Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇွန်လ ၂၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️အမေရိကန်နဲ့ အိန္ဒိယ အစိုးရခေါင်းဆောင်များ NUG ကို တရားဝင်အသိအမှတ်ပြုဆက်ဆံဖို့ NUCC တိုက်တွန်း

အမေရိကန် သမ္မတဘိုင်ဒန်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့ နှစ်ဦးစလုံးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို မြန်မာပြည်သူများရဲ့ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုဆက်ဆံဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်းပါတယ်။ အမေရိကန်နဲ့ အိန္ဒိယ အစိုးရနှစ်ရပ်တို့ ပူးတွဲထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ကြေညာချက်ဟာ NUCC ရဲ့ ပြည်သူ့ညီလာခံတွင် အတည်ပြုခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဥ် အစိတ်အပိုင်း(၁) ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြေညာစာတမ်းရဲ့ အကြောင်းအရာနဲ့ အနှစ်သာရများကိုပါ ထင်ဟပ်နေတာကြောင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)အနေနဲ့ အထူးကြိုဆိုအားပေးတယ်လို့ NUCC က ဒီနေ့ထုတ်ပြန်ပါတယ်။ ပူးတွဲကြေညာချက်ကို ကြည့်ခြင်းအားဖြင့် အိန္ဒိယဟာ ၎င်းတစ်နိုင်ငံတည်း ချွန်ထွက်ပြီး မြန်မာနိုင်ငံ ပြောင်းလဲရေးမှာ ဝင်ရောက်ကူညီရမှာမဟုတ်ဘဲ အခြားအင်အားကြီး နိုင်ငံများလည်း ကူညီနေတာကို ဝန်ကြီးချုပ်ကိုယ်တိုင် တွေ့သွားလို့ အားရမိတယ်လို့ NUCC မှ ဦးမောင်မောင်က ပြောပါတယ်။

(အ​မေရီကန် သမ္မတ ဂျိုးဘိုင်ဒန် နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ဇွန် ၂၂ ရက်က​တွေ့ဆုံစဥ်။ ဓါတ်ပုံ- The Times of India)
(အ​မေရီကန် သမ္မတ ဂျိုးဘိုင်ဒန် နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ဇွန် ၂၂ ရက်က​တွေ့ဆုံစဥ်။ ဓါတ်ပုံ- The Times of India)

▪️ဘီးလင်းရှိ တံတားတစ်စီးကို မိုင်းခွဲဖျက်ဆီးခဲ့ဟု KNLA တပ်မှူးပြော

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ တံတားတစ်စီးကို မနေ့ညပိုင်းက မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေခံ တပ်မှူးတစ်ဦးက ပြောပါတယ်။ ဘီးလင်းနဲ့သထုံမြို့နယ်ကြားရှိ တံတားကို ဖျက်ဆီးခဲ့တာဖြစ်ပြီး စစ်ရေးအခြေအနေအရ စစ်ကောင်စီထောက်ပို့ကို ဖြတ်တောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖောက်ခွဲမှုအပြီး တံတားအပျက်အစီးကို သွားရောက်စစ်ဆေးတဲ့ ရဲများ၊​ ထွေအုပ်နဲ့ စစ်ကောင်စီဝန်ထမ်းများကို ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ KNLA တပ်မှူးက ပြောပါတယ်။ တံတားတစ်ခြမ်းပြုတ်ကျ ပျက်စီးခဲ့သလို့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ငါးဦးထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦးသေဆုံးတယ်လို့ သိရပါတယ်။

(ဘီးလင်းမြို့နယ်ရှိ တံတားတစ်စီးကို ယမန်နေ့ညပိုင်းက မိုင်းခွဲဖျက်ဆီးပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဘီးလင်းမြို့နယ်ရှိ တံတားတစ်စီးကို ယမန်နေ့ညပိုင်းက မိုင်းခွဲဖျက်ဆီးပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️က​လေးဝနဲ့ မင်းကင်းကြားတိုက်ပွဲ စစ်​ကောင်စီတပ် အထိနာ

စစ်ကိုင်းတိုင်း၊ ကလေးဝနဲ့ မင်းကင်းမြို့ကြားမှာ မနေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ မင်းကင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ကလေးဝနဲ့ မင်းကင်းမြို့ကြား လမ်းပိုင်းတ‌စ်နေရာ စစ်ကောင်စီစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲပြင်းထန်ခဲ့တာလို့ မင်းကင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲအသေးစိတ်အခြေအနေကို စစ်ရေးလုံခြုံရေးအရ မပြောနိုင်သေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

