ခမ်းပတ်မြို့တွင်း၌ ယနေ့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် သေဆုံးမှုများသောကြောင့်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေကြောင်းဒေသခံများကပြောသည်။
ခမ်းပတ်မြို့အနီး ဇူလိုင်လ ၂၃ရက်က လေကြောင်းမှ အင်အားတိုးချသွားသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ယနေ့ (ဇူလိုင် ၂၅)တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သိရသည်။ ထို့နောက် စစ်ကောင်စီတပ်သည် ယနေ့(ဇူလိုင်လ ၂၅ရက်) ညနေမှ စ၍ လေကြောင်းအသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။
“ခမ်းပတ်မြို့ကိုလေကြောင်းနဲ့တိုက်ခိုက်နေတယ်လို့သတင်းရပါတယ်။ခမ်းပတ်မြို့ကိုခမ်းလေယာဥ်နဲ့ပစ်နေပြီလို့ပြောနေတယ်။ လေယာဥ်နှစ်စီးဗုံးကျဲတယ်လို့သတင်းရရှိပါတယ်။ တိုက်ပွဲလည်းပြင်းထန်နေတယ်လို့ကြားရပါတယ်” ဟု ဒေသခံတစ်ဦးက ယနေ့ညနေ ၆နာရီဝန်ကျင်တွင်ပြောသည်။
စစ်တပ်ကလေကြောင်းမှ တိုက်ခိုက်မှုကြောင့်ထိခိုက်မှုအခြေအနေကိုမူမသိရသေးပေ။
စစ်ကောင်စီတပ်သည် ဇူလိုင် ၂၃ရက်က ခမ်းပတ်မြို့ အထက်ဘက်သို့ ရဟတ်ယာဥ်ဖြင့်ကလေးမှ စစ်သားများကို စစ်ကူပို့ခဲ့သည်။ စစ်ကူရောက်လာသောစစ်သားများ ခမ်းပက်မြို့သို့ အလာတွင် ဒေသခံတော်လှန်ရေးအဖွဲ့များက ဇူလိုင် ၂၄ ရက်မနက်ကတိမ်းကယားရွာအနီးတွင်ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်အထိနာခဲ့ကြောင်းဒေသခံ နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ အချို့ ကပြောသည်။
“အင်အား ၆၀ လောက်ပါမယ်။ တိမ်းကယားကနေ ခမ်းပတ်ရဲစခန်းကို လာပေါင်းတာ။ ကလေးတွေ(ပြည်သူ့ကာကွယ်ရေးရဲဘော်များ)က အပေါင်းမခံဘူး”ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။
ခမ်းပတ်မြို့ပေါ် ရဲစခန်းနှင့် တိမ်းကယားရွာသည် ချင်းရွာတစ်ရွာခြားပြီးလေးမိုင်ခန့်ဝေးသည်။ ဇူလိုင်လ ၂၃ရက်နှင့် ဇူလိုင် ၂၄ရက်က တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးမှ ၁၆ဦး အထိ သေဆုံးနိုင်သည်ဟု အထက်ပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်တစ်ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ကြောင်း ၎င်းက ပြောသည်။ စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုအခြေအနေနှင့်ပက်သက်၍ People’s Spring အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ယနေ့တွင်ခမ်းပက်မြို့တွင်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။
စစ်ကောင်စီအထိနာ၍ လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“ခမ်းပတ်မြို့ထဲမှာကို တိုက်ပွဲဖြစ်နေတာ။ ဒေသခံတွေလည်း ဘေးလွှတ်ရာကိုတိမ်းရှောင်နေပါတယ်။ ရှေ့ဆက် တိုက်ပွဲပိုပြင်းထန်နိုင်ခြေရှိပါတယ်”ဟု ၎င်းကဆက်ပြောသည်။
ခမ်းပက်မြို့ရှိပြည်သူများ၊ အနီးဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများမှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင် နေရကြောင်းဒေသခံအချို့က ပြောသည်။