Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဟားမားစ်တွေရဲ့ လက်တွေ့မကျတဲ့ တောင်းဆိုမှုတွေကြောင့် အပစ်ရပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ အစ္စရေးပြော

အစ္စရေး တပ်တွေဟာ ဂါဇာ မြောက်ပိုင်းကနေ စတင် ထိုးစစ်ဆင် ချီတက်လာပြီး အခုအခါမှာတော့ ဂါဇာတောင်ဖက်စွန်းက အီဂျစ်နဲ့ နယ်နိမိတ် ထိစပ်နေရာ ရာဖားဟ် ဒေသကို တိုက်ခိုက်ဖို့ ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။

ဟားမားစ်တွေရဲ့ လက်တွေ့မကျတဲ့ တောင်းဆိုမှုတွေကြောင့် အပစ်ရပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ အစ္စရေးပြော
ဟားမားစ်တွေရဲ့ လက်တွေ့မကျတဲ့ တောင်းဆိုမှုတွေကြောင့် အပစ်ရပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ အစ္စရေးပြော

အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးခဲ့ပေမယ့် ဟားမားစ် ပြောက်ကျားတွေဖက်က လက်တွေ့ မကျခဲ့တဲ့ အဆိုပြုချက်တွေကိုတော့ ပယ်ချခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။

အဲဒီအစား အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသမှာ စစ်ဆင်ရေးတွေ ဆက်လက် ဆင်နွှဲသွားမှာဖြစ်ပြီး အလုံးစုံ အောင်ပွဲဟာ လပိုင်းအတွင်း ပေါ်ပေါက်လာမယ်လို့ ယုံကြည်ထားကြောင်းလည်း နေတန်ညာဟုက ဆိုပါတယ်။

အစ္စရေးက ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေး အပါအဝင် ဂါဇာစစ်ပွဲအတွက် အပစ်အခတ် ရပ်စဲရေး အထမြောက်နိုင်မယ့် အဆိုပြုချက်မျိုးကို ထောက်ခံခဲ့ပေမယ့် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ကတော့ လွန်ကဲတဲ့ တောင်းဆိုမှုတွေနဲ့ တုံ့ပြန်ခဲ့တယ်လို့ သူက စွပ်စွဲပါတယ်။

ဟားမားစ်တွေရဲ့ လက်တွေ့ မကျတဲ့ တောင်းဆိုမှုတွေကြောင့် နှစ်ဖက် ဆွေးနွေးမှုတွေဟာ ဘယ်လိုမှ ရှေ့ဆက် မတိုးနိုင်တော့ကြောင်း၊ အပစ်အခတ် ရပ်စဲရေးကိစ္စ အထမမြောက်ရင်တောင် တခြား သဘောတူညီမှု တချို့ကို ရရှိနိုင်ဖို့ မျှော်လင့်ပြီး ဆွေးနွေးမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်နေကြောင်းလည်း နေတန်ညာဟုက ပြောပါတယ်။

အခြေအနေအရ အစ္စရေးဟာ အလုံးစုံ အောင်ပွဲကို ရယူဖို့အပြင် တခြား ဖြေရှင်းစရာ နည်းလမ်း မကျန်တော့ကြောင်း နေတန်ညာဟုက ဖေဖော်ဝါရီ ၇ ရက် သတင်းစာ ရှင်းလင်းပွဲမှာ မှတ်ချက်ပေးခဲ့ပါတယ်။ သူက ဟားမားစ်တွေကို အမြစ်ပြတ် ရှင်းလင်းဖို့ မဖြစ်မနေ လုပ်ရမယ်လို့ ပြောကြားခဲ့ပြီး တကယ်လို့ ဟားမားစ်တွေ ဂါဇာမှာ ကြွင်းကျန်နေဦးမယ်ဆိုရင် အောက်တိုဘာ ၇ ရက်နေ့က အစုလိုက် သတ်ဖြတ်မှုမျိုး နောက်တစ်ကြိမ် ပေါ်လာအောင် အခွင့်အရေး ပေးလိုက်တာနဲ့ တူတူပဲလို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၇ ရက်နေ့က ဟားမားစ်တွေနဲ့ မဟာမိတ် ပါလက်စတိုင်း လက်နက်ကိုင် အင်အားစု တချို့ဟာ အစ္စရေး နယ်စပ်ကို အလစ်အငိုက် ဖြတ်ကျော်ပြီး လူနေဧရိယာတွေကို တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေး ၁၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကို အကြောင်းပြုပြီး အစ္စရေးက ဂါဇာမှာ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ကြီးကို စတင်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ဟာ စစ်ပွဲအတွင်းမှာ အပစ်အခတ် တစ်ကြိမ် ရပ်စဲခဲ့ဖူးပြီး ဟားမားစ်တွေ ဖမ်းထားတဲ့ ဓားစာခံ ၁၀၀ ကျော်နဲ့ အစ္စရေး လက်ထဲက စစ်သုံ့ပန်းတွေကို အလဲအလှယ် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဟားမားစ်တွေရဲ့ လက်ထဲမှာ ဓားစာခံ ၁၃၀ ကျော်လောက် ကျန်နေဆဲလို့ အစ္စရေးက ပြောပါတယ်။