(ဇွန်လ ၁၆ရက်က စခန်းကြီးရွာအနီးတိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ PDFများကသိမ်းယူနိုင်ခဲ့သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG MoD)
(ဇွန်လ ၁၆ရက်က စခန်းကြီးရွာအနီးတိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ PDFများကသိမ်းယူနိုင်ခဲ့သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG MoD)

▪️ညောင်လေးပင်ခရိုင်မှာ စစ်တပ်ရဲ့လက်နက်ကြီးကြောင့် အရပ်သား နှစ်ဦးသေဆုံး

ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်ထဲက ကျောက်တံခါးမြို့မှာ ဇွန်လ ၂၇ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ကျောက်တံခါးမြို့နယ်ထဲက ဗောဓိကွင်းကျေးရွာအုပ်စုကို ကျောက်တံခါးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်က လက်နက်ကြီးနဲ့ ညအချိန် ပစ်ခတ်တာလို့ ဆိုပါတယ်။ လက်နက်ကြီးကျည်ကြောင့် ဗောဓိကွင်းရွာက အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ စဉ့်အိုးလှ ရွာနေ အသက် ၂၅ နှစ်ခန့် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်္ဃန်းချောင်ရွာက ရွာသားလေးဦးလည်း အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

လက်နက်ကြီးထိမှန်ပျက်စီးသွားတဲ့နေအိမ်ကိုတွေ့ရစဉ် (ပုံဟောင်း)
လက်နက်ကြီးထိမှန်ပျက်စီးသွားတဲ့နေအိမ်ကိုတွေ့ရစဉ် (ပုံဟောင်း)

▪️ပုသိမ်ကြီးနယ် နေအိမ်ဖယ်ရှားခံရမယ့် မိသားစုများ ရွှေ့ပြောင်းနေထိုင်ရေး ပြည်သူအချင်းချင်း အကူအညီများပေး

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ရှိ နန်းဦးလွင် ကျေးရွာအုပ်စုရှိ နေအိမ်ဖယ်ရှားခံရမယ့် မိသားစုများအတွက် ရွှေ့ပြောင်းနေထိုင်ရေး ပြည်သူအချင်းချင်း အကူအညီများ ပြန်ပေးနေကြတယ်လို့ နယ်ခံများက ပြောပါတယ်။ လာမယ့် ဇူလိုင် ၆ ရက်မှာ ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိအားပေးခံထားရတဲ့ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စုရှိ နေအိမ်များနဲ့ ၎င်းကျေးရွာအုပ်စုရှိ ကန်ကောက်ရွာမှ နေအိမ် ၉,၀၀၀ ကျော် ရွှေ့ပြောင်းနေထိုင်ရေးကိစ္စများကို ဝိုင်းဝန်းကူညီသူများ ပေါ်ပေါက်လာခဲ့တာပါ။ သောင်းချီသော မိသားစုဝင်များမှာ နေစရာအတွက် အိမ်ငှားနေထိုင်ဖို့ အိမ်အမြန်ရှာဖွေနေရပြီး အိမ်ငှားခများလည်း မြင့်တက်နေလို့ အခက်အခဲများတွေ့နေရပါတယ်။

▪️မုံရွာနဲ့ မြင်းမူမှာ စစ်ကောင်စီတပ်ကို PDFအဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ မြင်းမူမြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ ရေယာဥ်နဲ့ ဆိုင်ကယ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ မနေ့ နေ့ခင်းက မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှတဆင့် ချင်းတွင်းမြစ်အတွင်း ထွက်ခွာလာတဲ့ စစ်ကောင်စီရေယာဥ်တန်းကို မဟာမိတ်အဖွဲ့များက ပဒေသာမိုင်းပွိုင့် ငါးခုနဲ့ တိုက်ခိုက်ပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ထိခိုက်မှုရှိပေမယ့် သေဆုံးမှုကိုအတည်မပြုနိုင်သေးဘဲ ရဲဘော်များမှာမူ အထိအခိုက်မရှိဘူးလို့ BHAက ဆိုပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း မြင်းမူမြို့ရှောင်လမ်းမှာ ဆိုင်ကယ်နှစ်စီးနဲ့လာတဲ့ စစ်သား လေးဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကာ နှစ်ဦးအပြင်းအထန် ဒဏ်ရာရသွားတယ်လို့ Dog Killers People’s Defence Force Myinmu (DK PDF-MMU) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။