close
Connect with us

Hi, what are you looking for?

အတွေးအမြင်

အာဏာရှင်နဲ့ပေါင်းသင်းမိတဲ့သတင်းသမားတွေရဲ့အမှား

၁၉၃၀ ခုနှစ်တွေဟာကမ္ဘာ့နိုင်ငံရေးကိုတိမ်ညိုတိမ်မဲတွေလွှမ်းခြုံလာတဲ့အချိန်ပါ။ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့နာဇီ နဲ့ ဖက်ဆစ်ဝါဒတွေခေါင်းထောင်လာတဲ့အချိန်ပေါ့။

အာဏာရှင် ဟစ်တလာနဲ့ နာဇီ​တွေရဲ့ အန္တရာယ်ကို ပထမဆုံး သတိ​ပေးခဲ့တဲ့ သတင်းစာဆရာမဒေါ် ရိုသီသွန်မ်ဆင် / ဂျာမဏီမှာ နာဇီဟစ်တလာနဲ့ အ​ပေးအယူလုပ်ခဲ့တဲ့AP သတင်းဌာန​ရဲ့ သတင်းဓါတ်ပုံနှစ်ပုံ

အမောင်ရေးသားသည်။

၁၉၃၀ ခုနှစ်တွေဟာကမ္ဘာ့နိုင်ငံရေးကိုတိမ်ညိုတိမ်မဲတွေလွှမ်းခြုံလာတဲ့အချိန်ပါ။ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့နာဇီ နဲ့ ဖက်ဆစ်ဝါဒတွေခေါင်းထောင်လာတဲ့အချိန်ပေါ့။

၁၉၃၃ ခုနှစ်မှာနာဇီပါတီက ဂျာမဏီမှာအာဏာရလာတဲ့အခါသူတို့ပထမဆုံးလုပ်တာကတော့ပြည်တွင်း နဲ့ နိုင်ငံတကာကသတင်းအေဂျင်စီတွေ နဲ့သတင်းစာတွေကိုထိန်းချုပ်ဖို့စီမံတာပါပဲ။လူဆိုးတွေနေရာရလာ ရင်ပါးစပ်ပေါက်တွေကိုလိုက်ပိတ်တာဟာလုပ်ရိုးလုပ်စဉ်ပဲမဟုတ်ပါလား။

နာဇီတွေအာဏာရလာပြီးတစ်နှစ်အတွင်းမှာယူကေက The Guardian သတင်းစာကြီးကိုပိတ်ပင်လိုက်ပါတယ်။၁၉၃၅ မှာတော့ Keystone နဲ့ Wide World Photos အေဂျင်စီတွေကိုဂျူးဂျာနယ်လစ်တွေကို ခန့်ထားတယ်ဆိုပြီးပိတ်ပင်ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ဆုံးတော့ဂျာမဏီမှာအနောက်တိုင်းသတင်းဌာနဆိုလို့ အမေရိကန်သတင်းအေဂျင်စီဖြစ်တဲ့ Associated Press (AP) သတင်းဌာနတစ်ခုပဲကျန်ခဲ့ပါတယ်။ AP ဟာဂျာမဏီနိုင်ငံထဲမှာဒုတိယ ကမ္ဘာစစ်ထဲကို အမေရိကန်တွေ ၁၉၄၁ မှာဝင်လာတဲ့အထိအလုပ်လုပ်နေခဲ့ပါတယ်။ပြောရရင် တခြားသတင်းသမားတွေမရနိုင်တဲ့အခွင့်အလမ်းတွေကို AP ကရခဲ့တာပါပဲ။ ဘာကြောင့်သူတို့ ဒီအခွင့်အရေးကိုရခဲ့ကြတာလဲ။ ပေးရတဲ့တန်ဘိုးကကြီးမားပါတယ်။

ဂျာမန်သမိုင်းပညာရှင်ဟာရီရက်ချန်ဘာ့ဂ်ကသမိုင်းဆိုင်ရာ စာတမ်းတစ်ခုမှာသူ့ရဲ့တွေ့ရှိချက်ကိုဖွင့်ချခဲ့ပါတယ်။AP ဟာနာဇီတွေနဲ့အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့တယ်ဆိုတာပါပဲ။ AP ဟာ ဂျာမန်ဝါဒဖြန့်ချိရေးဝန်ကြီးဌာနနဲ့နိုင်ငံတော်ကိုထိခိုက်စေမယ့်စတိုရီတွေကိုမဖေါ်ပြပါဘူးလို့ လက်မှတ်ထိုးခဲ့ပါတယ်။

