ဂါဇာ ကမ်းမြှောင်ဒေသထဲမှာ ပါလက်စတိုင်း ပြည်သူတွေ ရရှိခံစားနေရတဲ့ ဒဏ်ရာတွေဟာ စစ်မြေပြင်မှာ စစ်သားတွေ ရနေတဲ့ ဒဏ်ရာမျိုးတွေနဲ့ ဆင်တူနေတယ်လို့ သုတေသန ရလဒ်တစ်ခုက ညွှန်ပြခဲ့ပါတယ်။
ဗြိတိန် ဆေးပညာဂျာနယ် (BMJ)က အစ္စရေးရဲ့ စစ်ဆင်ရေးတွေအတွင်း ဂါဇာ အရပ်သားတွေ ရထားတဲ့ ဒဏ်ရာတွေကို ဆန်းစစ် လေ့လာကြည့်တဲ့ အခါမှာ ခြေထောက်တွေ လောင်ကျွမ်း ဒဏ်ရာရတဲ့ ဖြစ်စဉ်မျိုးတွေ အတွေ့များနေကြောင်း၊ အဲဒီ ဒဏ်ရာတွေဟာ များသောအားဖြင့် စစ်မြေပြင်တွေမှာ ပရော်ဖက်ရှင်နယ် စစ်သားတွေ ရလေ့ရှိကြောင်း ထောက်ပြထားခဲ့ပါတယ်။
ဥပမာ အာဖဂန်နဲ့ အီရတ်တို့မှာ အမေရိကန် စစ်သား အတော်များများ ရခဲ့ဖူးတဲ့ ဒဏ်ရာမျိုးတွေကို ဂါဇာက ပါလက်စတိုင်း အရပ်သားတွေမှာ တွေ့လာရတယ်လို့ BMJက ဆိုပါတယ်။
လက်နက်ကိုင် တပ်ဖွဲ့တွေ အချင်းချင်း ပြင်းပြင်းထန်ထန် ပစ်ခတ်ရင်း ရလေ့ရှိတဲ့ ဒဏ်ရာမျိုးတွေကို ဂါဇာက အရပ်သားတွေ ကြုံတွေ့နေတာဖြစ်ပြီး တချို့ အခြေအနေတွေက စစ်သားတွေ ကြုံရတဲ့ ဒဏ်ရာတွေထက်တောင် ပိုဆိုးနေတတ်တယ်လို့ အဲဒီဂျာနယ်ရဲ့ သုတေသန စစ်တမ်းမှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement
၂၀၂၄ ခုနှစ်၊ ဩဂုတ်လကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဂါဇာမှာ စစ်ဒဏ်ကြောင့် အရပ်သားတွေ ရရှိခဲ့တဲ့ ဒဏ်ရာတွေကို သရုပ်ခွဲ လေ့လာခဲ့ပြီးတဲ့နောက် အခု တွေ့ရှိချက်ကို BMJက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်တမ်းမှာ ပါဝင်လေ့လာခဲ့သူ ဇီဝကျင့်ဝတ် သုတေသီ ဘီလယ်လ် အာဖန်က ဒီစစ်တမ်းကို ပြုစုရာမှာ ဆေးရုံတွေမှာ တက်ရောက်ကုသမှု ခံယူပြီး အသက်ရှင်ခဲ့တဲ့ လူနာတွေရဲ့ အချက်အလက်တွေကိုပဲ အခြေခံထားတယ်လို့ ပြောပြပါတယ်။ တစ်နည်းအားဖြင့် အသက်သေဆုံးတဲ့ထိ ပြင်းထန်ခဲ့တဲ့ ဒဏ်ရာ ရရှိမှုတွေ၊ ဆေးကုသမှု မခံရဘဲ သေဆုံးသွားတဲ့ ဒဏ်ရာရရှိမှုတွေကိုတော့ ထည့်တွက်မထားပါဘူး။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က စတင် ဖြစ်ပွားခဲ့တဲ့ ဂါဇာ စစ်ပွဲကြောင့် အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်း ၆၅၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၆၀၀၀၀ ကျော် ဒဏ်ရာတွေ ရခဲ့ကြပါတယ်။
ဂါဇာမှာ အရပ်သားတွေ ထိခိုက်သေကြေမှုတွေ မြင့်မားနေတာနဲ့ ပတ်သက်လို့ အစ္စရေးအပေါ် နိုင်ငံတကာ ဖိအားပေးမှုတွေ ပြင်းထန်နေခဲ့ပြီး အရပ်သားတွေဟာ စစ်သားတွေ ရတဲ့ ဒဏ်ရာမျိုးတွေ ရနေတယ်ဆိုတဲ့ တွေ့ရှိချက် အသစ်က အဲဒီ ဖိအားတွေကို ပိုပြီး တိုးလာစေဖွယ် ရှိနေပါတယ်။
စစ်တမ်းအရ ဂါဇာမှာ အရပ်သားတွေ ရခဲ့တဲ့ ဒဏ်ရာတွေရဲ့ ၁၈ ရာခိုင်နှုန်းဟာ မီးလောင်ခံရတာဖြစ်ပြီး သုံးပုံနှစ်ပုံလောက်က ပေါက်ကွဲမှုတွေကြောင့် ဖြစ်ခဲ့ရတာပါ။ မီးလောင်ဒဏ်ရာတွေက ပြင်းထန်လေ့ရှိသလို ခံစားရတဲ့ လူနာတွေထဲမှာ ကလေးတွေလည်း အများအပြား ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ကိုးကား: Guardian




















































