close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ မဟာမိတ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူကို လုပ်ကြံခဲ့တဲ့ သေနတ်သမား အဖမ်းခံ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ် တစ်ဦးကို ပစ်ခတ် လုပ်ကြံမှုအပြီး ကျူးလွန်သူက မိသားစုဆီ ထုတ်ဝန်ခံပြီး အာဏာပိုင်တွေဆီ ဆက်သွယ် အဖမ်းခံခဲ့ပါတယ်။

ဓာတ်ပုံ - Utah Gov. Spencer Cox

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ် တစ်ဦးကို ပစ်ခတ် လုပ်ကြံမှုအပြီး ကျူးလွန်သူက မိသားစုဆီ ထုတ်ဝန်ခံပြီး အာဏာပိုင်တွေဆီ ဆက်သွယ် အဖမ်းခံခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုင်လာ ရော်ဘင်ဆန်က အခုသီတင်းပတ် အစောပိုင်းမှာ ယူတား ဗယ်လီ တက္ကသိုလ် ဝင်းထဲက ဟောပြောပွဲ အစီအစဉ် တစ်ခုမှာ ချာလီကာ့ခ်ကို အဝေးကနေ ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဖခင်ဆီကို ဝန်ခံခဲ့ပါတယ်။ အဲဒီနောက် သူ့ဖခင်က ရော်ဘင်ဆန်ကို အဖမ်းခံသင့်ကြောင်း နားချခဲ့ပြီး သားအဖ နှစ်ဦးက ရဲတွေဆီ ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

လူသတ်သမားကို ၃၃ နာရီကြာ အပူတပြင်း ဖြန့်ကျက် ရှာဖွေနေတဲ့ မစ်ရှင်ကို စက်တင်ဘာ ၁၁ ရက် ညပိုင်းမှာ အဆုံးသတ်နိုင်ခဲ့ပြီး ရော်ဘင်ဆန်ကို ဖမ်းဆီး ချုပ်နှောင်ခဲ့ကြောင်း ယူတားပြည်နယ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ရော်ဘင်ဆန်ကို ဖမ်းဆီးရမိတဲ့အကြောင်း ထရမ့်ကိုယ်တိုင် ပထမဆုံး ကြေညာခဲ့ပြီး တရားခံကို သေဒဏ်စီရင်ဖို့ သူက တောင်းဆိုခဲ့ပါတယ်။ လက်ယာစွန်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကာ့ခ်ဟာ တက္ကသိုလ် ကျောင်းသားတွေနဲ့ စကားရည်လုနေတုန်း အဝေးကနေ ပစ်ခတ်တဲ့ ကျည်ဆန်က လည်ပင်းတည့်တည့် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကာ့ခ်ကို လုပ်ကြံမှုဟာ အမေရိကန် နိုင်ငံရေး ရပ်ဝန်းကို အကြီးအကျယ် ဂယက်ထစေပြီး လက်ဝဲ-လက်ယာ တင်းမာမှုတွေ ပိုမို မြင့်တက်လာစေခဲ့ပါတယ်။ ကာ့ခ်ဟာ ရွေးကောက်ပွဲကြို ကာလတွေမှာ အမေရိကန် လူငယ်တွေက ထရမ့်ကို အားပေး ထောက်ခံလာစေဖို့ အပတ်တကုတ် ကြိုးစား မဲဆွယ်ပေးခဲ့သူ ဖြစ်ပါတယ်။ ထရမ့်က ကာ့ခ်ကွယ်လွန်ပြီးချိန်မှာ အမေရိကန်ရဲ့ အရပ်သားတွေအတွက် အမြင့်ဆုံး သတ်မှတ်ထားတဲ့ ဂုဏ်ပြုဆု လွတ်လပ်ရေး တံဆိပ်ကို ချီးမြှင့်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့မှာ စုံထောက်တွေက သတင်းစာ ရှင်းလင်းပွဲ လုပ်ရာမှာတော့ ရော်ဘင်ဆန်က သူဟာ အပြစ်ဝန်ခံမယ့်အစား ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဆုံးဖြတ်ထားကြောင်း ဖခင်ဆီ ဖွင့်ဟခဲ့တယ်လို့ ပြောကြားသွားပါတယ်။ အဲဒီနောက် ဖခင်က မိသားစု မိတ်ဆွေဖြစ်တဲ့ လူငယ် ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးကို ဖုန်းဆက် ပင့်ဖိတ်ပြီး အကျိုးအကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီနောက် နှစ်ဦးသားက ရော်ဘင်ဆန် စိတ်ငြိမ်သွားအောင် ဝိုင်းဝန်း ဆွေးနွေး နှစ်သိမ့်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ ရဲတွေဆီ ဖုန်းဆက် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ယူတား ပြည်နယ် အုပ်ချုပ်ရေးမှူး စပန်ဆာကော့စ်က ပစ်ခတ်မှု မတိုင်ခင် ၄ နာရီလောက် အလိုမှာ ယူတား တက္ကသိုလ်ဝင်းထဲ ရော်ဘင်ဆန် ဝင်ရောက်လာခဲ့တဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းကို ရရှိထားကြောင်း ပြောပါတယ်။ ဖမ်းဆီးရမိချိန်မှာ သူဟာ ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့နေ့က လုံခြုံရေး ကင်မရာ မှတ်တမ်းမှာ တွေ့ရတဲ့ ဝတ်စုံကိုပဲ ဝတ်ထားခဲ့တယ်လို့လည်း ကော့စ်က ဆိုပါတယ်။

