Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အီရန်ရဲ့ လက်တုံ့ပြန်နိုင်ခြေကြောင့် အစ္စရေးကို ကာကွယ်ဖို့ အမေရိကန် တိုက်လေယာဉ်တွေ ဖြန့်ကျက်

အီရန်နဲ့ ဒေသတွင်း မဟာမိတ် လက်နက်ကိုင် အင်အားစုတွေက လက်တုံ့ပြန် တိုက်ခိုက်လာရင် အစ္စရေးကို ကူညီ ကာကွယ်ဖို့အတွက် အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသမှာ တိုက်လေယာဉ်တွေ တိုးမြှင့် ဖြန့်ကျက်ထားလိုက်ပါတယ်။

ဟားမားစ် ပြောက်ကျား အဖွဲ့ရဲ့ နိုင်ငံရေး အကြီးအကဲလည်းဖြစ်၊ အီရန် အစိုးရရဲ့ အမာခံ မဟာမိတ် တစ်ဦးလည်းဖြစ်တဲ့ အစ္စမေးလ် ဟာနီယာဟာ အီရန်နိုင်ငံမှာ အခုသီတင်းပတ်ထဲ လုပ်ကြံခံခဲ့ရတဲ့နောက် အရှေ့အလယ်ပိုင်း ဒေသမှာ တင်းမာမှုတွေ မြင့်တက်နေပါတယ်။

အီရန်က ဒီလုပ်ကြံမှုဟာ အစ္စရေးလက်ချက်လို့ တပ်အပ် စွပ်စွဲပြီး ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ မဟာမိတ် လက်နက်ကိုင် အင်အားစုတွေနဲ့ လက်တွဲပြီး ကလဲ့စား ချေသွားမယ်လို့ ကြုံးဝါးထားပါတယ်။

ဟာနီယာ လုပ်ကြံခံမှုဟာ အီရန်ရဲ့ တခြားမဟာမိတ် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဟစ်ဇ်ဘိုလာရဲ့ ထိပ်တန်း စစ်ဦးစီး တစ်ဦးကို လက်ဘနွန် ပိုင်နက်ထဲမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှု တစ်ခု လုပ်ဆောင်ပြီး ရှင်းလင်းခဲ့ပြီး နာရီပိုင်း အကြာမှာ ကြုံတွေ့လာတာပါ။ နောက်ပြီး ဟာနီယာ သေဆုံးခဲ့တဲ့နောက် သိပ်မကြာခင်မှာပဲ အစ္စရေးက ဟားမားစ်ရဲ့ ထိပ်တန်း စစ်ဦးစီး အရာရှိချုပ် တစ်ဦးကိုလည်း ဇူလိုင်လလယ်မှာ ကတည်းက လေကြောင်းတိုက်ခိုက်မှုနဲ့ သုတ်သင်ခဲ့ပြီး ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အစ္စရေး အစိုးရဟာ ဟာနီယာ သေဆုံးမှုနဲ့ ပတ်သက်လို့တော့ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေသလို အီရန်ရဲ့ စွပ်စွဲချက်အပေါ် ငြင်းဆိုတာ၊ ဝန်ခံတာ ဘာမှ မရှိပါဘူး။

