ဇန်နဝါရီ ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် လယ်မူလား(ပုလော)မြို့နယ်အတွင်း ကော်သူးလေအုပ်ချုပ်ရေးနဲ့ ပြည်သူ့စီမံခန့်ခွဲရေး သင်တန်းပြုလုပ်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပြပြီး ဒီလိုလုပ်ဆောင်တာဟာ အုပ်ချုပ်ရေးစနစ်ကောင်းတခု ဖြစ်ပေါ်လာစေဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီ သင်တန်းဟာ ဇန်နဝါရီ ၁၂ရက်ကနေ ၂၂ ရက်အထိ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
မြိတ်ထားဝယ်ခရိုင် ပညာပေးရေး၊ စည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီ၊ မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးခေါင်းဆောင်တွေ၊ KNU-လယ်မူလားမြို့နယ်ခေါင်းဆောင်တွေ စုပေါင်းဦးဆောင်ပြီး မြို့နယ်ခေါင်းဆောင်များအတွက် “ကော်သူးလေအုပ်ချုပ်ရေးနှင့်ပြည်သူ့စီမံခန့်ခွဲရေး” ရက်တိုသင်တန်းကိုပြုလုပ်ခဲ့တာလို့ KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

Public Service Announcement
“ဒီဟာက ကျနော်တို့ အခုသွားမယ့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့အချိန်မှာ ကောင်းတဲ့ အုပ်ချုပ်ရေး စနစ်တခုကို ကျနော်တို့က လိုလားတယ်။ အဲဒါကြောင့်မို့လို့ ကောင်းတဲ့ အုပ်ချုပ်ရေးစနစ်ကို ဒေသခံတွေရဲ့ ဦးဆောင်မှုမှာ ကောင်းတဲ့ အုပ်ချုပ်ရေးစနစ်တခု လိုလားတဲ့အတွက် အဲဒီသင်တန်းကို ကျနော်တို့လုပ်ရခြင်းဖြစ်တယ်”လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
အုပ်ချုပ်ရေးကောင်းမှသာ ပြည်သူတွေ လိုလားတဲ့ အုပ်ချုပ်မှုစနစ်၊ တန်းတူအခွင့်အရေး၊ ငြိမ်းချမ်းရေး တွေ ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အရင်က စစ်အစိုးရ အဆက်ဆက်လက်အောက်မှာ ရှင်သန်နေထိုင်လာရတဲ့ အခြေအနေမှာ အုပ်ချုပ်မှု စနစ်ကောင်း ပေါ်လာဖို့ သင်တန်းပေးတာလို့လည်း ရှင်းပြပါတယ်။
“စစ်အစိုးရရဲ့ အောက်မှာပဲ တောက်လျှောက် အုပ်ချုပ်ခံတဲ့ ဘ၀နဲ့ အများအားဖြင့် တိုင်းရင်းသားတွေ အများအားဖြင့် အဖိနှိပ်ခံရတဲ့ ဘ၀နဲ့ တောက်လျှောက်ရှိလာတာပေါ့နော်။ ဒါကြောင့်မို့လို ကျနော်တို့က ကောင်းတဲ့ အုပ်ချုပ်ရေးစနစ်တခုကို သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီး မြို့နယ်မှာသော်လည်းကောင်း KNUမှာသော်လည်းကောင်း ပြည်သူလူထုရဲ့ အုပ်ချုပ်တဲ့ သူတွေ ကောင်းတဲ့ အုပ်ချုပ်ရေးစနစ် တခု ရှိလာဖို့ လုပ်လာတာဖြစ်တယ်။”လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
၁၀ရက်ကြာမြင့်ခဲ့တဲ့ သင်တန်းမှာ KNU-လယ်မူလားမြို့နယ်အမြဲတမ်းကော်မတီဝင်တွေ၊ မြို့နယ်ဌာနဆိုင်ရာခေါင်းဆောင်တွေ၊ KNDOတပ်ရင်း(၇)တပ်ပိုင်းဆိုင်ရာခေါင်းဆောင် တွေ၊ ကရင်လူငယ်အစည်းအရုံးခေါင်း ဆောင်တွေ၊ ကရင်အမျိုးသမီးခေါင်းဆောင်တွေ စုစုပေါင်း(၄၇)ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
သင်တန်းပြုလုပ်ရတာဟာ KNUရဲ့ ဖွဲ့စည်ပုံအခြေခံဥပဒေနဲ့ လုပ်ငန်စဉ်တွေ နိုင်ငံရေးလုပ်ငန်းစဉ်တွေနားလည်သဘောပေါက်ဖို့ ကောင်းမွန် သော ခေါင်းဆောင်မှု အုပ်ချုပ်ရေးနဲ့ ပြည်သူ့စီမံခန့်ခွဲရေးလုပ်ငန်းတွေ နားလည်သဘောပေါက်ဖို့ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အခု သင်တန်းမှာ ပို့ချခဲ့တာဟာ KNU ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံလမ်းစဉ်နဲ့ လုပ်ငန်းစဉ်တွေ၊ နိုင်းငံရေးလုပ်ငန်စဉ်တွေ၊ ကော်သူးလေရာဇဝတ်ဥပဒေနဲ့ ရာဇဝတ်ဥပဒေလုပ်ထုံးလုပ်နည်း၊ ကော်သူးလေတရားမမှုခင်းဆိုင်ရာလုပ်ထုံးလုပ်နည်းဥပဒေ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးအက်ဥပဒေ၊ ပြုစားခြင်းဆိုင်ရာအထူးအက်ဥပဒေ၊ ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ မဟာဗျူဟာရေးဆွဲခြင်း၊ ကျေးရွာအုပ်စု ခေါင်းဆောင်မှုနဲ့ တာဝန်ဝတ္တရားတွေ စတဲ့ ဘာသာရပ်တွေဖြစ်ကြောင်း အသိပေးထားပါတယ်။



















































