မျက်မှောက်ကာလ နိုင်ငံတကာ စစ်ရေး အခင်းအကျင်းတွေမှာ အသုံးပြုနေတဲ့ စတုတ္ထမျိုးဆက်၊ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေနဲ့ ယှဉ်ရင် အိန္ဒိယရဲ့ MiG-21တွေဟာ မျိုးသုဉ်းသွားတဲ့ ဒိုင်နိုဆောတွေလို ရှုမြင်ခြင်း ခံရမှာပါ။ ဒါပေမဲ့ ဆိုဗီယက်လုပ် အဲဒီ လေယာဉ်တွေဟာ အိန္ဒိယ လေတပ်မှာတော့ ဆယ်စုနှစ် ၆ ခုကျော် ကြာတဲ့ထိ အမှုထမ်းခဲ့ပြီး ဂန္ထဝင်မြောက် တိုက်လေယာဉ်တွေလို့ သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ အခုတော့ အိန္ဒိယဟာ MiG-21တွေရဲ့ ခေတ်ကို အပြီးသတ် ပြည်ဖုံးကားချပြီး အဲဒီလေယာဉ်တွေကို အနားပေးတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။
အိန္ဒိယ လေတပ်ဟာ ခေတ်မီ တိုက်လေယာဉ် အသစ်တွေကို စဉ်ဆက်မပြတ် ဝယ်ယူအစားထိုးဖို့ တောက်လျှောက် အားထုတ်နေရင်း ဒုတိယမျိုးဆက် ခေတ်ဟောင်း တိုက်လေယာဉ်တွေဖြစ်တဲ့ MiG-21တွေကို ထာဝရ အနားပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ MiG-21တွေဟာ လက်ရှိ အချိန်ထိ အိန္ဒိယ လေတပ်ရဲ့ တိုက်လေယာဉ် အုပ်တွေထဲမှာ နေရာရထားဆဲဖြစ်ပေမယ့် စက်တင်ဘာ ၂၆ ရက်နေ့ကျရင် တရားဝင် အနားပေးတော့မယ်လို့ သိရပါတယ်။
၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ဆိုဗီယက်က စတင်တီထွင်ခဲ့ပြီး ဆက်တိုက် မွမ်းမံ အဆင့်မြှင့်ခဲ့တဲ့နောက် MiG-21တွေဟာ အသံရဲ့ မြန်နှုန်းထက် ၂ ဆပိုမြန်တဲ့ စူပါဆောနစ် တိုက်လေယာဉ်တွေအဖြစ် ရုပ်လုံးပေါ်လာခဲ့ပါတယ်။ အဲဒီလေယာဉ်တွေဟာ ကမ္ဘာပေါ်မှာ မှာယူမှု အများဆုံး စူပါဆောနစ် ဂျက်တိုက်လေယာဉ်တွေ အနေနဲ့ သမိုင်းမှတ်တမ်း ရေးထိုးနိုင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၆၀ လောက်က အစီးရေ ၁၁၅၀၀ လောက်ကို အသုံးပြုခဲ့ကြပါတယ်။

အိန္ဒိယ လေတပ်ကတော့ ပထမဆုံးအသုတ် MiG-21တွေကို ၁၉၆၃ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ ပြီးတော့ မတူညီတဲ့ မျိုးကွဲ MiG-21 စုစုပေါင်း ၈၇၄ စီးထိ မှာယူခဲ့ပါတယ်။ အဲဒီ လေယာဉ်တွေဟာ အိန္ဒိယ လေတပ်ရဲ့ အမာခံ ကျောရိုးအဖြစ် အမှုထမ်းခဲ့ပေမယ့် အရာရာက ပန်းခင်းလမ်းတော့ မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် လုံခြုံရေး အပိုင်းနဲ့ ပတ်သက်ရင် MiG-21တွေရဲ့ မှတ်တမ်းက အတော်လေး အကျည်းတန်ခဲ့ပါတယ်။ အိန္ဒိယ လေတပ်ရဲ့ MiG-21 စုစုပေါင်း အစီး ၄၀၀ ကျော်ကို လေယာဉ်ပျက်ကျမှုတွေကြောင့် ဆုံးရှုံးခဲ့ရပြီး တိုက်လေယာဉ်မှူး ၂၀၀ လောက် အသက်ပေးခဲ့ရပါတယ်။

Public Service Announcement
