Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (အောက်တိုဘာ ၂၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့ Operation 1027 ကို ပူးပေါင်းဆင်နွှဲလိုက်ကြောင်း ညီနောင်သုံးဖွဲ့ ကြေညာ

အာဏာသိမ်းစစ်ကောင်စီတပ်ကို ဒီ​နေ့ မနက်ကစ၍ တိုက်ခိုက်​တဲ့ Operation 1027 (၁၀၂၇ စစ်ဆင်ရေး)ကို ပူးပေါင်းဆင်နွှဲလိုက်ကြောင်း တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA) ညီနောင်သုံးဖွဲ့က ပူးတွဲထုတ်ပြန်လိုက်ပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းနေရာနဲ့ မြို့ပေါ်နေရာများကို တစ်ပြိုင်တည်းထိုးစစ်ဆင်နေတဲ့ ညီနောင်သုံးဖွဲ့က အခုလိုထုတ်ပြန်လာတာပါ။ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်နိုင်ရေး ၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို မိမိတို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့ အဖွဲ့အစည်းများအပေါ် စစ်ကောင်စီမှ လေကြောင်း လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှု ရရှိရေး၊ မြန်မာပြည်သူ တစ်ရပ်လုံးရဲ့ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်- မြန်မာ နယ်စပ် အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာတဲ့ အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ Online Game(ကျဖျင့်)ကုမ္ပဏီများနဲ့ အဲဒီလုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး ရည်ရွယ်ချက်များဖြင့် Operation 1027 ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်း ဆင်နွှဲလိုက်ကြောင်း ဖော်ပြပါတယ်။

▪️လားရှိုး၊ မုံးကိုး၊ ချင်းရွှေဟော်အပါအဝင် စစ်ရေးအရ အဓိကကျတဲ့ နေရာအများအပြားကို ညီနောင်သုံးဖွဲ့ သိမ်းပိုက်ချေမှုန်း

စစ်ကောင်စီတပ်များကို တိုက်ခိုက်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနဲ့ လားရှိုးမြို့ရှိ စစ်ရေးအဓိကကျသောနေရာ အများအပြားကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ကြေညာပါတယ်။ ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်များကို မြောက်ပိုင်းလက်နက်ကိုင်တပ်များက ဒီနေ့မနက်မှစတင် တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် အထိနာနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိလည်း စခန်းသိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များ နေရာအနှံ့ ဆက်လက်ဖြစ်ပွားနေတယ်လို့ ညီနောင်သုံးဖွဲ့က အသိပေးပါတယ်။ ရန်သူစစ်ကောင်စီဟာ လေကြောင်း၊ လက်နက်ကြီးများကို ဆက်တိုက်အသုံးပြုပြီး ခုခံနေသကဲ့သို့ ၎င်းတို့အနေဖြင့်လည်း ၁၀၂၇ စစ်ဆင်ရေး ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲများ ပြင်းထန်နေတဲ့ မုံးကိုးနဲ့ ဖောင်းဆိုင်ဒေသကို စစ်ကောင်စီတပ်က ဒီနေ့ မနက်ပိုင်းက လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်လာတယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

▪️စစ်​ကောင်စီနဲ့ ကျဖျင့်လုပ်ငန်းများကို တိုက်ခိုက်​ချေမှုန်းဖို့ ပြည်​ထောင်စုလမ်းကို အ​ရေး​ပေါ် ပိတ်

အာဏာသိမ်းစစ်​ကောင်စီကို အမြစ်ဖြတ်​တိုက်ခိုက်ချေမှုန်းဖို့၊ ​လောက်ကိုင်မြို့နယ်ရှိ အွန်လိုင်းဂိမ်း(ကျဖျင့်)ကုမ္ပဏီများကို တိုက်ခိုက်ရှင်းလင်းဖို့၊ ကျဖျင့်လုပ်ငန်းများကို​နောက်ကွယ်မှအကာအကွယ်​ပေး​နေ​တဲ့ အင်အားစုများ လားရှိုးမှတဆင့် စစ်အင်အား တိုးချဲ့မလာနိုင်ဖို့ ဒီနေ့မနက်ပိုင်းကစလို့ လာရှိုးမှ ချင်း​ရွှေ​ဟော်၊ လားရှိုးမှ မူဆယ် ပြည်​ထောင်စုလမ်းမကြီးများကို အ​ရေး​ပေါ် ပိတ်လိုက်​တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ​ကြေညာလိုက်ပါတယ်။ ​Operation 27 စတင်တဲ့ အောက်တိုဘာ ၂၇ မနက် ၆ ​နာရီမှစလို့ လမ်းကို ပိတ်လိုက်ပြီး မည်သည့်ယာဥ်တန်းမှ ဖြတ်သန်းခွင့်မ​ပေးဘဲ လမ်းမကြီးပြန်ဖွင့်မယ့်ရက်ကို ထပ်မံအ​ကြောင်းကြားမယ်လို့ ​ကြေညာထားပါတယ်။