သူ့မိသားစုကို စုံထောက်တွေက စုံစမ်း မေးမြန်းတဲ့အခါ ရော်ဘင်ဆန်ဟာ မကြာသေးခင် နှစ်ပိုင်းတွေအတွင်း နိုင်ငံရေးဖက်ကို အရမ်း စိတ်ရောက်လာခဲ့တယ်လို့ ပြောပြခဲ့ကြပါတယ်။ ကော့ခ်ဟာ ယူတားကို လာပြီး အမုန်းတရားတွေ ပြည့်နေတဲ့ ဝါဒဖြန့် စကားတွေ ဖြန့်ဝေလိမ့်မယ်လို့ ရော်ဘင်ဆန်က မကြာသေးခင်က ထုတ်ပြောခဲ့ဖူးကြောင်းလည်း မိသားစုက ထွက်ဆိုခဲ့ပါတယ်။

ဒါ့အပြင် စုံထောက်တွေဟာ ပစ်ခတ်မှုအပြီး ကော့စ်က message ပို့ခဲ့တဲ့ အခန်းဖော် သူငယ်ချင်း တစ်ယောက်ကိုလည်း စစ်ဆေး မေးမြန်းနေပါတယ်။ အဲဒီ messageမှာတော့ ကော့စ်က သစ်တော တစ်ခုထဲက သတ်မှတ်နေရာ ချုံပုတ်ထဲမှာ မျက်နှာသုတ်ပဝါ ပတ်ပြီး ဝှက်ထားခဲ့တဲ့ သေနတ်ကို ပြန်ယူဖို့ လိုတယ်လို့ ရေးသားထားပါတယ်။ ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI)ဟာ မျက်နှာသုတ်ပဝါ ပတ်ထားတဲ့ Mauser .30-06 bolt action အမဲလိုက် ရိုင်ဖယ်ကို ပစ်ခတ်မှု ဖြစ်ပွားရာ နေရာနားက တောအုပ်မှာ သိမ်းဆည်း ရမိထားခဲ့ပြီး ဖြစ်ပါတယ်။

အဝေးကြည့် မှန်ပြောင်း တပ်ထားတဲ့ အဲဒီ ရိုင်ဖယ် သေနတ်ပေါ်မှာ ‘ဟေ့၊ ဖက်ဆစ်ကောင်၊ ရော့ အင့်’ဆိုတဲ့ အင်္ဂလိပ်စာသား၊ ‘နှုတ်ဆက်တယ် အလှလေးရေ’ဆိုတဲ့ အီတလီ ဘာသာစကားနဲ့ စာသားတွေကို ရေးထွင်းထားကြောင်း ကော့စ်က ဆိုပါတယ်။ အဲဒီ ဝေါဟာရဟာ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီ ဂျာမနီကို တွန်းလှန်ခဲ့တဲ့ အီတလီ တော်လှန်ရေး အင်အားစုတွေကို ဂုဏ်ပြုထားတဲ့ သီချင်းတစ်ပုဒ်ရဲ့ နာမည်လည်း ဖြစ်ပါတယ်။

ကော့စ်ကတော့ ရဲတွေဟာ ဒီလုပ်ရပ်ကို ရော်ဘင်ဆန် တစ်ဦးတည်းကပဲ ကျူးလွန်ထားတယ်လို့ ယုံကြည်ပြီး နောက်ဆက်တွဲ ဖမ်းဆီးမှုတွေ လုပ်မယ့် အလားအလာ မတွေ့ရဘူးလို့လည်း ကော့စ်က မှတ်ချက်ပေးသွားပါတယ်။

ယူတား နယ်ခံ တစ်ဦးဖြစ်တဲ့ ရော်ဘင်ဆန်ဟာ ပစ်ခတ်မှု ဖြစ်ပွားရာ တက္ကသိုလ်ဝင်းရဲ့ အနောက်တောင်ဖက် ကီလိုမီတာ ၄၀၀ လောက်အကွာ စိန့်ဂျော့ဂျ်မြို့မှာ နေထိုင်ပါတယ်။ သူဟာ ဒက္ကဆီ နည်းပညာ ကောလိပ်မှာ လျှပ်စစ်ကျွမ်းကျင် ပညာရပ်အတွက် တက်ရောက် သင်ယူနေတဲ့ တတိယနှစ် ကျောင်းသား တစ်ဦးလို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မဟာမိတ် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးကို လုပ်ကြံခဲ့တဲ့ သေနတ်သမားလို့ ယူဆရသူရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို ရန်လို တိုက်ခိုက်တဲ့သူ မှန်သမျှကို ကမ္ဘာဆုံးတဲ့ထိ လိုက်လံ ချေမှုန်းသွားမှာ ဖြစ်တယ်လို့ 9/11 နှစ်ပတ်လည် မိန့်ခွန်းမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံက Hyundai ကားစက်ရုံထဲမှာ လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူတွေ ဖမ်းဆီးတာ ခံခဲ့ရတဲ့ နိုင်ငံသားတွေကို လက်ထိတ်မခတ်ဘဲ ပြန်လည် ခေါ်ဆောင်ခွင့်ပြုဖို့ တောင်ကိုရီးယား အစိုးရက ညှိနှိုင်းနေပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မဟာမိတ် တစ်ဦးလည်းဖြစ်တဲ့ ကွန်ဆာဗေးတစ်ဝါဒီ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ချာလီကာ့ခ်ဟာ လူအများရှေ့မှောက် အခမ်းအနား တစ်ခုမှာ လုပ်ကြံပစ်ခတ် ခံရပြီး သေဆုံးခဲ့ပါတယ်။