အပစ်ရပ် သဘောတူညီမှုအတွက် ဟားမားစ်ဖက်က တုံ့ပြန် အဆိုပြုတဲ့ အချက်တွေမှာ အဆင့် ၃ ဆင့် ခွဲခြားထားတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

ပထမအဆင့်မှာ ၄၅ ရက်တာ အပစ်ရပ်ရမှာဖြစ်ပြီး ဟားမားစ်တွေက အစ္စရေး အမျိုးသမီးတွေ၊ အသက် ၁၉ နှစ်အောက် လူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်း ဖြစ်နေသူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားရာကနေ လွှတ်ပေးပြီး အစ္စရေးကလည်း ထောင်ချထားတဲ့ ပါလက်စတိုင်း အမျိုးသမီးနဲ့ ကလေးတွေကို လွှတ်ပေးရပါမယ်။ အစ္စရေး တပ်တွေဟာ ဂါဇာမှာရှိတဲ့ လူနေ ထူထပ်ရာ ဧရိယာတွေကနေ ဆုတ်ခွာပေးပြီး ဆေးရုံတွေနဲ့ ဒုက္ခသည် စခန်းတွေ ပြန်လည် ပြုပြင် တည်ဆောက်မှုတွေ အစပြုပါမယ်။

ဒုတိယ အဆင့်က လက်ကျန် အမျိုးသား ဓားစာခံတွေနဲ့ အစ္စရေး ဖမ်းထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို အလဲအထပ် လုပ်မှာပါ။ အဲဒီအဆင့်မှာ အစ္စရေးဟာ ဂါဇာကနေ လုံးဝဥဿုံ ဆုတ်ခွာပေးရပါမယ်။

တတိယ အဆင့်မှာတော့ နှစ်ဖက်ကြားမှာ သိမ်းဆည်းရရှိထားတဲ့ ရုပ်အလောင်းတွေကို အပြန်အလှန် လဲလှယ်ရမှာ ဖြစ်ပါတယ်။

တခြားသီးခြား ညှိနှိုင်းနေတဲ့ အချက်တွေထဲမှာ ဂါဇာဆီ စားနပ်ရိက္ခာနဲ့ တခြား အထောက်အပံ့တွေ ပိုမို တင်ပို့ရေးအပြင် ၁၃၅ ရက်ကြာ အပစ်ရပ်ပြီးရင် စစ်ပွဲ ပြီးဆုံးပြီလို့ ယူဆပြီး ဆွေးနွေးမှုတွေ ရပ်ဆိုင်းလိုက်ဖို့ဆိုတဲ့ ဟားမားစ်ဖက်က အဆိုပြုချက်လည်း ပါဝင်ပါတယ်။

အစ္စရေးကတော့ ဂါဇာကနေ တပ်တွေ ပြန်ရုပ်ပေးရမယ်ဆိုတဲ့ တောင်းဆိုချက်မျိုးတွေဟာ လုံးဝ သဘာဝ မကျဘူးလို့ ယူဆတာကြောင့် အဆုံးစွန်ထိ စစ်ရေးအရ ရှေ့ဆက်ဖို့ ခြေလှမ်းပြင်လာနေတဲ့ သဘောပါပဲ။

အစ္စရေးရဲ့ ထိုးစစ်ကြောင့် ဂါဇာမှာ အရပ်သား အများစု အပါအဝင် လူပေါင်း ၂၇၇၀၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ ၆၅၀၀၀ ကျော် ရှိလာတယ်လို့ ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

အစ္စရေး တပ်တွေဟာ ဂါဇာ မြောက်ပိုင်းကနေ စတင် ထိုးစစ်ဆင် ချီတက်လာပြီး အခုအခါမှာတော့ ဂါဇာတောင်ဖက်စွန်းက အီဂျစ်နဲ့ နယ်နိမိတ် ထိစပ်နေရာ ရာဖားဟ် ဒေသကို တိုက်ခိုက်ဖို့ ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters