close
Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်တပ်ရွေးကောက်ပွဲ အကြိုကာလ ပြည်သူတွေရဲ့စိုးရိမ်ပူပန်မှု

ရွေးကောက်ပွဲနီးလာလို့ စိုးရိမ်ကြတဲ့သူတွေထဲမှာ ကိုမြတစ်ယောက်တည်းတင်မကပါဘူး။စစ်အာဏာရှင်ထိန်းချုပ်ထားတဲ့မြို့တွေဆီမှာနေကြရသူအနည်းနဲ့အများဟာ စိုးရိမ်ပူပန်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေကို စိတ်အေးအေးချမ်းချမ်းနဲ့ မဲပေးနိုင်အောင် လုပ်မပေးဘဲ စိုးရိမ်စိတ်တွေပိုဖြစ်လာအောင် စစ်ကအုပ်စုက ဘာတွေလုပ်နေပါသလဲ။

နေခန့်/People’s Spring

ပုသိမ်ကြီးမြို့နယ်မှာနေတဲ့ နေ့စားအလု​ပ်သမား အသက် ၄၀ အရွယ် ကိုမြတစ်ယောက် ဒီဇင်ဘာ ပထမအပတ်ထဲမှာ မန္တလေးမြို့ထဲအလာ လမ်းတလျှောက် ရွေးကောက်ပွဲလှုံ့ဆော်တဲ့ ပိုစတာကြီးတွေကို တွေ့မိတယ်။ ပိုစတာကြီးတွေရဲ့ဘေးဝန်းကျင်မှာ စစ်သားတွေ တစ်ပြတစ်ယောက်နှုန်းလောက် တောက်လျှောက်ချထားတာကို ​မြင်လိုက်ရတော့ သက်ပြင်းချတယ်။ ဒီလထဲမှာလုပ်မယ့် စစ်တပ်ရဲ့ရွေးကောက်ပွဲကြောင့် စစ်တပ်က လုံခြုံရေးတွေ ပိုတင်းကြပ်လာတာ​မြင်ရတော့ ရွေးကောက်ပွဲနီးလေ သူ့စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့တယ်လို့ သူက ပြောပြတယ်။

“ မြို့ထဲလည်းအရင်ကထက်ပိုစစ်တယ်” လို့ကို​မြက ပြောပြတယ်။

ရွေးကောက်ပွဲနီးလာလို့ စိုးရိမ်ကြတဲ့သူတွေထဲမှာ ကိုမြတစ်ယောက်တည်းတင်မကပါဘူး။စစ်အာဏာရှင်ထိန်းချုပ်ထားတဲ့မြို့တွေဆီမှာနေကြရသူအနည်းနဲ့အများဟာ စိုးရိမ်ပူပန်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေကို စိတ်အေးအေးချမ်းချမ်းနဲ့ မဲပေးနိုင်အောင် လုပ်မပေးဘဲ စိုးရိမ်စိတ်တွေပိုဖြစ်လာအောင် စစ်ကအုပ်စုက ဘာတွေလုပ်နေပါသလဲ။

Public Service Announcement

Public Service Announcement

စစ်တပ်လက်​အောက်ခံဝန်ထမ်း​တွေက ​မန္တ​လေးဈေးချိုအနီးမှ ပြည်သူ​တွေရဲ့​ဈေးဆိုင်​တွေကိုဒီဇင်ဘာ ၄ ရက်ညမှာဖျက်ဆီး​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ

■ပိုမိုတင်းကြပ်လာတဲ့မြို့တွင်းက စစ်ဆေးရေးအဖွဲ့တွေ

မန္တလေးမြို့မှာအာဏာသိမ်းကာလတလျှောက်လုံး စစ်သား၊ ရဲ၊မော်တော်ပီကယ်၊ပျူစောထီး စတဲ့အဖွဲ့စုံတွေနဲ့ လှည့်လည်စစ်ဆေးငွေညှစ်နေတဲ့စစ်အုပ်စုဟာ ရွေးကောက်ပွဲနီးကပ်လာချိန်မှာတော့ နေရာအနှံ့ စစ်ဆေးတင်းကြပ်တာတွေ ပိုပြီး ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ ဒလီသမားတွေဆိုရင် ပါဆယ်တွေပါအကုန်ဖွင့်ဖောက်စစ်တယ်” လို့ မန္တလေးမြို့ပေါ်မှာနေတဲ့ အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဖုန်းတွေကိုလည်း စစ်ဆေးပြီး လူမှုကွန်ယက်မှာ ရွေးကောက်ပွဲကို ဝေဖန်တဲ့ ပို့စ်တွေတင်ထားတာ၊ သတင်းဖြန့်ဝေတာတွေ လုပ်ထားတာရှိ၊ မရှိစစ်ဆေးနေတယ်လို့ဒေသခံတွေကပြောပါတယ်။

