စက်တင်ဘာ-၁၃၊၂၀၂၅။ဆဏ်း/People’s Spring
တော်လှန်သရုပ်ဆောင်သစ်တွေနဲ့ ရိုက်ကူးထားတဲ့ “မနက်ဖြန်သည် သင်နှင့်သက်ဆိုင်မှုလုံးဝမရှိစေရ” ရုပ်ရှင်ကို စက်တင်ဘာ ၁၉ ရက်မှာ ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမှာ စတင်ရုံတင်ပြသမယ်လို့ ဒါရိုက်တာ သည်ခေတ်နေက အသိပေးထားပါတယ်။
“ရုပ်ရှင်ထဲမှာ သရုပ်ဆောင်အသစ်တွေပဲပါဝင်တာမို့ ဝါရင့်သရုပ်ဆောင်များမဟုတ်တဲ့တော်လှန်သရုပ်ဆောင်အသစ်များကို တော်လှန်မိတ်ဆွေများ ဝန်းရံပေးစေလိုပါတယ်။” လို့ သည်ခေတ်နေက လူမှုကွန်ရက်မှာရေးသားထားပါတယ်။
ရုပ်ရှင်က တစ်နာရီကျော်ကြာမြင့်မှာဖြစ်ပြီး ပွဲဦးထွက်အနေနဲ့ ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြသသွားမှာဖြစ်ပါတယ်။

Public Service Announcement
ဒုတိယပွဲကိုတော့ အောက်တိုဘာ ၅ ရက်မှာ ဆစ်ဒနီမြို့မှာပြသမှာဖြစ်ပြီး တခြားမြို့တွေမှာလည်းပြသသွားမယ်လို့ ဆိုပါတယ်။
“တော်လှန်ရေးရုပ်ရှင်အဖြစ်လည်း ကြည့်ရှုခွင့်ရမယ်။ဖျော်ဖြေရေးရုပ်ရှင်အဖြစ်လည်း ခံစားခွင့်ရမှာဖြစ်ပါတယ်။” လို့ ဒါရိုက်တာ သည်ခေတ်နေက ပြောပါတယ်။
ဒီဇာတ်ကားက ရရှိလာတဲ့ ဝင်ငွေအားလုံးကိုလည်း တော်လှန်ရေးအတွက် ရာနှုန်းပြည့် စီးဆင်းသွားမယ်လို့ဆိုပါတယ်။
ဒီရုပ်ရှင်အတွက် အချိန်နှစ်နှစ်နီးပါးယူခဲ့ရပြီး ဩစတေးလျရောက်လူငယ်တွေပူးပေါင်း ဖန်တီးခဲ့တဲ့ မြို့ပြပြောက်ကျား ဇာတ်လမ်းတိုက ရရှိလာတဲ့ အကျိုးအမြတ်တွေထဲက မြေပြင်ကိုလှူဒါန်းပြီးချိန် ကျန်တဲ့ ဘတ်ဂျတ်အနည်းငယ်နဲ့ ဖန်တီးခဲ့တာဖြစ်တယ်လို့ ဒါရိုက်တာသည်ခေတ်နေကပြောပါတယ်။
ဒီဇာတ်ကားမှာ သီချင်းနှစ်ပုဒ်ပါဝင်မှာဖြစ်ပြီး တစ်ပုဒ်ကတော့ အဆိုတော်ကျားပေါက် တော်လှန်ရေးကာလမှာ ထွက်ရှိထားတဲ့ သောကပင်လယ် သီချင်း ပါဝင်မှာဖြစ်တယ်လို့ ဒီဇာတ်ကားကို ထုတ်လုပ်တဲ့ The Yangon Picture ရဲ့ဖေ့စ်ဘွတ်ခ်မှာ ဇာတ်ကားနမူနာနဲ့အတူ ကြော်ငြာထားပါတယ်။
“နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူး လို့ ယူဆသူတွေအတွက်တော့…သည်းခံပါ။ဒီရုပ်ရှင်သည်သင်နှင့်သက်ဆိုင်မှုလုံးဝမရှိစေရပါ ” လို့ ဒါရိုက်တာ သည်ခေတ်နေက အသိပေးထားပါတယ်။

















































