ဆုရရှိသူကိုယ်တိုင် အခမ်းအနား မတက်နိုင်ခဲ့တာကြောင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို သမီးဖြစ်သူက ကိုယ်စား လက်ခံယူခဲ့ပါတယ်။
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုဟာ ၂၀၂၅ ခုနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါတယ်။ သူဟာ သမ္မတ နစ်ကိုလက်စ် မာဒူရိုရဲ့ ရန်လို ပစ်မှတ်ထားမှုတွေကြောင့် ဗင်နီဇွဲလား နိုင်ငံထဲမှာ သိုသိုသိပ်သိပ် ပုန်းအောင်းနေခဲ့ရပါတယ်။
မူလက ဒီဇင်ဘာ ၁၀ ရက်နေ့ ဆုပေးပွဲကို မာချာဒို ကိုယ်တိုင် တက်ရောက်ပြီး ဆုလက်ခံ ယူနိုင်မယ်လို့ နော်ဝေးနိုင်ငံ၊ အော့စလိုမြို့မှာရှိတဲ့ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီဝင်တွေက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ လုံခြုံရေး အခြေအနေတွေအရ မာချာဒိုဟာ အော့စလိုကို ရောက်မလာနိုင်ခဲ့သလို သူဘယ်မှာ ရှိနေတယ် ဆိုတာကိုလည်း အတိအကျ မပြောနိုင်ပါဘူး။
အစောပိုင်းတုန်းကတော့ ဆုပေးပွဲကို ဖျက်သိမ်းဖို့ စဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ အော့စလိုကို ရောက်ရှိနေတဲ့ မာချာဒိုရဲ့ မိသားစုထဲက သမီးဖြစ်သူ အန်နာ ကော်ရီနာ ဆိုဆာက ဆုကို လက်ခံယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Public Service Announcement
ဆုပေးပွဲ မစခင်မှာ မာချာဒိုက အသံဖိုင်တစ်ခု ပေးပို့ခဲ့ရာမှာ မာချာဒိုက သူဘေးကင်းသလို နော်ဝေးကိုလည်း လာနေကြောင်း၊ ဒါပေမဲ့ အခြေအနေ အရပ်ရပ်ကြောင့် ဆုပေးပွဲကိုတော့ အချိန်မီ မရောက်နိုင်ကြောင်း အသိပေးထားခဲ့ပါတယ်။
မိခင်ကိုယ်စား ဆုလက်ခံ ယူချိန်မှာတော့ ဆိုဆာက သူ့မိခင်ဟာ လွတ်လပ်တဲ့ ဗင်နီဇွဲလားနိုင်ငံကို ထူထောင်ပေးနိုင်ဖို့ ရှင်သန်နေသူဖြစ်ပြီး အဲဒီ ရည်မှန်းချက်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။
နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီဟာ ဗင်နီဇွဲလားမှာ ဒီမိုကရေစီ ကူးပြောင်းရေးအတွက် မာချာဒိုရဲ့ အကြမ်းမဖက် အားထုတ် ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုဖို့ ဒီဆုကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အာဏာရှင် အစိုးရကို ဆန့်ကျင်ရပ်တည်ဖို့ သူ့မိခင် ရွေးချယ်ခဲ့တဲ့လမ်းဟာ မိသားစု အပေါ်မှာလည်း အပြင်းအထန် သက်ရောက်မှုတွေ ရှိခဲ့ကြောင်း ဆိုဆာက ဖွင့်ဟခဲ့ပါတယ်။ သူဟာ နောက်ဆုံး ၂ နှစ်အတွင်း မိခင်နဲ့ လုံးဝ လူချင်းတွေ့ခွင့် မရခဲ့ကြောင်း ဆိုဆာက ဖွင့်ဟခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ရွေးကောက်ပွဲမှာ အတိုက်အခံ အင်အားစုတွေ အနိုင်ရခဲ့ကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောပေမယ့် မာဒူရိုကတော့ သူပဲ အနိုင်ရခဲ့တယ်လို့ တစ်ဖက်သတ် ကြေညာပြီး အာဏာကို ဆက်လက် ဆုပ်ကိုင်ထားခဲ့ပါတယ်။ အဲဒီ အချိန်ကစပြီး မာချာဒိုလည်း ကိုယ်ရောင်ဖျောက် ပုန်းကွယ်နေခဲ့ရတာ ဖြစ်ပါတယ်။
ဆိုဆာက ဖတ်ကြားပြခဲ့တဲ့ မိန့်ခွန်းထဲမှာတော့ ဗင်နီဇွဲလား ပြည်သူတွေဟာ အချင်းချင်း ပျော်ရွှင်စွာ ပွေ့ဖက်ကျ၊ ချစ်ခင်နှစ်သိမ့်ကြ၊ ပျော်ရွှင်ရယ်မောကြတဲ့ နေ့မျိုးဆီ ပြန်ရောက်လာမှာပါလို့ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
မာဒူရိုက တကယ်လို့ မာချာဒိုသာ ဗင်နီဇွဲလားကနေ ထွက်ခွာပြီး နော်ဝေးကို သွားရောက်မယ်ဆိုရင် သူ့အပေါ် ကန့်သတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်ပြီး ဝရမ်းပြေးလို့ သတ်မှတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့ မာချာဒိုဟာ အဲဒီ ခြိမ်းခြောက်မှုကို ဖီဆန်ပြီး အော့စလိုမြို့ဆီ ရောက်အောင် လာလိမ့်မယ်လို့ ခန့်မှန်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့ပါတယ်။
ကိုးကား: BBC

















