သဘောတူညီချက်အရ AP ဟာနာဇီပါတီရဲ့ဝါဒဖြန့်ချိရေးဝန်ထမ်းတချို့ကိုအလုပ်ပေးခဲ့ရပါတယ်။ AP ကခန့်တဲ့ဓါတ်ပုံသတင်းထောက် ၄ယောက်ထဲမှာဖရန့်ဇ်ရော့သ်ဟာနာဇီSSတပ်ဖွဲ့ရဲ့ဝါဒဖြန့်ချိရေး သမားဖြစ်ပါတယ်။သူရိုက်တဲ့ဓါတ်ပုံတွေကိုဟစ်တလာကိုယ်တိုင်ကရွေးချယ်တယ်လို့ဆိုပါတယ်။ (ဒီဘက်ခေတ်မှာသမိုင်းပညာရှင်ဟာရီရက်ချန်ဘာ့ဂ်က ဒီလျှို့ဝှက်ချက်တွေကိုဖေါ်ထုတ်လိုက်တဲ့အခါ AP ဟာသူတို့ ဝက်ဆိုဒ်ကနေဖရန့်ဇ်ရော့သ်ရဲ့ဓါတ်ပုံတွေကိုဖယ်ရှားခဲ့ပါတယ်။)

AP ဟာသူတို့ရဲ့ဓါတ်ပုံတွေကို နာဇီတွေကလူမျိုးခွဲခြားရေးအတွက်ဝါဒဖြန့်ချိရာမှာလည်းသုံးခွင့်ပေးခဲ့ပါတယ်တဲ့။နာဇီတွေရဲ့ဂျူးမုန်းတီးရေး လက်ကမ်းစာစောင်တွေဖြစ်တဲ့ Sub-Human နဲ့ The Jews in the USA တွေမှာ ဂျူးအမေရိကန် နယူးယောက်မြို့တော်ဝန်က ဘူဖေးကိုလက်နဲ့စားနေတဲ့ပုံကိုသုံးခဲ့ကြပါတယ်။ AP ရဲ့ဓါတ်ပုံဖြစ်ပါတယ်။

၁၉၄၁ ခုနှစ်မှာဂျာမန်တပ်တွေယူကရိန်းကိုဝင်စီးတဲ့အခါမှာလည်းအကျဉ်းထောင်တွေထဲမှာဆိုဗီယက် ရုရှတပ်တွေက ယူကရိန်းတွေကိုသတ်ဖြတ်ထားတဲ့ပုံတွေကိုဝါဒဖြန့်ချိရေးအတွက်သုံးခဲ့ပါတယ်။ဖရန့်ဇ်ရော့သ်ရဲ့ပုံတွေပါပဲ။ဟစ်တလာရဲ့အမိန့်နဲ့ AP ကတဆင့်အနောက်ကမ္ဘာကိုဝါဒဖြန့်ခဲ့တာပါ။

ဂုဏ်သိက္ခာကြီးမားတဲ့APသတင်းဌာနဟာဒီဖက်ခေတ်မှာဒုတိယကမ္ဘာစစ်ကဖြစ်ရပ်တွေကိုပြန်လည် စစ်ဆေးမယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်၂၀၁၁ကမြောက်ကိုရီးယားမြို့တော်ပြုံယမ်းမှာပထမဆုံးအနောက်မီဒီယာအနေ နဲ့ AP ရုံးခွဲဖွင့်တဲ့အခါမှာလည်းအလားတူဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။APဟာအပေးအယူတွေလုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲမှုတွေဖြစ်ပါတယ်။

AFP သတင်းဌာနကလည်းပြုံယမ်းအစိုးရနဲ့၂၀၁၆ မှာသဘောတူညီမှုယူပြီးမြောက်ကိုရီးယားရုံးခွဲကိုဖွင့်ခဲ့ပါတယ်။

တကယ်တော့ဒီဆောင်းပါးဟာ AP ကိုဝေဖန်ချင်တာမဟုတ်ပါဘူး။အခြေအနေ တစ်စုံတစ်ရာမှာသတင်းဌာနတစ်ခုဟာ တစ်ချိန်မှာကိုယ်ပြန်နောင်တရစေမယ့်လုပ်ရပ်တွေကိုကျူးလွန်လေ့ရှိတယ်ဆိုတာကိုပဲပြောချင်တာဖြစ်ပါတယ်။

The New York Times အကြောင်းပြောကြည့်ရအောင်ပါ။၁၉၃၉မှာပုံနှိပ်တဲ့ ဟစ်တာလာ အကြောင်း ပုံရိပ်လွှာဆောင်းပါးမှာ ဟစ်တလာဟာသစ်ပင်တွေကိုချစ်သူ၊ခွေးတွေနဲ့ဆော့ကစားတတ်သူ လူကြီးလူကောင်းအဖြစ်ပုံဖေါ် ထားတာကိုတွေ့ရပါတယ်။သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ မဆုတ်မနစ်ကြိုးပမ်းအားထုတ်သူအဖြစ်လည်းရေးသားထားပါတယ်။

