ထိုင်းမှာ စာမေးပွဲ ရမှတ်ကို မကျေနပ်ရာက ကျောင်းသားတစ်ယောက်က ဆရာမကို လက်သီးနဲ့ ထိုးခဲ့ကြောင်း သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ ဩဂုတ် ၅ ရက်နေ့က ယူထိုင်ဌာနီ ပြည်နယ်ရဲ့ ပုဂ္ဂလိကကျောင်း တစ်ခုမှာ ဖြစ်ခဲ့ပြီး အခုသီတင်းပတ်ကျမှ မီဒီယာတွေပေါ် ပျံ့နှံ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။
အမှတ်ပြည့် ၂၀ ပေးရာမှာ ၁၈ မှတ်သာ ရခဲ့တဲ့နောက် Grade 11 ကျောင်းသားက သူဘာကြောင့် အမှတ်ပြည့် မရသလဲ ဆိုတာကို ဆရာမဆီ မေးမြန်းခဲ့ပါတယ်။ ဆရာမက အဖြေမှန်တဲ့တိုင်အောင် တွက်ပုံတွက်နည်းနဲ့ ရှင်းလင်းချက်တွေ မှားနေလို့ အမှတ်ပြည့် မပေးခဲ့ကြောင်း ကျောင်းသားကို ရှင်းပြခဲ့ပါတယ်။
ကျောင်းသားက မကျေနပ်တာကြောင့် တခြားဆရာမတွေဆီ သွားရောက်ပြီး တိုင်ပင်ခဲ့ပေမယ့် အားလုံးက တူညီတဲ့ အကြောင်းပြချက်နဲ့ပဲ သူ့ကို ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းသားက လက်မခံနိုင်သေးဘဲ သူ့ရဲ့ ဆရာမဆီ ပြန်သွားပြီး အမှတ်ပြည့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Public Service Announcement
ဆရာမက ငြင်းဆန်တဲ့ အခါမှာတော့ သူက ဒေါသပေါက်ကွဲပြီး ထိုင်ခုံတစ်လုံးကို ခြေထောက်နဲ့ ကန်ကျောက်ရင်း အခန်းထဲကနေ ထွက်သွားခဲ့ပါတယ်။ ၁၀ မိနစ် အကြာမှာတော့ အခန်းထဲ ပြန်ဝင်လာပြန်ပြီး ဆရာမက သူ့ကို တောင်းပန်ရမယ်လို့ ကျောင်းသားက တောင်းဆိုခဲ့ပါတယ်။ ဆရာမက တကယ်တမ်း တောင်းပန်သင့်တာ ဘယ်သူလဲလို့ ပြန်မေးခဲ့တဲ့နောက် ဆရာမ ပြန်မထခင်မှာပဲ ကျောင်းသားက မျက်နှာကို လက်သီးနဲ့ ထိုးခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်ဟာ ကျောင်းသူကျောင်းသား ၂၀ ကျော်ရှေ့မှောက် စာသင်ခန်းထဲမှာ ဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်ကို လုံခြုံရေး ကင်မရာတွေကလည်း မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ဆရာမဟာ ဝဲဖက် မျက်ခုံးနဲ့ နဖူးမှာ ပေါက်ပြဲဒဏ်ရာတွေ ရခဲ့သလို လဲကျတဲ့ အချိန်မှာ နံကြားလည်း နာကျင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းသားမိဘတွေက နောက်ပိုင်းမှာ ဆရာမကို တောင်းပန်ခဲ့ပေမယ့် ကျောင်းသားကိုတော့ ကျောင်းနားထားပြီး အပြီးတိုင် ကျောင်းထုတ်ဖို့လည်း တောင်းဆိုမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ကိုးကား: Bangkok Post












































