ထောင်ဒဏ် ကျခံနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ကို ထောင်တွင်း ဘာသာစကား သင်တန်းဆရာအဖြစ် တာဝန်ပေးဖို့ စီစဉ်နေကြောင်း အကျဉ်းဦးစီး အရာရှိတွေက ပြောပါတယ်။
သက်ဆင်ဟာ ထောင်ဒဏ် ပြစ်ဒဏ်ကို လှည့်စား ရှောင်တိမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၁ နှစ် ကျခံဖို့ အခု သီတင်းပတ်ထဲမှာ တရားရုံးချုပ်ရဲ့ စီရင်ချက် ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ဒါကြောင့် သူဟာ ဘန်ကောက်က အကျဉ်းထောင် တစ်ခုမှာ ပြစ်ဒဏ်ကို စတင် ကျခံနေရပါတယ်။
သက်ဆင်ဟာ ပြည်ပမှာ တိမ်းရှောင်နေရာက ထိုင်းကို ပြန်လည် ရောက်ရှိလာချိန်မှာ ထောင်ဒဏ် ၁ နှစ် ကျခံရပေမယ့် ထောင်ထဲမှာ မနေဘဲ ကျန်းမာရေး မကောင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ့ ဆေးရုံရဲ့ အထူးခန်းမှာ ၆ လကြာ သွားရောက် နေထိုင်ခဲ့ပါတယ်။ ၆ လပြည့်တဲ့ နောက်မှာတော့ လျှော့ရက် ခံစားပြီး အချုပ်အနှောင်ကနေ အပြီးသတ် လွတ်မြောက်လာခဲ့ပါတယ်။
အကျဉ်းကျ ကာလတလျှောက်လုံး ထောင်ထဲမှာ မနေဘဲ ဆေးရုံတက်နေခဲ့တယ်ဆိုတဲ့ ကိစ္စက လူထုကြားမှာ မယုံသင်္ကာနဲ့ ဝေဖန်မှုတွေ ရှိလာတဲ့နောက် တရားရုံးချုပ်က ကြားဝင်လာပြီး စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အပြီးသတ် စီရင်ချက်မှာတော့ သက်ဆင်ဟာ ထောင်ဒဏ် မကျခံချင်လို့ လိမ်လည်ခဲ့တယ်လို့ တရားရုံးချုပ် တရားသူကြီးတွေ ပါဝင်တဲ့ ခုံရုံးအဖွဲ့က ဆုံးဖြတ်ပြီး ထောင်ဒဏ် ၁ နှစ် ကျခံစေခဲ့တာပါ။

Public Service Announcement
အကျဉ်းဦးစီး ဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးနဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒုတိယ ရဲမှူးကြီး ရှိန်း ကန်ဂျန်နာပက်ချ်က သက်ဆင်ဟာ ပြစ်ဒဏ်ကို စတင်ခံယူ ကျခံနေပြီလို့ အတည်ပြုခဲ့ပြီး လောလောဆယ်မှာတော့ ကူးစက်ရောဂါ တားဆီးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ၅ ရက်ကြာ သီးခြားခွဲခြား စောင့်ကြည့်တဲ့ ကာလကို ဖြတ်သန်းနေတယ်လို့ ပြောပါတယ်။
အဲဒီနောက်မှာတော့ တခြား အကျဉ်းသားတွေလိုပဲ သူတို့ရဲ့ မတူညီတဲ့ ကျွမ်းကျင်မှုကို အခြေပြုပြီး ထောင်တွင်းမှာ အလုပ်နေရာ တာဝန် ခွဲဝေ သတ်မှတ်ပေးမှု တစ်ခုကို သက်ဆင်က ရရှိလိမ့်မယ်လို့ သူက ဆိုပါတယ်။ သက်ဆင်ဟာ ဘာသာစကား သင်တန်းဆရာအဖြစ် တာဝန်ချ ခံရဖွယ် ရှိနေသလို တခြား အကျဉ်းသားတွေရဲ့ ပြန်လည်ထူထောင်ရေး ကိစ္စတွေမှာလည်း ပါဝင် ကူညီရဖွယ် ရှိတယ်လို့ ရှိန်းက မှတ်ချက်ပေးသွားပါတယ်။
လောလောဆယ်မှာတော့ သက်ဆင်ရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ကျန်းမာရေး အခြေအနေ အားလုံး ပုံမှန် ရှိနေတယ်လို့လည်း သူက ဆက်ပြောသွားပါတယ်။ အသက် ၇၆ နှစ်အရွယ် သက်ဆင်ဟာ သီးခြား ခွဲခြား စောင့်ကြည့် ကာလအတွင်း တခြား သက်ကြီးပိုင်း အကျဉ်းသား အနည်းငယ်နဲ့အတူ ရှိနေပြီး အခွင့်ထူးခံ တောင်းဆိုတာတွေလည်း မလုပ်ခဲ့ဘူးလို့ ရှိန်းက အတည်ပြုခဲ့ပါတယ်။
လောလောဆယ်မှာတော့ ရှေ့နေတွေ အပါအဝင် ဘယ်သူ့ကိုမှ သက်ဆင်ဆီ ဧည့်တွေ့ လည်ပတ်ခွင့် မပေးထားသေးဘူးလို့လည်း သိရပါတယ်။ နောက်ပိုင်းကျရင်တော့ သက်ဆင်ကိုယ်တိုင် ရွေးချယ်ပေးထားတဲ့ မိသားစုဝင်တွေ အပါအဝင် လူ ၁၀ ဦး စာရင်းကို အကျဉ်းထောင် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဧည့်တွေ့ခွင့် ပြုမယ်လို့လည်း သိရပါတယ်။
သက်ဆင်ရဲ့ ရှေ့နေ ဝင်ညက် ချတ်မွန်ထရီက သီးသန့်ခွဲခြားထားတဲ့ ကာလမှာ အမှုသည်နဲ့ တွေ့ခွင့် မရတာက အကျဉ်းထောင် စည်းမျဉ်းဖြစ်ကြောင်း၊ ဒါပေမဲ့ သက်ဆင် ကျန်းမာရေး ကောင်းကောင်းမွန်မွန် ရှိနေတယ် ဆိုတာကိုတော့ သူအတည်ပြုနိုင်ကြောင်း သတင်းထောက်တွေကို ပြောကြားသွားပါတယ်။ ရှေ့နေဟာ သက်ဆင်ရဲ့ အကျဉ်းစံဘဝမှာ ပထမဆုံး အဖြစ် စက်တင်ဘာ ၁၅ ရက်နေ့ကျရင် သွားရောက် တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ကိုးကား: The Nation

















