အမေရိကန်ပြည်ထောင်စုကThe Seattle Times ကိုလည်းချန်ထားလို့မရပါဘူး။ဟစ်တလာရဲ့ အစောပိုင်းနှစ်တွေ မှာ ဟစ်တလာရဲ့ကမ္ဘာကြီးအပေါ်ငြိမ်းချမ်းတဲ့အမြင်တွေကို ဆောင်းပါးတွေ အများကြီးဖေါ်ပြခဲ့ပါတယ်။နောက်ပိုင်းသိလာတဲ့အခါမှာတော့ကိုယ်ရှိန်သတ်လာခဲ့ပါတယ်။

ယူကေကသတင်းစာတွေမှာလည်းအလားတူဖြစ်ရပ်တွေရှိပါတယ်။ တကယ်တော့ခေါင်းထောင်လာတဲ့ကွန်မြူနစ်ဝါဒကို ဆန့်ကျင်ဖို့လက်ယာစွန်းအစိုးရတွေကိုအားပေးခဲ့ကြတာလည်းအကြောင်းရင်းတစ်ခုပါပဲ။ဒီအယူအဆအောက်မှာကမ္ဘာကတော့‌ကြေမွသွားခဲ့ရပါတယ်။

ဒီဆောင်းပါးမှာဟစ်တလာနဲ့ပက်သက်လို့အစောဆုံးသတိပေးခဲ့တဲ့ဂျာနယ်လစ်တစ်ဦးကိုဂုဏ်ပြုဖေါ်ပြချင်ပါတယ်။သူမကတော့အမေရိကန်ဂျာနယ်လစ် ​ဒေါ် ရိုသီသွန်မ်ဆင်ပဲ ဖြစ်ပါတယ်။သူမရဲ့ခင်ပွန်းကတော့စာပေနိုဘဲလ်ဆုရှင်ဆင်ကလဲယားလူးဝစ်ဖြစ်ပါတယ်။

​ဒေါ် ရိုသီဟာဂျာမဏီမှာသတင်းစာဆရာမအဖြစ်အမှုထမ်းခဲ့ပြီး၁၉၂၀ကျော်ခုနှစ်တွေကတည်းကဟစ်တလာနဲ့သူ့အဖွဲ့ရဲ့အန္တရာယ်ကိုသတိပေးခဲ့သူပါ။သူမအထုပ္ပတ္တိကိုပြန်ရေးတဲ့စာရေးဆရာပီတာကာ့သ်က The American Cassandra: The Life of Dorothy Thompson စာအုပ်မှာ“ဒီကောင်တွေအာဏာ ယူတော့မယ်ဆိုတာကိုသူမလောက်ဘယ်သူမှလေးလေးနက်နက်မသိခဲ့ဘူး”လို့ရေးသားခဲ့ပါတယ်။

“သူတို့ကိုသူမကတချိန်လုံးစောင့်ကြည့်နေခဲ့ပါတယ်”တဲ့။

သတင်းစာဆရာတွေရဲ့ဘဝမှာအမှောင်ခေတ်တွေကိုဖြတ်သန်းရတာဟာထူးခြားတဲ့အတွေ့အကြုံမဟုတ်ပါဘူး။ဘယ်လိုဖြတ်သန်းခဲ့တယ်၊ဘယ်လိုစံနှုန်းတွေနဲ့တိုင်းတာခဲ့တယ်ဆိုတာကပဲအရေးကြီးတာပါ။ ကြီးကြီးမားမားနောင်တရစရာမရှိခဲ့တာကအောင်မြင်မှုမဟုတ်ပါလား။ လူတွေကမေ့လျော့တတ်ကြပါတယ်၊သမိုင်းကတော့မမေ့ပါဘူး။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်တစ်ဆုပ်စာလောက် အာဏာရှင် တစ်စုက ကမ္ဘာကြီးကို ဒုက္ခပေးနေကြောင်း ပုပ်ရဟန်းမင်းကြီး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဝန်ထမ်းအင်အား ၂၀၀၀ လောက်ကို လျှော့ချထုတ်ပယ်ရဖွယ် ရှိနေကြောင်း ဗြိတိန် မီဒီယာ လုပ်ငန်းစုကြီး BBCက အတည်ပြုခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက အသစ်ဖွင့်ထားတဲ့ ဝါဒဖြန့် မီဒီယာတွေရဲ့ အကောင့်တွေကို ဖေ့စ်ဘွတ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က အသိပေးထားပါတယ်။

အတွေးအမြင်

အညစ်ပတ်ဆုံးရွေးကောက်ပွဲများလို့ခေါင်းစဉ်တပ်လိုက်တဲ့အခါ အတော်ခေါင်းစားရပါတယ်။ရေးစရာ မရှိလို့မဟုတ်ပါ။ရေးစရာများနေလို့ဖြစ်ပါတယ်။

Facebook