြီးမှ လူခွဲကာ စစ်သင်တန်းကျောင်းတွေဆီကို ပို့ ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။
●အမှုသေးတွေကိုထောင်မချပဲစစ်မှုထမ်းခိုင်းနေ
အခုနောက်ပိုင်း အမှုသေးအများစုမှာ အမျိုးသားတွေကို စစ်မှုထမ်းထည့်ပြီး ဖြေရှင်းလေ့ရှိတယ်လို့ ပျူစောထီးတွေက ပြောပါတယ်။ ဥပမာ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလို့ အဖမ်းခံလိုက်ရရင် စစ်မှုထမ်းထဲ ထည့်လိုက်တာမျိုးဖြစ်ကြောင်း မန္တလေးမြို့ခံတချို့က ပြောပါတယ်။
“ သူခိုးမိရင်လည်းထောင်ချတာတွေဘာတွေမလုပ် တော့ဘူး။သွားစမ်း။စစ်မှုထမ်းပဲ” လို့ ပျူစောထီးတဦး က ပြောပြပါတယ်။
ဒါ့အပြင် စစ်ကြောင်းထိုးတဲ့အချိန်မှာ အမျိုးသားတွေဖမ်းမိရင် အဲဒီလူတွေကို ခေါ်ကာ ငွေတောင်းပြီး လူစားထိုးထည့်တာမျိုးတွေ လုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။
●ကားသမားတွေပါမချန် ပေါ်တာဆွဲ
စစ်အုပ်စုဟာ ခရီးသည်တင်မကဘဲ ကားသမားတွေကိုပါ ပေါ်တာဆွဲမှုတွေကြောင့် စစ်ကိုင်းတံ
တားကို ဖြတ်သန်းသွားလာရမယ့် ကုန်ကား တွေလည်း လကုန်ခါနီးရက်တွေဆိုရင်ယာယီ ရပ်နားလေ့ ရှိတယ်လို့သိရပါတယ်။
“ စပါယ်ရာလည်း မရဘူး လူလိုရင်အကုန်ဆွဲချတာ” လို့ ကားသမားတဦးက ပြောပါတယ်။
●ဟိုတယ်ကမွေးနေ့ပွဲမှာပါ ပေါ်တာဆွဲ
ပျူတွေ ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ အတွေ့အကြုံတခုကိုတော့ ပျူစောထီးတစ်ဦးဆီကနေ အခုလို သိခွင့်ရခဲ့ပါတယ်။
မြို့တွင်းက ဟိုတယ်တခုမှာ မွေးနေ့ပွဲလုပ်တာ ဆူညံ နေတဲ့အသံကိုကင်းပတ်တဲ့ရဲကားက ကြားသွားတာပါ။ အဲဒီနောက် မြို့နယ်က ပျူစောထီး တွေကို လှမ်း ခေါ်တာ နှစ်ဖွဲ့ ပေါင်းပြီးဝင်ဖမ်းခဲ့ပါတယ်။အဲဒီအထဲမှာအမျိုးသား၇ ယောက်နဲ့ အမျိုးသမီးတချို့ပါပြီး ဆေးခြောက် တွေ ပါမိတယ်လို့ ဆိုပါတယ်။အဲဒီဆေး ခြောက်အတွက် မွေးနေ့ရှင် အမျိုးသားနဲ့ နောက်ထပ် အမျိုးသားနှစ်ဦးကို ဖမ်းကာ စစ်မှုထမ်းထဲ ထည့်ခဲ့ပြီး ကျန်အမျိုးသား၄ဦးကို ကျပ်သိန်း၁၀၀ စီတောင်ပြီးပြန်ရွေးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ရပ်ကွက်ထဲကနေ စစ်မှုထမ်းခေါ်ဆိုတာကလည်း ဆက်လုပ်နေကြဆဲပါ။ ဒီဇင်ဘာလဆန်းပိုင်းမှာလည်း ရပ်ကွက်အလိုက် စစ်မှုထမ်းမဲနှိုက်တာ၊စစ်မှုထမ်းကြေးဆိုပြီးရပ်ကွက်အလိုက် ကောက်ယူတာတွေ လုပ်နေပါတယ်။
ရပ်ကွက်အလိုက်စစ်မှုထမ်းဖို့ အဓမ္မခေါ်တဲ့အပြင်လစဉ်နောက်ဆုံးပါတ်နဲ့ လဆန်းရက်တွေမှာတော့ စစ်တပ်၊ရဲ နဲ့ပျူတွေပေါင်းပြီး လူငယ်တွေကိုပေါ်တာဆွဲကာ လူရရင်ရ ၊လူမရရင် ငွေရအောင်လုပ်ကြလုပ်ကြတာပါ။
ရပ်ကွက်တခုကို အပါတ်စဉ်တခုအတွက် လူ ၂ ဦးကနေ ၅ဦးအထိ တောင်းလေ့ရှိတယ်လို့ ပျူတဦးကပြောပြပါတယ်။
တချို့ ရပ်ကွက် တွေဟာ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေး ခွဲတမ်းချကောက်ပြီး ပျူစောထီး တွေကို အဲဒီငွေပေးကာ စစ်မှုထမ်းတဲ့ သူရှာခိုင်းရတာပါ။ စစ်မှုထမ်းကြေး ရပ်ကွက်အလိုက် ပျူစောထီးကို ပေးရတဲ့ ဈေးက တဦးကို ကျပ်သိန်း၅၀ ကနေ သိန်း ၁၀၀ အထိရှိတယ်လို့ သိရပါတယ်။
လကုန်ခါနီးတပတ်အလိုဆိုရင် ရပ်ကွက်အလိုက်မဲနှိုက်ပြီးပြီဆိုရင် ဒီပေါ်တာဆွဲတာတွေ စတာပါ။
ဒါဟာ တစ်လထဲလုပ်တာမျိုးမဟုတ်ဘဲ လစဉ်လုပ်နေတာကြောင့် အမျိုးသားတို့အတွက် အန္တရာယ်ဟာလက်တကမ်းမှာပဲရှိနေတာဖြစ်ပါတယ်။
















