ဒီတော့ NATO စစ်မဟာမိတ် နိုင်ငံတွေက MiG-21တွေကို ‘ခေါင်းတလားပျံ’တွေ၊ ‘မုဆိုးမထုတ်စက်’တွေလို့ လှောင်ပြောင်ခဲ့ကြတာ မဆန်းပါဘူး။ ဆိုဗီယက်တွေကတော့ အဲဒီ လေယာဉ်တွေမှာ မတော်တဆမှုတွေ များပြားရတာဟာ ကိုင်တွယ် ပျံသန်းရတဲ့ စိန်ခေါ်မှု ကြီးမားတာကြောင့်လို့ အကြောင်းပြခဲ့ပါတယ်။ အဲဒီကာလတုန်းကတော့ MiG-21တွေဟာ အမေရိကန် မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေကို စူပါဆောနစ် မြန်နှုန်းနဲ့ ချဉ်းကပ်ပြီး ပစ်ချနိုင်ဖို့ အထူးရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတာပါ။ လေယာဉ်တွေရဲ့ မြန်နှုန်းဟာ တစ်နာရီကို ၃၄၀ ကီလိုမီတာနှုန်းထိ ရောက်ရှိနိုင်ပြီး အဲဒီခေတ် သမားရိုးကျ တိုက်လေယာဉ် အများစုထက် နှစ်ဆလောက် ပိုမြန်ခဲ့တာ ဖြစ်ပါတယ်။ တိုက်လေယာဉ်တွေ ဆင်းသက်တဲ့ အခါမှာလည်း အရှိန်ကို လျှော့ဖို့ခက်ပြီး ပြဿနာ တစ်ခုခု ကြုံလာရင် လေယာဉ်မှူးအတွက် ဆုံးဖြတ်စရာ၊ ရွေးချယ်စရာ အချိန် အရမ်းနည်းပါတယ်။ နောက်ပြီး တိုက်လေယာဉ်ထဲကနေ လေထီးနဲ့ ခုန်ထွက်တဲ့ အပိုင်းမှာလည်း ဒီဇိုင်းအားနည်းချက်တွေ ရှိခဲ့ပြီး လေယာဉ်မှူးတွေဟာ မသေရင်တောင်မှ ကျောရိုး အပြင်းအထန် ထိခိုက်သွားတာမျိုးတွေ ကြုံခဲ့ပါတယ်။
အိန္ဒိယ လေတပ်ဟာလည်း သမိုင်းတလျှောက်မှာ အဲဒီလို ဒဏ်တွေကို ခံခဲ့ရပေမယ့် MiG-21တွေရဲ့ ကြီးကြီးမားမား အကျိုးပြုမှုတွေကိုလည်း ရရှိခဲ့ပါတယ်။ နိုင်ငံရဲ့ လေပိုင်နက် လုံခြုံရေးကို ကာကွယ်ရာမှာ အဲဒီ အရုပ်ဆိုးဆိုး တိုက်လေယာဉ်တွေက အများကြီး အသုံးဝင်ခဲ့တာကြောင့်ပါ။ နောက်ပိုင်းမှာ စနစ်တကျ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက် လေယာဉ် မတော်တဆမှုအတွင်း လေယာဉ်မှူးတွေ အသေအပျောက် များခဲ့တဲ့ ကိစ္စဟာ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့ အဆင့်မြှင့်တင်ထားတဲ့ လုံခြုံရေး စနစ်တွေ ဖြည့်တင်းဝယ်ယူဖို့ နှောင့်နှေးခဲ့ခြင်းကလည်း တာဝန်မကင်းကြောင်း ဖော်ထုတ် တွေ့ရှိလာခဲ့ပါတယ်။
အိန္ဒိယရဲ့ ကောင်းကင်ယံမှာတော့ MiG-21ရဲ့ T-77 မျိုးကွဲဟာ အိန္ဒိယ လေတပ်ရဲ့ အဓိက ကျောရိုး ကြားဖြတ် တိုက်လေယာဉ်အဖြစ် နေရာရခဲ့ပါတယ်။ ၃၀ မမ စက်အမြောက်၊ K-13 ဒုံးကျည်တွေကို တပ်ဆင်ထားတဲ့ တိုက်ခိုက်ရေး ယန္တရားတွေဟာ တစ်ခေတ်တစ်ခါကတော့ အတော်ကြီး အဟန့်ကောင်းခဲ့ပါတယ်။ အခုတော့ MiG-21တွေကို ပြင်ဆင် အစားထိုးမှုတွေ လုပ်ရမယ့် ကုန်ကျစရိတ်တွေ ကြီးမားလွန်းတာရယ်၊ ခေတ်သစ် စစ်မြေပြင်တွေနဲ့ မကိုက်ညီတော့တာရယ်ကြောင့် လက်ကျန် တိုက်လေယာဉ် အားလုံးကို လေတပ်က အနားပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယ လေတပ်ဟာ လစ်လပ်သွားတဲ့ MiG-21တွေရဲ့ နေရာမှာ ပြည်တွင်းဖြစ် စတုတ္ထမျိုးဆက်လွန် Tejas တိုက်လေယာဉ်တွေနဲ့ အစားထိုး ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ MiG-21တွေရဲ့ နောက်ဆုံး နှုတ်ဆက် ပျံသန်းမှုကို စက်တင်ဘာ ၂၆ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး လေတပ် အကြီးအကဲ အေမာ ပရိထ် ဆင်းကိုယ်တိုင် ပါဝင် ပျံသန်းဖွယ် ရှိပါတယ်။ ချန်ဒီဂါ့သ်မှာ ကျင်းပမယ့် နှုတ်ဆက်ပွဲမှာ MiG-21 ၆ စီး ပါဝင်ဖို့ စီစဉ်ထားပြီး အဲဒီထဲက တစ်စီးကိုတော့ အမျိုးသမီး လေယာဉ်မှူး တစ်ဦးက မောင်းနှင်မယ်လို့လည်း သိရပါတယ်။
ကိုးကား: The Diplomat
















































