ယူကရိန်းစစ်ပွဲ ရပ်စဲရေးနဲ့ ပတ်သက်လို့ သူစိတ်ပျက်လာအောင် မလုပ်ဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။
ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းကြား သုံးနှစ်ခွဲကျော် ကြာမြင့်လာတဲ့ စစ်ပွဲကို ရပ်ဆိုင်းစေဖို့ နှစ်ဖက်စလုံးကို ဖိအားပေးနေပါတယ်။ တစ်ဖက်မှာလည်း ပူတင်ဟာ စစ်ပွဲကို အမှန်တကယ် ရပ်ပစ်ဖို့ ဆန္ဒမရှိဘဲ အကြောင်းပြချက် မျိုးစုံနဲ့ လှည့်ပတ် ရှောင်တိမ်းနေကြောင်း စွပ်စွဲမှုတွေ ရှိနေပါတယ်။
စက်တင်ဘာ ၃ ရက်နေ့တုန်းက ထရမ့်ဟာ အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတော့ ပူတင်နဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထားကို ထုတ်ပြောသွားခဲ့ပါတယ်။ သူက လာမယ့်ရက်ပိုင်းအတွင်း ပူတင်နဲ့ ထပ်ပြီး စကားပြောဖြစ်ဖွယ် ရှိကြောင်း၊ ဒါပေမဲ့ သူ့သဘောထားက ဘယ်လိုရှိသလဲဆိုတာ ပူတင်က အခုလည်း သိနှင့်ထားပြီးဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။
ပူတင်အတွက် သူ့မှာ သီးခြား သတင်းစကား ပါးဖို့မရှိကြောင်း၊ သူ့လိုလား ရပ်တည်ချက်က ဘာလဲဆိုတာ ပူတင်က သိထားပြီး အဲဒီအတွက် ပူတင်က တစ်ခုခု ဆုံးဖြတ်ပေးဖို့လိုကြောင်း ထရမ့်က ပြောပါတယ်။ ပူတင်ရဲ့ ဆုံးဖြတ်ချက်က ဘာဖြစ်ဖြစ် အမေရိကန်အတွက် ကျေနပ်စရာ၊ ဒါမှမဟုတ် စိတ်ပျက်စရာ တစ်ခုခုကို အတိအကျ ဖော်ပြပေးဖို့လိုကြောင်း၊ တကယ်လို့ အမေရိကန်အတွက် စိတ်ပျက်ရမယ့် တစ်ခုသာ ဖြစ်ရင်တော့ ပူတင်လည်း အမေရိကန်ဆီက တုံ့ပြန်တဲ့ ကိစ္စတွေကို တွေ့မြင်ရမှာဖြစ်ကြောင်း ထရမ့်က သတိပေးသွားပါတယ်။

Public Service Announcement
တရုတ်မှာ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားမှုအရ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားကို ပူတင်က တက်ရောက်နေခဲ့ပြီး မကြာခင်မှာ ထရမ့်က အခုလို ပြောကြားလာတာ ဖြစ်ပါတယ်။ ပူတင်က သူ့အနေနဲ့ ထရမ့်ရဲ့ စစ်ရပ်ဆိုင်းရေး အားထုတ်မှုတွေကို အသိအမှတ်ပြုပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ မော်စကိုမြို့မှာ တွေ့ဆုံတာမျိုး ဖြစ်မြောက်ဖို့ ဆန္ဒရှိကြောင်း ပြောထားခဲ့ပါတယ်။
သူနဲ့ ဇီလန်စကီးတို့ လူချင်းတွေ့ကြဖို့ ထရမ့်က တောင်းဆိုခဲ့ပြီး သူကလည်း ဒါဆို ဇီလန်စကီးကို မော်စကို လာခိုင်းလိုက်ပါလို့ ပြန်ပြောခဲ့ကြောင်း ဘေဂျင်းမှာ ပူတင်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ သူက ဇီလန်စကီးနဲ့ လူချင်းတွေ့ဖို့ အဆိုပြုချက်တွေကို ရှောင်ဖယ်နေတယ် ဆိုတာ မဟုတ်ဘူးလို့လည်း ပူတင်က ငြင်းဆိုသွားပါတယ်။ ဒါပေမဲ့ ဘယ်လို ကမ်းလှမ်းချက်တွေကို အခြေခံပြီး ဆွေးနွေးပွဲ ဖြစ်နိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
ဒီမှတ်ချက်နဲ့ ပတ်သက်ပြီး ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အန်ဒရီ ဆီဘီဟာက ပူတင်-ဇီလန်စကီး တွေ့ဆုံပွဲအတွက် နိုင်ငံ ၇ ခုလောက်က အိမ်ရှင်အဖြစ် လက်ခံ ဆောင်ရွက်ပေးဖို့ အလေးအနက် အဆိုပြုထားကြကြောင်း၊ ဇီလန်စကီးဖက်ကလည်း တွေ့ဆုံပွဲအတွက် အချိန်တိုင်း အသင့်ရှိနေကြောင်း၊ ပူတင်ကသာ လက်တွေ့မကျဘူးဆိုတာ လူတိုင်း နားလည်ထားတဲ့ တောင်းဆိုမှုတွေ လုပ်ပြီး ကိစ္စတွေကို ရှုပ်ထွေးအောင် ကြံဆောင်နေတာဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ဝေဖန်သွားပါတယ်။
စစ်ပွဲရပ်ဆိုင်းရေးကို အဆောတလျင် အကောင်အထည်ဖော်ဖို့ ထရမ့်က နှစ်ဖက်စလုံးကို တွန်းအားပေးနေပေမယ့် ရုရှားနဲ့ ယူကရိန်းတို့ဖက်က အသီးသီး လိုလားတောင်းဆိုချက်တွေကတော့ သဘောတူညီမှု တစ်ခုခုရဖို့ ဝေးကွာနေဆဲလို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
ကိုးကား: Al Jazeera

















