အခုဆောင်းပါးရေးနေတဲ့ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းတင် မန္တလေးမြို့ထဲမှာ နေရာ ၁၂ နေရာထက်မနည်း စစ်ဆေးဖမ်းဆီးနေတယ်လို့ Voice Of Mandalay ရဲ့သတင်းပေးချက်အရ သိရပါတယ်။

●ဧည့်စာရင်းတွေလည်း ပိုစစ်လာ

ရွေးကောက်ပွဲဟာ နှစ်ပတ်ကျော်သာလိုတော့တဲ့အချိန်မှာပဲ စစ်တပ်ဟာ ညဘက် ဧည့်စာရင်းစစ်ပြီး ရွေးကောက်ပွဲလုံခြုံရေးကို ထပ်မံတိုးမြှင့်လိုက်ပါတယ်။ ဧည့်စာရင်းမတိုင်မိသူတွေကိုလည်း ငွေဒဏ်တစ်သိန်းအထိ ဒဏ်တပ်အရေးယူနေတာတွေရှိနေကြောင်း မြို့ခံတွေက ပြောပါတယ်။

“ အသိတစ်ယောက် မှတ်ပုံတင်မရှိလို့ မတိုင်လိုက်မိတာ။ငွေဒဏ် တစ်သိန်းတပ်တယ်။” လို့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်နေသူ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဧည့်စာရင်းလာစစ်တဲ့အခါမှာလည်းညဘက်အိပ်ချိန်ကျမှရောက်လာတတ်ပြီး စစ်သား၊ ရဲနဲ့ ပျူစောထီးတွေပါ အင်အားသုံးကာ လာစစ်တတ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် တည်းခိုခန်းတွေကိုပါ ဧည့်စာရင်းဝင်စစ်မယ်လို့ သတင်းရထားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က ဖော်ပြပါတယ်။

စစ်တပ်လက်​အောက်ခံဝန်ထမ်း​တွေက ​မန္တ​လေးဈေးချိုအနီးမှ ပြည်သူ​တွေရဲ့​ဈေးဆိုင်​တွေကိုဒီဇင်ဘာ ၄ ရက်ညမှာဖျက်ဆီး​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ

●အာဏာသုံးပြီး မဲစာရင်းစစ်ဆေးခိုင်း

စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရွာခံပျူစောထီးတွေဟာ မဲစာရင်းတွေကိုလာစစ်ဖို့အတွက် သန်းခေါင်စာရင်းစာရွက်တွေကို မိတ္တူဆွဲ ပို့ခိုင်းတာတွေ၊ ရုံးကို ကိုယ်တိုင်လာစစ်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ သွားမစစ်တော့လာခေါ်တာ။ အိမ်ထောင်စုဇယားယူပြီး သွားစစ်ရတယ်။” လို့ မန္တလေးမြို့ပေါ် မဟာအောင်မြေမြို့နယ်နေ အသက် ၃ဝ အရွယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပခုက္ကူမြို့မှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမပတ်အတွင်းက မဲအမှတ်စဥ် မသိတဲ့သူတွေကို အပြစ်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် မဲဆန္ဒရှင်ပြည်သူအများစုကတော့ မဲစာရင်းကို သွားရောက်စစ်ဆေးခြင်းမရှိဘူးလို့ ပြည်သူတွေက ပြောပါတယ်။

●ရွေးကောက်ပွဲပြီးရင် ပြောင်းလဲမယ်လို့ ပြည်သူအများစု မယုံကြည်၊ မဲမပေးလိုကြ

ပြည်သူတွေ မဲစာရင်းသွားမစစ်ကြတာ၊ စိတ်မဝင်စားကြတာတွေရဲ့ အဓိကအကြောင်းရင်းတစ်ခုလည်း ရှိနေပါသေးတယ်။

People’s Spring ကနေ မဲပေးရမယ့်ဒေသမှာနေထိုင်တဲ့ ပြည်သူ ၁၀ ဦးထက်မနည်းကို ကျပန်းမေးမြန်းခဲ့ပါတယ်။ “ ရွေးကောက်ပွဲပြီးရင် ပြောင်းလဲသွားနိုင်လား” ဆိုတဲ့မေးခွန်းပါ။ ဖြေဆိုသူအားလုံးရဲ့အဖြေက တူညီပါတယ်။ “ နိုး” ပါတဲ့။

“ မမြင်ပါဘူး။ ပိုတောင်ဆိုးလာဦးမယ်” လို့ မန္တလေး ချမ်းအေးသာစံမြို့နယ်က အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီမဲဆန္ဒရှင်တွေကို မဲ​ပေးလိုတဲ့ ဆန္ဒရှိ၊မရှိ ဆက်လက်မေးမြန်းတဲ့အခါမှာလည်း အားလုံးက မပေးချင်ဘူးလို့ တညီတည်းဖြေဆိုကြပါတယ်။