▪️ကော့ကရိတ်တိုက်ပွဲကို မြောက်ပိုင်းစစ်ဆင်ရေးနှင့် ဟန်ချက်ညီဆင်နွှဲ

ကရင်အမျိုးသားအစည်းအရုံး(KNU)ဦးဆောင်တဲ့ ပူးပေါင်းတပ်က ကော့ကရိတ်မြို့ပေါ်တိုက်ပွဲများကို ဒီနေ့ မနက်က ဖော်ဆောင်ခဲ့ရာ မြို့ကိုထိန်းထားနိုင်ဖို့ ရည်ရွယ်ပြီး မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများနှင့် ဟန်ချက်ညီ ဆင်နွှဲခြင်းဖြစ်တယ်လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာ ရုံးနေရာများကို KNU ပူးပေါင်းတပ်က ဒီနေ့မနက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ကရင်သတင်းဌာန KIC ရဲ့ ဖော်ပြချက်အရ ကြာအင်းကုန်း၊ တံတားဦး၊ ရုံးကုန်းနေရာ စတဲ့ စစ်ကောင်စီတပ်စွဲရာနေရာများမှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရင်း ခလရ(၉၇) အနောက်ဘက် ဂေါက်ကွင်းဘေးနေရာရှိ စစ်ကောင်စီ လက်အောက်ခံ ရဲသတင်းတပ်ဖွဲ့ရုံး၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးရုံး နှစ်ခုကိုလည်း မီးရှို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

▪️Operation 1027 ကို ထောက်ခံကြိုဆိုသောအားဖြင့် ပူး​ပေါင်းတိုက်ပွဲဝင်သွားမယ်လို့ မန္တလေးPDF အသိပေး

ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ Operation 1027 (၁၀၂၇ စစ်ဆင်ရေး)ကို ထောက်ခံကြိုဆိုတဲ့အနေဖြင့် တောင်သမန်စစ်ဆင်ရေးဖြင့် တိုက်ပွဲဝင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်ကြေညာပါတယ်။ ဒီနေ့ မနက်ပိုင်းက ညီနောင်မဟာမိတ်များဖြစ်ကြတဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း(PSLF/TNLA)နဲ့ ရက္ခိုင်(ULA/AA)တို့ ပူးတွဲထုတ်ပြန်ခဲ့တဲ့ Operation 1027 ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)အနေဖြင့် လှိုက်လှိုက်လှဲလှဲထောက်ခံကြိုဆိုကြောင်း ဖော်ပြပါတယ်။ နောင်တော် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့်ထပ်တူ တသားတည်းတည်ရှိပြီး ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ စစ်ဆင်ရေးအောင်မြင် အထောက်အပံ့ဖြစ်စေရေးအတွက် မန္တလေးPDF ဟာလည်း “တောင်သမန်” စစ်ဆင်ရေးအဖြစ် ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ကြေညာပါတယ်။

▪️ထီးချိုင့်မှာ စစ်ကောင်စီတပ် စစ်ကြောင်းကို KIA/PDF ပိတ်ဆို့တိုက်ခိုက်၊ စစ်ကောင်စီတပ် ရဟတ်ယာဉ်ပစ်ကူသုံး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တစ်နေရာမှာ စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းပြီး တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့ လေကြောင်းပစ်ကူ အသုံးပြုလာတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်များပြားနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

▪️စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့ ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ ကလေးငယ် တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးသေဆုံးကာ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်မှာ ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်များကို မြောက်ပိုင်းလက်နက်ကိုင်တပ်များက တိုက်ခိုက်ရာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများဆက်တိုက်လုပ်ဆောင်နေခဲ့တာပါ။ ဒီနေ့တိုက်ပွဲများမှာ စစ်ကောင်စီတပ် အထိနာလျက်ရှိပြီး စခန်းအချို့ကို မြောက်ပိုင်းလက်နက်ကိုင်များက သိမ်းပိုက်ထားပါတယ်။

▪️နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု(OPRF – PLA)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ ညနေပိုင်းက နတ်မောက်မြို့နယ် သမှုန်းကုန်းကြီးကျေးရွာ ကားလမ်းထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းကို OPRF – PLA ရဲဘော်များက အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦး ထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။