ပဋိပက္ခတွေ ဆိုးသထက် ဆိုးမလာခင် သူဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံခေါင်းဆောင်တွေဆီ ဆက်သွယ် ဆွေးနွေးခဲ့တယ်လို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောပါတယ်။
အရှေ့တောင်အာရှ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ အစပြုလာပြီး အသေအပျောက်တွေလည်း ကြုံလာတဲ့နောက် အန်ဝါက နှစ်နိုင်ငံစလုံးရဲ့ ဝန်ကြီးချုပ်တွေဆီ ဆက်သွယ်ခဲ့ကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌလည်းဖြစ်တဲ့ အန်ဝါဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ဇူလိုင်လကုန်ပိုင်းတုန်းက ပထမအကြိမ် ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခမှာ အပစ်အခတ် ရပ်စဲနိုင်အောင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့အတူ ကြားဝင် စေ့စပ်ပေးခဲ့သူ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့မှာ ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခမီးတွေ တကျော့ပြန် တောက်လောင်လာပြီး နောက်တစ်ကြိမ် စစ်ဖြစ်ကြမှာကို စိုးရိမ်စရာတွေ ရှိလာပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ အန်ဝါက သူဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရက်ကူ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်တို့ဆီ ဖုန်းနဲ့ ဆက်သွယ်ပြီး လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း Xမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement
သူက နှစ်ဖက် ခေါင်းဆောင်တွေဆီက ပွင့်လင်းတဲ့ ဆွေးနွေးမှု၊ လက်ရှိ တင်းမာမှုတွေကို စေ့စပ်ညှိနှိုင်းမှု နည်းလမ်းနဲ့ ဖြေရှင်းလိုတဲ့ သဘောထားမျိုး ပြသမှုတွေအတွက် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး နားလည်မှု လွဲခြင်းတွေကနေ လက်ရှိ ပဋိပက္ခတွေကို ပိုပြီး ဆိုးသွားစေနိုင်ကြောင်းလည်း အန်ဝါက သတိပေးထားခဲ့ပါတယ်။
လတ်တလောဟာ သေရေးရှင်ရေး ကာလတစ်ခု ဖြစ်နေပြီး ပြဿနာတွေ ပိုမဆိုးအောင် သံတမန်ရေး ညှိနှိုင်းမှုတွေ ရှိနေဖို့ လိုအပ်ကြောင်း အန်ဝါက ဆိုပါတယ်။ မလေးရှား နိုင်ငံကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ၊ နိုင်ငံတကာ စည်းမျဉ်းတွေနဲ့ ညီညွတ်တဲ့ အဖြေရှာမှုတွေ၊ ဒေသတစ်ခုလုံး တည်ငြိမ် လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေကို အမြဲတမ်း အားပေး ထောက်ခံသွားမယ်လို့လည်း သူက ရေးသားထားပါတယ်။
လေ့လာသူ တချို့ကတော့ အန်ဝါရဲ့ ကြေညာချက်ထဲမှာ နယ်စပ်တလျှောက် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့ တောင်းဆိုမထားခဲ့တဲ့အပေါ် ထောက်ပြ မေးခွန်းထုတ်နေကြပါတယ်။
လတ်တလော စစ်ရေးပဋိပက္ခတွေကြောင့် ကမ္ဘောဒီးယားမှာ အရပ်သား ၉ ဦးသေ၊ ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ကြေညာထားပြီး ထိုင်းကတော့ စစ်သား ၄ ဦးသေ၊ စုစုပေါင်း ဒဏ်ရာရသူ ၆၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကိုးကား: Diplomat















