အခုအခါ အမေရိကန်က ဖြစ်လာနိုင်ခြေ အားလုံးအတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ဒုံးကျည်ကာကွယ်ရေး တပ်ဖွဲ့တွေကို ဖြန့်ကျက်ထားသလို တိုက်လေယာဉ်တွေကိုလည်း ပိုမို ဖြည့်တင်းနေပါတယ်။ အစ္စရေးရဲ့ လုံခြုံရေးကို သံကွန်ချာ အုပ်ထားသလို ကူညီကာကွယ်ပေးမယ့် ကတိကို အမေရိကန်က ကျိန်းသေပေါက် ဖြည့်ဆည်းမှာ ဖြစ်တယ်လို့လည်း ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မဟာမိတ် အစ္စရေး နိုင်ငံကို အကာအကွယ် ပေးဖို့အတွက် အမေရိကန်ရဲ့ ပြင်ဆင်မှုတွေကို ချဲ့ထွင်ထားကြောင်း၊ ကြုံလာနိုင်ခြေ ခြိမ်းခြောက်မှု အားလုံးအတွက် အမေရိကန်က အသင့်ပြင်နေကြောင်း ပင်တဂွန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုအခါ ဒုံးကျည်ကာကွယ်ရေး စွမ်းဆောင်ရည် အရမ်းအားကောင်းတဲ့ အမေရိကန် ခရူဇာ သင်္ဘောတွေနဲ့ ဖျက်သင်္ဘောတွေလည်း အရှေ့အလယ်ပိုင်း ဒေသတဝိုက် ရေပြင်ဆီ ခုတ်မောင်းနေပြီ ဖြစ်ပါတယ်။

အမေရိကန်ဟာ ဧပြီ ၁၃ ရက်နေ့က အစ္စရေး ပိုင်နက်ထဲ အီရန်က ဒုံးကျည်နဲ့ ဒရုန်းတွေ အလုံးအရင်း ပစ်ခတ်ခဲ့တဲ့ တိုက်ခိုက်မှု မတိုင်ခင်ကလည်း ဒေသတွင်းမှာ အလားတူ ကာကွယ်ရေး အစီအမံတွေ မြှင့်တင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက အီရန် ပစ်လွှတ်တဲ့ ဒရုန်းနဲ့ ဒုံးကျည် စုစုပေါင်း ၃၀၀ လောက်ဟာ အစ္စရေး ပိုင်နက်ထဲ မရောက်ခင် အားလုံးနီးပါး ကြားဖြတ် ပစ်ချတာ ခံခဲ့ရပါတယ်။

အမေရိကန်ဟာ လက်ရှိ ဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲထက် ပိုတဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခမျိုးအဖြစ် ကျယ်ပြန့်လာမှာကို အလေးအနက် စိုးရိမ်နေပြီး တစ်ချိန်တည်းမှာပဲ ဟာနီယာ လုပ်ကြံခံရပြီးတဲ့တိုင်အောင် ဂါဇာမှာ အပစ်အခတ် ရပ်စဲရေးကိစ္စတွေ ဆက်လက် ဆွေးနွေးနိုင်အောင် တွန်းအားပေးနေဆဲ ဖြစ်ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထင်ရှားမြင်သာနေပြီး ဖြစ်တဲ့အတိုင်း ကာမာလာ ဟားရစ်ဟာ ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် အမေရိကန် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်သာ အမေရိကန်မှာ သမ္မတ ပြန်ဖြစ်လာခဲ့မယ်ဆိုရင် နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ပြန်စဖို့ ကင်မ်ဂျုံအန်းက လိုလားနေတယ်လို့ မြောက်ကိုရီးယား ပြည်ပြေး သံအရာရှိ တစ်ဦးက ပြောပါတယ်။

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေရဲ့ ထိပ်တန်း စစ်ဦးစီး အရာရှိ မိုဟာမက် ဒိုင်ဖ်ကိုလည်း ရှင်းလင်းနိုင်ခဲ့ပြီး ဖြစ်တယ်လို့ အစ္စရေးစစ်တပ် (IDF)က ကြေညာခဲ့ပါတယ်။

သတင်း

အများပြည်သူသဘောထားကို ကိုယ်စားပြုသူများပါဝင်သော ဒီမိုကရေစီနည်းကျ အနာဂါတ်အတွက် လမ်းကြောင်းကိုဖော်ဆောင်ရာတွင် သက်ဆိုင်သူများ အားလုံးနှင့် ထိတွေ့ဆက်ဆံမှုပြုရန် စစ်​ကောင်စီကို အ​မေရီကန်တိုက်တွန်း