Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆယ်ကျော်သက် လူငယ်ကို ရဲတပ်ဖွဲ့ ပစ်သတ်မှုနဲ့ ပတ်သက်လို့ ပြင်သစ်မှာ အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာ

လူငယ်ကို ပစ်သတ်ခဲ့တယ်ဆိုတဲ့ ရဲအရာရှိကတော့ သူ့ရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတယ်လို့ ယုံကြည်ရတဲ့ အခြေအနေမှာ စည်းမျဉ်းတွေနဲ့အညီ တုံံ့ပြန်ခဲ့တာလို့ အကြောင်းပြချက် ပေးထားပေမယ့် လောလောဆယ်မှာတော့ လူသတ်မှု သံသယ တရားခံအဖြစ် ထိန်းသိမ်း ခံထားရပါတယ်။

ဆယ်ကျော်သက် လူငယ်ကို ရဲတပ်ဖွဲ့ ပစ်သတ်မှုနဲ့ ပတ်သက်လို့ ပြင်သစ်မှာ အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာ
ဆယ်ကျော်သက် လူငယ်ကို ရဲတပ်ဖွဲ့ ပစ်သတ်မှုနဲ့ ပတ်သက်လို့ ပြင်သစ်မှာ အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာ

ရဲတပ်ဖွဲ့က ဆယ်ကျော်သက် လူငယ်တစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြင်သစ်နိုင်ငံမှာ အုံကြွ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အစိုးရရဲ့ ပင်စင် မူဝါဒ အပြောင်းအလဲကို မကျေနပ်လို့ ဆန္ဒပြမှုတွေ ပြင်းထန်နေပြီးသား အခြေအနေမှာ သမ္မတ အီမန်နျူရယ်လ် မာခရွန်အတွက် တစ်ပူပေါ် နှစ်ပူဆင့်စရာ အခြေအနေတွေ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဆူပူသောင်းကျန်းမှုဆန်ဆန် ကူးပြောင်းသွားတဲ့ ဆန္ဒပြမှု တချို့ကို ဟန့်တားနိုင်ခဲ့ကြောင်း ပြောပါတယ်။ ပြင်သစ်နိုင်ငံ အနှံ့မှာ ဇွန် ၂၇ ရက်ကစလို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား ထောင်နဲ့ချီ တိုးမြှင့် ဖြန့်ကျက်ထားရတယ်လို့ ဆိုပါတယ်။

ပါရီမြို့တော်နားက ဖြစ်စဉ်မှာတော့ သတင်းတွေက နာဟဲလ်အမ်လို့သာ အတိုကောက် နာမည်ဖော်ပြထားတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ဟာ ကားထဲမှာ အနီးကပ် ပစ်သတ်ခံခဲ့ရပါတယ်။ ရဲတွေက လမ်းမှာ စစ်ဆေးမှု ပြုလုပ်ချိန် သူက ကားမောင်း ထွက်ပြေးပေမယ့် ယာဉ်တိုက်မှုဖြစ်ပြီး ရပ်တန့်သွားတဲ့အချိန် အခုလို ပစ်သတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းဟာ ပြင်သစ် ပြည်သူတွေကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီး အုံကြွ ဆန္ဒပြမှုတွေဆီ ဦးတည်သွားစေခဲ့တာ ဖြစ်ပါတယ်။ တူးလော့စ်မြို့မှာဆိုရင် ဆန္ဒပြသူတွေက မီးတင်ရှို့ခံထားရတဲ့ ပစ္စည်းတွေကို မီးငြှိမ်းဖို့ ကြိုးစားတဲ့ မီးသတ်ယာဉ်တွေကိုပါ ကျောက်တုံးတွေနဲ့ ပစ်ပေါက်ပြီး ရန်ပြုကြပါတယ်။

လိုင်လီမြို့မှာလည်း ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက် ရင်ဆိုင် ပဋိပက္ခတွေ ဖြစ်ခဲ့ကြပါတယ်။ ရင်းနက်စ်မြို့မှာတော့ လူ ၃၀၀ လောက် စုဝေးပြီး သေဆုံးသူ လူငယ်အတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

သမ္မတ မာခရွန် အတွက်တော့ အခုကိစ္စက ကြားညပ်ပြီး အနေခက်စရာ ဖြစ်လာပါတယ်။ သူက လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ ပစ်သတ်ခဲ့တဲ့ ကိစ္စဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ မှတ်ချက် ပေးခဲ့ပေမယ့်လည်း ဒီစကားအပေါ် ပြင်သစ် ရဲသမဂ္ဂတွေက ဒေါသတကြီး တုံ့ပြန်လာပါတယ်။ သမ္မတဟာ ပြဿနာကို ခြေခြေမြစ်မြစ် မစုံစမ်းသေးဘဲ အလွယ်တကူ စကားဖွာခဲ့တာလို့ ရဲတွေက ပြောပါတယ်။

လူငယ်ကို ပစ်သတ်ခဲ့တယ်ဆိုတဲ့ ရဲအရာရှိကတော့ သူ့ရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတယ်လို့ ယုံကြည်ရတဲ့ အခြေအနေမှာ စည်းမျဉ်းတွေနဲ့အညီ တုံ့ပြန်ခဲ့တာလို့ အကြောင်းပြချက် ပေးထားပေမယ့် လောလောဆယ်မှာတော့ လူသတ်မှု သံသယ တရားခံအဖြစ် ထိန်းသိမ်း ခံထားရပါတယ်။

သေဆုံးသူ ဆယ်ကျော်သက် လူငယ်ရဲ့ မိသားစုကတော့ ပြည်သူတွေကို ဆန္ဒပြပွဲတွေမှာ ပါဝင် ပူးပေါင်းကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပြီး တာဝန်ရှိသူတွေ အားလုံးဆီက တရားမျှတမှုကို ပြန်ရလိုကြောင်း တောင်းဆိုထားပါတယ်။