ဒီဇင်ဘာ-၁၁၊၂၀၂၅။ဆန်အောင်/People’s Spring
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို အာဏာသိမ်းစစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပြီး NUG အနေနဲ့ ထိခိုက်ခံစားရသူတွေနဲ့မိသားစုတွေအတွက် လိုအပ်တဲ့အကူအညီတွေ ပေးနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ အသိပေးပါတယ်။
မြောက်ဦးဆေးရုံကြီး ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူလူထုအားလုံးအတွက် တရားမျှတမှုပြန်လည်ရရှိရေးကို ရခိုင်ပြည်သူလူထုနဲ့အတူ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်တပ်က အပြည်ပြည်ဆိုင်ရာ လူ့အခင့်အရေးနေ့ ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ရက်ညပိုင်းမှာ မြောက်ဦး ဆေးရုံကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ သေဆုံးသူ ၃၅ဦး ရှိပြီး ၇၆ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
စစ်တပ်ရဲ့ လုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် လုံးဝ စာနာထောက်ထားမှုကင်းမဲ့တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း NUGက ဖော်ပြပါတယ်။
စစ်ကောင်စီဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ရည်ရွယ်ချက်ရှိရှိ နဲ့ အများပြည်သူ ဆေးတက်ရောက်ကုသနေတဲ့ဆေးရုံကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
” ဒီလိုလုပ်ရပ်ဟာ အင်မတန်မှ ဆိုးရွားတဲ့ လုပ်ရပ်ဖြစ်တယ် ကြီးမားတဲ့ စစ်ရာဇဝတ်မှု ဖြစ်တယ်ဆိုတာကို ကမ္ဘာကြီးက သိစေချင်ပါတယ်။ ဒီလုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အပြင်းအထန် ရှုချရုံသာမကဘဲ ဒီစစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ထိရောက်တဲ့ တရားမျှတမှု ရရှိဖို အတွက် ထိရောက်တဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေကို ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဆောင်ရွက်ကြဖို အလေးအနက် တိုက်တွန်းလိုပါတယ်”လို ဦးနေဘုန်းလတ်ကပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေ၊ မွေးလူနာတွေနဲ့ ဆေးကုသမှု ခံယူနေတဲ့ လူနာတွေပါဝင်နေကြောင်းဖော်ပြပြီး အလွန်တရာ စိတ်ထိခိုက်ရ၊ ဝမ်းနည်းကြေကွဲရတယ်လို့ NUGက ထုတ်ပြန်ပါတယ်။
ကြေကွဲဖွယ်အဖြစ်ဆိုးအတွက် ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်လျက်၊ အသက်ဆုံးရှုံးခဲ့ရသူများအတွက် အလွန်တရာဝမ်းနည်းရကြောင်းနဲ့ ဒဏ်ရာရရှိသူတွေ အမြန်ဆုံး သက်သာရာရရှိစေဖို့ ဆန္ဒပြုကြောင်း ဖော်ပြပါတယ်။
စစ်အုပ်စုရဲ့လုပ်ရပ်ဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)နဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေရဲ့ အခြေခံမူတွေကိုချိုးဖောက်တဲ့ အဆိုးဝါးဆုံး စစ်ရာဇဝတ်မှု ၊ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
ဂျီနီဗာ ကွန်ဗင်းရှင်းအရ မည်သည့်အခြေအနေတွင်မဆို လေးစားကာကွယ်ထားရမယ့် အရပ်ဘက် ပစ်မှတ်ဖြစ်တဲ့ ဆေးရုံကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုမြောက်တဲ့ လူသားမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဖော်ပြပါတယ်။
အခုလို အရပ်သားပြည်သူတွေ၊ အရပ်ဘက်အဆောက်အအုံတွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ပစ်မှတ်တွေအပေါ် အကြမ်းဖက်စစ်အုပ်စုရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေမှု အားလုံး ချက်ချင်း အဆုံးသတ်နိုင်ဖို့ ထိရောက်ပြင်းထန်တဲ့ ဖိအားပေးဆောင်ရွက်မှုတွေ အရေးယူမှုတွေ အမြန်ဆုံး ပြုလုပ်သားဖို့လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တိုက်တွန်း တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို အရေးယူနိုင်ဖို့ ချက်ချင်း ကြားဝင်ဆောင်ရွက်ပေးဖို့၊ တာဝန်ရှိသူတွေကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေးအမြန်ဆုံးဆောင်ရွက်ပေးဖို့ NUGက တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် မြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရရှိခဲ့တဲ့ သူတွေအချိန်မီဘေးကင်းလုံခြုံစွာ ဆေးကုသမှုပေးနိုင်ဖို့ နိုင်ငံတကာလူသားချင်း စာနာမှုအဖွဲ့အစည်းတွေကအကူအညီပေးနိုင်ဖို့အတွက် အမြန်ဆုံးဆောင်ရွက်ပေးဖို့လည်း NUGက တောင်းဆိုပါတယ်။















