“ အဖြေက ထွက်ပြီးသားလေ။ ဘာနေနေ သူတို့ရမယ့်ဟာကို သွားမပေးချင်ဘူး” လို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်နေ အသက် ၄၅ နှစ်အရွယ် လုပ်ငန်းရှင်အမျိုးသားတဦးက ပြောပါတယ်။

ပြည်သူတွေရင်ဆိုင်နေရတဲ့လူမှုစီးပွားအဆင်မပြေမှုတွေ၊ စစ်မှုထမ်းဥပဒေရဲ့ဂယက်၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ မျှော်လင့်ချက်မဲ့တဲ့အခြေအနေတွေကြောင့် ပြည်သူတွေဟာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းပါးသွားရခြင်းဖြစ်ကြောင်း Data for Myanmar အဖွဲ့က သုံးငပ်ထားပါတယ်။

●မဲမပေးရင် ဘာလုပ်မလဲစိုးရိမ်နေရ

စစ်ကောင်စီရွေးကောက်ပွဲကို မယုံကြည်ဘူး၊ မဲမပေးချင်ဘူးဆိုတဲ့အတွက် ရွေးကောက်ပွဲနေ့ မဲပေးမလားလို့မေးတဲ့အခါ အဖြေတွေက တုံ့ဆိုင်းသွားခဲ့ပါတယ်။ မဲမပေးရင် ဖမ်းဆီးခံရမလားဆိုပြီး စိုးရိမ်ကြသူတွေလည်း ရှိနေပါတယ်။

အမျိုးသမီးတစ်ဦးကတော့ကျန်းမာရေအကြောင်းပြပြီး မသွားပါဘူးတဲ့။ နောက်ထပ်အမျိုးသားတစ်ဦးကတော့ ရောက်တဲ့နေ့မှ ရောက်တဲ့ရောက်ရားပဲတဲ့။ နောက်ထပ်အမျိုးသမီးတစ်ဦးပြောပြတဲ့ စကားကတော့ ရယ်အားထက် ငိုအားသန်ရမှာပါ။ ပြည်သူတွေရဲ့ အကြောက်တရားကိုလည်း ဖော်ပြနေသလိုပါ။သူပြောတာကတော့” သူတို့(စစ်ကောင်စီ)က မဲပေးတဲ့သူတွေကို ကွန်ပျူတာနဲ့ကြည့်နေမှာတဲ့။သူတို့ပေးခိုင်းတာမပေးရင် ပစ်သတ်မှာတဲ့” တဲ့။

ရွေးကောက်ပွဲကာလအတွက် စိုးရိမ်နေသူတွေထဲကတစ်ယောက်ဖြစ်တဲ့ ပုသိမ်ကြီးမြို့နယ်က ကိုမြကတော့ အဲဒီနေ့အတွက် ကြိုတင်စဥ်းစားထားတာမရှိဘူးလို့ ပြောပြတယ်။ သူကိုယ်တိုင်လည်း စစ်တပ်ကနေ ခေါ်ပြီး ခြိမ်းခြောက်ခံရဖူးသူပါ။ “ ခေါ်ရင်သွားလိုက်မယ်။ အားမတန်လို့သာ မာန်လျှော့ထားရတာ။ ဘယ်သူမှမကြိုက်ဘူး။” လို့ သူက ပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

သြစတြေးလျနိုင်ငံ မြို့တော် ကန်ဘာရာမြို့ရှိ လွှတ်တော်အဆောက်အအုံရှေ့မှာ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာ ပြည်သူလူထုကို စစ်ဖိနပ်အောက်က ရုန်းထွက်မရအောင် ဆင်ထားတဲ့ ထောင်ချောက်ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ကိုယ်စားလှယ် စောဆာလားမူက သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ကောင်စီရဲ့ရွေးကောက်ပွဲအကြောင်း ကမ္ဘာကသိ‌စေဖို့နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်ဒီဇင်ဘာ ၁၃ရက်မှာ လူထုလှုပ်ရှားမှု ပြုလုပ်မယ့်အကြောင်း All in One Piece Movement ပေ့ခ်ျက အသိပေးထားပါတယ်။

သတင်း

"ဝ" ၊ တအာင်း၊ မွန် လူငယ်အဖွဲ့တွေ ပူးပေါင်းပြီး စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးဟန်ပြပွဲဖြစ်တဲ့ ရွေးကောက်ပွဲကို မပူးပေါင်းဖို့ မကူညီဖို့၊ ဆန့်ကျင်ဖို့နဲ့ အသိအမှတ်မပြုဖို့ တိုက်တွန်းလိုက်ပါတယ်။