အမေရိကန် နိုင်ငံက Hyundai ကားစက်ရုံထဲမှာ လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူတွေ ဖမ်းဆီးတာ ခံခဲ့ရတဲ့ နိုင်ငံသားတွေကို လက်ထိတ်မခတ်ဘဲ ပြန်လည် ခေါ်ဆောင်ခွင့်ပြုဖို့ တောင်ကိုရီးယား အစိုးရက ညှိနှိုင်းနေပါတယ်။
မဟာမိတ် နိုင်ငံလည်းဖြစ်တဲ့ အမေရိကန်ကို တောင်ကိုရီးယားက စက်တင်ဘာ ၁၀ ရက်နေ့မှာ တောင်ကိုရီးယား နိုင်ငံသား ၃၀၀ လောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ သူတို့ကို လေယာဉ်နဲ့ ပြန်ခေါ်တဲ့ အချိန်မှာ လက်ထိတ် မခတ်ဘဲ လွှဲပြောင်းပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
အဲဒီကိစ္စအတွက် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟွမ်ကိုယ်တိုင် အမေရိကန်ကို သွားရောက်ခဲ့ပြီး အိမ်ဖြူတော်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုနဲ့ ဆွေးနွေးခဲ့ပါတယ်။
စက်တင်ဘာ ၄ ရက်နေ့တုန်းက ဂျော်ဂျီယာ ပြည်နယ်ထဲမှာ တောင်ကိုရီးယား ကုမ္ပဏီ Hyundaiက ဖွင့်လှစ်ထားတဲ့ ကားစက်ရုံကို အမေရိကန် လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက ဝင်ရောက်စီးနင်းပြီး တောင်ကိုရီးယား နိုင်ငံသား ၃၀၀ လောက်နဲ့ တခြားနိုင်ငံသား ၁၇၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

Public Service Announcement
အဖမ်းခံရသူတွေဟာ အမေရိကန်ကို ခိုးဝင်လာသူတွေ၊ ဗီဇာနဲ့ ဝင်လာပေမယ့် သက်တမ်းလွန်နေသူတွေ ဖြစ်တယ်လို့ အာဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။ အဲဒီထဲက တောင်ကိုရီးယား နိုင်ငံသား ၃၀၀ လောက်ကို နေရပ်နိုင်ငံ ပြန်ခေါ်ဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို ဖိနှိပ်ဖြိုခွင်းဖို့ ဆိုတာဟာ ထရမ့်အစိုးရရဲ့ အရေးပါတဲ့ မူဝါဒတစ်ခု ဖြစ်နေတဲ့တိုင်အောင် အစိုးရ အနီးကပ်ဆုံး မဟာမိတ် နိုင်ငံတစ်ခုအပေါ် အခုလို လုပ်ဆောင်ခဲ့တာက အံ့ဩတုန်လှုပ်စရာ ဖြစ်ခဲ့ပါတယ်။
ရူဘီရိုနဲ့ ဆွေးနွေးရာမှာတော့ ချိုက လက်ရှိ ထိန်းသိမ်းခံထားရတဲ့ တောင်ကိုရီးယား နိုင်ငံသားတွေဟာ ရာဇဝတ်သားတွေ မဟုတ်တဲ့အတွက် အမေရိကန် နိုင်ငံထဲကနေ လက်ထိတ်ခတ်တာမျိုး အပါအဝင် အနှောင်အဖွဲ့တွေ မရှိဘဲ အမြန်ဆုံး ထွက်ခွာခွင့်ပေးဖို့ အလေးအနက် တောင်းဆိုခဲ့တယ်လို့ ဖြစ်စဉ်နဲ့ နီးစပ်တဲ့ သံတမန် အသိုက်အဝန်းက ဆိုပါတယ်။
တောင်ကိုရီးယားရဲ့ ယွန်ဟပ် သတင်းဌာနကတော့ အဲဒီ စက်ရုံလုပ်သားတွေဟာ စက်တင်ဘာ ၁၁ ရက်နေ့မှာ အချုပ်ခန်းတွေကနေ ဘတ်စ်ကားတွေနဲ့ ထွက်ခွာပြီး တောင်ကိုရီးယား အစိုးရက စီစဉ်ပေးတဲ့ စင်းလုံးငှား လေယာဉ်တစ်စီးနဲ့ ဇာတိနိုင်ငံဆီ ပြန်လာကြဖွယ် ရှိတယ်လို့ ဖော်ပြထားပါတယ်။
လုပ်ထုံးလုပ်နည်းတွေ အရတော့ အမေရိကန် လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေဟာ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ဖမ်းမိရင် နယ်နှင်ဖို့ လေဆိပ်ကို ပို့တဲ့အခါ လက်ထိတ်ခတ်လေ့ ရှိပါတယ်။ အဲဒီလုပ်ရပ်အပေါ် ဘရာဇီးနဲ့ ကိုလံဘီယာတို့လို နိုင်ငံတွေက အပြင်းအထန် ကန့်ကွက်ထားကြဖူးပါတယ်။
ကိုးကား: Reuters





















































