ဗင်နီဇွဲလားနဲ့ စစ်ဖြစ်မှာလားဆိုတဲ့ မေးခွန်းကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မတင်မကျဘဲ ပြန်ဖြေသွားခဲ့ပါတယ်။
NBC သတင်းဌာနက ထရမ့်နဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က အင်တာဗျူးတစ်ခု လုပ်ခဲ့ရာ ဗင်နီဇွဲလားနဲ့ စစ်ဖြစ်နိုင်ခြေကို မေးမြန်းခဲ့တာပါ။ ထရမ့်က အဲဒီဖြစ်နိုင်ခြေကို သူ့အနေနဲ့ ယတိပြတ် ငြင်းပယ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
သူ့အနေနဲ့ ဗင်နီဇွဲလားမှာ သမ္မတ နစ်ကိုလက်စ် မာဒူရို ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချပစ်ချင်နေသလားဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်က တိုက်ရိုက်ဖြေဆိုဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ အစောပိုင်းတုန်းက အင်တာဗျူး တစ်ခုမှာတော့ ထရမ့်က မာဒူရိုအတွက် နေ့ရက်တွေ များများ မကျန်တော့ကြောင်း၊ သူဘာလိုချင်တယ် ဆိုတာကို မာဒူရိုကလည်း အားလုံးထက်ပိုပြီး သိကြောင်း မှတ်ချက်ပေးခဲ့ဖူးပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုက ဗင်နီဇွဲလားရဲ့ ရေနံထုတ်ကုန်တွေ သယ်ယူပို့ဆောင်မှုကို တင်းကျပ် ပိတ်ပင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement
ဗင်နီဇွဲလား အစိုးရက လက်ရှိ ကျင့်သုံးနေတဲ့ မူဝါဒတွေဟာ အမေရိကန်အတွက် သည်းခံနိုင်စရာ မရှိဘူးလို့လည်း ရူဘီရိုက ဆိုပါတယ်။ ဒီတော့ အမေရိကန်ရဲ့ ရည်ရွယ်ချက်က လက်ရှိ အရွေ့တွေကို ပြောင်းပစ်ဖို့ ဖြစ်ကြောင်း၊ သမ္မတ ထရမ့်ကလည်း လုပ်သင့်တာတွေကို လုပ်နေကြောင်း ရူဘီရိုက ဆက်ပြောပါတယ်။
ထရမ့်က အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ ရေနံတင်ပို့မှုတွေကို ပိတ်ပင်ဖို့ စီစဉ်နေကြောင်း အတည်ပြုထားသလို သူ့ရဲ့ အနီးကပ် အကြံပေး ပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ စတီဖန် မီလာကလည်း ဗင်နီဇွဲလား ရေနံလုပ်ငန်းတွေဟာ အမေရိကန် စတင် အခြေတည်ပေးခဲ့ပေမယ့် ပြည်သူပိုင် သိမ်းယူခြင်း ခံလိုက်ရတဲ့အတွက် တကယ်တမ်းမှာ အမေရိကန်သာ ပိုင်ဆိုင်သင့်ကြောင်း မှတ်ချက်ပေးခဲ့ဖူးပါတယ်။
ဗင်နီဇွဲလားဟာ ကမ္ဘာပေါ်မှာ ရေနံသိုက်တွေ အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ရေနံတင်ပို့ရောင်းချမှုက ရရှိတဲ့ ဝင်ငွေဟာ ဗင်နီဇွဲလားအတွက် အထူးအရေးပါသလို ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ ကျူးဘားဟာလည်း ဗင်နီဇွဲလားရဲ့ ရေနံကို မှီခိုနေရပါတယ်။ ဒါကြောင့် ဗင်နီဇွဲလားရဲ့ ရေနံတင် သင်္ဘောတွေ လုံလုံခြုံခြုံ လှုပ်ရှားနိုင်ရေးဟာ မာဒူရိုရဲ့ အစိုးရအတွက် အရမ်းအရေးကြီးပါတယ်။ ဒီဇင်ဘာ လလယ်လောက်တုန်းက အမေရိကန် မရိန်းတပ်တွေဟာ ဗင်နီဇွဲလား ကမ်းလွန်မှာ ရှိနေတဲ့ ရေနံတင် သင်္ဘောတစ်စီးပေါ်ကို တက်ရောက်ပြီး စီးနင်း ထိန်းချုပ်ခဲ့ပါသေးတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့မှာတော့ အမေရိကန် အစိုးရဟာ ဗင်နီဇွဲလားအပေါ် နောက်ထပ် ဖိအားပေးမှုအဖြစ် မာဒူရိုနဲ့ နီးစပ်မှုရှိတဲ့ နောက်ထပ် မိသားစုတွေနဲ့ အဖွဲ့အစည်းတချို့ကို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ် ကြေညာခဲ့ကြောင်း သိရပါတယ်။
ကိုးကား: AFP
















































