ဒီဇင်ဘာ-၁၄၊၂၀၂၅။People’s Spring
အိုင်အက်စ် အကြမ်းဖက် စစ်သွေးကြွ အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ဆီးရီးယားမှာ အမေရိကန် နိုင်ငံသား ၃ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်က ကြေညာခဲ့ပါတယ်။
သေဆုံးသူတွေဟာ အမေရိကန် စစ်သား ၂ ဦးနဲ့ စကားပြန် ၁ ဦးတို့ ဖြစ်ပါတယ်။ ဒါ့အပြင် အိုင်အက်စ် သေနတ်သမားတစ်ဦးက ချုံခို တိုက်ခိုက်ခဲ့တာကြောင့် နောက်ထပ် အမေရိကန် တပ်ဖွဲ့ဝင် ၃ ဦးလည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။ သေနတ်သမားကိုတော့ နောက်ဆုံးမှာ ပစ်ခတ် ရှင်းလင်းပစ်နိုင်ခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကအိုင်အက်စ်ဟာအမေရိကန်နဲ့ ဆီးရီးယားအစိုးရတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီအတွက် အရမ်းတိကျ ပြင်းထန်တဲ့ လက်စားချေမှုမျိုးနဲ့ ကြုံရစေမယ်လို့ လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။ ဆီးရီးယားအစိုးရကလည်းအမေရိကန်နိုင်ငံသားတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
သေဆုံးသူတွေရဲ့ မိဘဆွေမျိုးတွေဆီ အကြောင်းမကြားခင်အထိ သူတို့ရဲ့ နာမည်တွေကို ထုတ်ပြန်ဦးမှာ မဟုတ်ပါဘူး။ ဥရောပ၊ အာဖရိကနဲ့ အင်ဒို-ပစိဖိတ်မှာရှိတဲ့ အမေရိကန် စစ်ရေးလှုပ်ရှားမှုတွေကို ကွပ်ကဲနေတဲ့ ဗဟို စစ်ရေးကွပ်ကဲမှု ဌာနက ဒီတိုက်ခိုက်မှုကို သေနတ်သမား တစ်ဦးတည်းက ကျူးလွန်ခဲ့တာလို့ ပြောပါတယ်။ပြီးတော့ရရှိထားတဲ့အထောက်အထားတွေအရအိုင်အက်စ်နဲ့ တိုက်ရိုက် ပတ်သက်တယ်ဆိုတာ ယုံကြည်ရတယ်လို့လည်းဆိုပါတယ်။
ဗြိတိန်မှာအခြေစိုက်တဲ့ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကတော့ သေနတ်သမားဟာ အရင်က ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့မှာ အမှုထမ်းခဲ့ဖူးတယ်လို့ ဖော်ပြထားပါတယ်။ အိုင်အက်စ် အပါအဝင် ဘယ်အဖွဲ့အစည်းကမှ အခုတိုက်ခိုက်မှုအတွက် တာဝန်ခံကြောင်း ကြေညာခြင်း မရှိသေးပါဘူး။ သေနတ်သမား ဘယ်သူလဲ ဆိုတာကိုလည်း အာဏာပိုင်တွေက မထုတ်ပြန်သေးပါဘူး။
ဒီဇင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ နိုင်ငံအလယ်ပိုင်းက ပယ်လ်မိုင်ရာ ဒေသမှာ ပေါ်ပေါက်ခဲ့တာပါ။ပြီးတော့ဆီးရီးယားအစိုးရရဲ့ စိုးမိုးနယ်မြေ မဟုတ်ပါဘူး။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အကြီးအကဲ ရှောင်ပါနဲလ်ကတော့ ဖြစ်စဉ်ကို ဆက်လက် စုံစမ်းနေပြီး ဆီးရီးယား အစိုးရနဲ့လည်း ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုမှာဆီးရီးယားစစ်သား၂ယောက်လည်းဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယား အစိုးရ သတင်းဌာနက ထုတ်ပြန်ပါတယ်။ ထရမ့်က ဒဏ်ရာရ အမေရိကန် စစ်သား ၃ ယောက်ရဲ့ အခြေအနေက စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကတော့ အမေရိကန် နိုင်ငံသားတွေကို ရန်လို ပစ်မှတ်ထားပြီးရင် ကမ္ဘာပေါ်က ဘယ်နေရာမှာပဲဖြစ်ဖြစ် လုံခြုံမှာ မဟုတ်ကြောင်း၊ အမေရိကန်ဟာ ကျူးလွန်သူတွေကို ရက်ရက်စက်စက် သုတ်သင်ဖို့ အမဲလိုက်မှာဖြစ်ပြီး တိုတောင်းတဲ့ လက်ကျန်ဘဝလေးမှာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရှင်သန်နေစေမှာဖြစ်ကြောင်း ကြုံးဝါးခဲ့ပါတယ်။
ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး အာဆတ် အယ်လ်ရှီယာဘာနီကတော့ အခုတိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပြီး ထိခိုက်သေဆုံးသူတွေ၊ မိသားစုတွေအတွက်စာနာဝမ်းနည်းကြောင်းကြေညာခဲ့ပါတယ်။
အိုင်အက်စ်ဟာ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ နယ်မြေတွေ အများအပြားကို သိမ်းယူပြီး ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး ဂျီဟတ်ဝါဒီ အစွန်းရောက် စစ်သွေးကြွ အဖွဲ့တစ်ခု ဖြစ်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေဒဏ်ကြောင့် ပြန်ပြီး ဆုတ်ယုတ်သွားခဲ့ပါတယ်။ ၂၀၁၉ မှာတော့ ဆီးရီးယားမှာ အိုင်အက်စ် ထိန်းချုပ်ထားတဲ့ နောက်ဆုံးလက်ကျန် နယ်မြေတွေကိုပါ လက်လွှတ်ခဲ့ရပြီး ဖြစ်တယ်လို့ ဆီးရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
အိုင်အက်စ်ဟာ အင်အားအလုံးအရင်း ရှိမနေတော့ပေမယ့်လည်း ဆီးရီးယားနဲ့ အီရတ်မှာ အင်အား ၅၀၀၀ နဲ့ ၇၀၀၀ ကြားလောက် ဖြန့်ကျက်ပြီး အဖွဲ့ငယ်လေးတွေအဖြစ် ဆက်လက် လှုပ်ရှားနေဆဲလို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
ကိုးကား-BBC


















































