ဒိန်းမတ်နယ်မြေ တစ်ခုဖြစ်တဲ့ ဂရင်းလန်အတွက် အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် ခန့်အပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန် သံအမတ်ကြီး ဒိန်းမတ်က ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခန့်အပ်တဲ့ အဲဒီ ဂရင်းလန်ဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း ရာထူး လက်ခံပြီးပြီးချင်းမှာပဲ ဂရင်းလန်ကို အမေရိကန် ပိုင်နက်ဖြစ်လာအောင် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်ဟာ ဇန်နဝါရီလတုန်းက အိမ်ဖြူတော်ဆီ တကျော့ပြန် ရောက်ရှိလာချိန် ကတည်းက ဒိန်းမတ် နယ်မြေ တစ်ခုဖြစ်တဲ့ ဂရင်းလန်ကို အမေရိကန် ပိုင်နက်ထဲ သိမ်းသွင်းဖို့ လက်တွေ့ အားထုတ်သွားမယ်လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးပါတယ်။ သဘာဝ တွင်းထွက် အရင်းအမြစ်တွေ ကြွယ်ဝပြီး စစ်ရေးမဟာဗျူဟာအရ အချက်အခြာကျတဲ့ အာတိတ် သမုဒ္ဒရာထဲက ကျွန်းကြီးကို အမေရိကန်က ထိန်းချုပ်ထားဖို့ လိုအပ်တယ်လို့လည်း ထရမ့်က ပြောပါတယ်။
ဒီဇင်ဘာ ၂၁ ရက်နေ့မှာတော့ ထရမ့်ဟာ လူဝီစီးယားနား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီကို ဂရင်းလန်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ လန်ဒရီကလည်း သူဟာ ထရမ့်ရဲ့ ဂရင်းလန်ကျွန်း သိမ်းယူရေး မျှော်မှန်းချက် လက်တွေ့ဖြစ်လာအောင် ကူညီမယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement
ဒီဇင်ဘာ ၂၂ ရက်နေ့မှာတော့ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး လားစ်လော့ကီ ရက်စ်မန်ဆန်က လန်ဒရီကို ဂရင်းလန်ဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်တဲ့ ထရမ့်ရဲ့ လုပ်ရပ်အပေါ် အကြီးအကျယ် ဒေါသထွက်မိကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးတော့ အမေရိကန် အနေနဲ့ ဒိန်းမတ်ရဲ့ အချုပ်အခြာအာဏာ ပိုင်နက်အပေါ် လေးစားဖို့ လိုတယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။ နာရီပိုင်း အကြာမှာ ဥရောပ သမဂ္ဂ (EU)ကလည်း ဒိန်းမတ်နဲ့အတူ ရပ်တည်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
သူကိုယ်တိုင် ထူထောင်ထားတဲ့ လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ထရမ့်က လန်ဒရီဟာ ဂရင်းလန် အနေနဲ့ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေး ကဏ္ဍအတွက် ဘယ်လောက် အရေးပါသလဲ ဆိုတာကို ကောင်းကောင်းသိကြောင်း ရေးသားထားခဲ့ပါတယ်။
ဂရင်းလန်ကိုသာ ရခဲ့မယ်ဆိုရင် အမေရိကန် မဟာမိတ်တွေနဲ့ ကမ္ဘာကြီးရဲ့ လုံခြုံရေး၊ ဘေးကင်းမှုနဲ့ ရှင်သန်ရပ်တည်ရေးတွေမှာပါ အထူးကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရရှိလာစေလိမ့်မယ်လို့လည်း ထရမ့်က ဆိုပါတယ်။
လန်ဒရီကလည်း ဂရင်းလန်ကို အမေရိကန်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လာအောင် အားထုတ်မယ့် အစီအစဉ်မှာ ဆန္ဒအလျောက် ထရမ့်အတွက် ကူညီ အမှုထမ်းပေးခွင့်ရလို့ အရမ်းဂုဏ်ယူပါတယ်ဆိုပြီး လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
လန်ဒရီကို ရာထူးခန့်အပ်မှုနဲ့ လန်ဒရီရဲ့ စကားတွေက လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ ဒိန်းမတ် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်မန်ဆန်က ပြောကြားခဲ့သလို နောက်ပိုင်းမှာ ဒိန်းမတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကိုပါ တိုက်ရိုက် ဆင့်ခေါ်ပြီး ဖြေရှင်းချက် တောင်းခဲ့တာ ဖြစ်ပါတယ်။
ဂရင်းလန် ဝန်ကြီးချုပ် ဂျန်းဖရက်ဒရစ် နီးလ်ဆန်နဲ့ ဒိန်းမတ် ဝန်ကြီးချုပ် မတ်တေး ဖရက်ဒရစ်ဆန်တို့ကလည်း ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ နိုင်ငံတစ်ခုရဲ့ ပိုင်နက်ကို စိတ်တိုင်းကျ သိမ်းသွင်းပိုင်ခွင့် မရှိကြောင်း၊ ဂရင်းလန်ရဲ့ အချုပ်အခြာ အာဏာပိုင် ရပ်တည်မှုကို လေးစားမှု ထားပေးကြဖို့ မျှော်လင့်ကြောင်း ဖော်ပြထားခဲ့ပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – EPA

















































