စက်တင်ဘာ-၁၀၊၂၀၂၅။ဇေအောင်၊မေ/People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်မှာ စစ်တပ်က တိုက်ပွဲမဖြစ်ဘဲစာသင်ကျောင်းနဲ့ ရွာတရွာကိုလေကြောင်းကနေတိုက်ခိုက်သွားပါတယ်။
စက်တင်ဘာ ၉ ရက်၊မွန်းလွဲ ၁ နာရီခွဲခန့်ကသပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ထိခိုက်မှု မရှိခဲ့ပေမဲ့ စာသင်းကျောင်းရှိ အဆောင်များ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားခဲ့ကြောင်းပြည်သူ့ကာကွယ်ရေး တပ်မတော်မန္တလေး(MDY-PDF)က ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ ပြည်သူပိုင် နေအိမ်များ ၊ ဆေးရုံများနဲ့ စာသင်ကျောင်းများကိုပစ်မှတ်ထားကာလေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေတယ်လို့ မန္တလေး PDFက ထပ်မံအသိပေးပါတယ်။

Public Service Announcement
အလားတူ ဒီကနေ့ စက်တင်ဘာ ၁၀ ရက် မနက် ၁၀ နာရီ မိနစ် ၂၀ ခန့်ကလည်း မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ဆိပ်သာရွာကို စစ်တပ်က ဂျက်ဖိုက်တာတစီးတဲ့ ဗုံး ၂ လုံးကြဲကာ တိုက်ခိုက်ခဲ့ကြောင်း၊ ဒါ့အပြင် စက်လက်နဲ့ပါ ထပ်မံပစ်ခတ်သွားကြောင်း မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က ဖော်ပြပါတယ်။
“လူထိခိုက်မှုမရှိဘူး။ မီးရှို့တာအားမရလို့လာပစ်တာ။”လို့ ဒေသခံတဦးက ပြောပါတယ်။ဆိပ်သာရွာနဲ့ ငါးလုံးပြွန် ရွာတို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ အခြားဒေသခံတဦးကလည်းပြောတယ်။
“နှစ်ရွာလုံး နေအိမ်တွေပျက်စီးတယ်။ဆက်တိုက်ကြဲသွားတာ။စက်လက်နဲ့လည်းကုပ်သွားသေးတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ ၇ ရက်ကလည်းသပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာမှာ စာသင်တဲ့အိမ် စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ဆယ်နှစ်သား ကလေးတဦးသေဆုံးပြီး ကလေးငယ် (၅)ဦးအပါအဝင် ပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါအပြင်စစ်တပ်က စက်တင်ဘာ၉ ရက်ညကလည်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ပြည်သူ ၄ ဦး သေဆုံးကာ ၁၃ဦး ထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။
စစ်တပ်ဟာ ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းတလျှောက် သပိတ်ကျင်း၊ စဥ့်ကူး၊ မတ္တရာလမ်းပိုင်းကို ပြန်လည်စိုးမိုးဖို့ ကြိုးစားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်တိုက်ပြုလုပ်နေပါတယ်။
